Wednesday 5 October 2011

“ဆောင်းတစ်နေ့ရဲ့ မှတ်တမ်း”

ချင်းမိုင်မြို့ရဲ့ ဒီဆောင်းတစ်နေ့က အေးလွန်းတာ လွန်လွန်းတယ်။ 
အိပ်ရာဝင် နောက်ကျတဲ့အတွက် မနက် ၈ နာရီခွဲမှ အိပ်ရာထဖြစ်တယ်။
ထလျင်ထချင်း ခေါင်းရင်းပြတင်းကို ဖွင့်ကြည့်ဖြစ်တယ်။ 
အား…“မူလအနေအားဖြင့် အပြာရောင် ကောင်းကင်လေးက ဒီနေ့တော့ မှောင်မဲနေပါလား” ။

(ကျန်တော် ငယ်ငယ်ကတည်းက မနက်၊ ညနေ သဘာဝရဲ့ အလှအပတွေကို ခံစားတတ်ခဲ့လို့ ကျန်တော် နိုးလျင်ပဲ သဘာဝကို ကြည့်မိတာပါ။ )

အယ်…“ကောင်းကင်ကြီးက မှောင်မဲ အုံဆိုင်းနေတယ်။ 
သူ့မျက်နှာပြင် တစ်ခုလုံးမှာလည်း မြူနှင်းရိပ်တွေက မျက်ရည် အလား ပြည့်နှက်နေပါလား။ ငိုများနေသလားကွယ်။
ဘယ်လို အကြောင်းကြောင်းပါလဲ။” ကျန်တော်သိချင်လာတယ်။ 
သိချင်လို့ ဘာလုပ်ရင် ကောင်းမလဲလို့ စဉ်းစားနေရင်း ကျန်တော့လက်က လက်ကိုင်ဖုန်းကို ကောက်ကိုင်လျက်သား ဖြစ်နေမိတယ်။

၁။ ဒါနဲ့ ကျနော် …မိုးလေဝသနဲ့ ဇလဗေဒ ရုံးမှ အထွေထွေ တာဝန်ခံအရာရှိ Mr.Richard ကို ဖုန်းဆက်မေးလိုက်တယ်။
…..ကလင်..ကလင်…“ ဟလို အမိန့်ရှိပါ။ ကျန်တော် Richard ပါ”။ Mr.Richard က ဖြေတယ်။ 
ကျန်တော်က ဟုတ်ကဲ့ “ ဒီနေ့ ထုတ်ပြန်တဲ့ မိုးလေဝသ အခြေနေကို သိချင်လို့ပါ” လို့ မေးတော့ သူ့က “ ရာသီဥတု မကောင်းလို့ မိုးလေဝသ တိုင်းကိရိယာလည်း ချွတ်ယွင်းနေကြောင်းနဲ့ အမှန်ကို သိချင်ရင် “ ကောင်းကင် နတ်သ္မီးလေးဆီ ဖုန်းဆက် မေးဖို့ ” စိတ်မကောင်းစွာနဲ့ အကြံပြု ပြောဆိုတယ်။

၂။ ကျန်တော် “ကောင်းကင် နတ်သ္မီးလေးဆီ ဖုန်းဆက် ရတာပေါ့” ။
ကျန်တော် ချက်ချင်းဖုန်းနံပါတ် (၀၀၀၀၀၀၀၀၀၀၀၀၀၀၀) ကိုနှိပ်လိုက်တယ်။ 
ကလင် ကလင်..ကလင်…ဟော ဖုန်းဝင်ပြီ။ “ ဟုတ်ကဲ့ အမိန့်ရှိပါရှင့် ကျမ ကောင်းကင်ပါ” ဆိုပြီး ကောင်းကင်လေးက ပျားရည်လူးထားတဲ့ အသံလေးနဲ့ အယာဉ်ကျေးဆုံး စကားလုံးကို သုံးကာ ပြန်ပြောတယ်။
ဟုတ်ကဲ့ ကျန်တော်က (………) ပါဆိုပြီး မိတ်ဆက်ရင်း သိချင်တာကို မေးဖြစ်ခဲ့တယ်။

“ကောင်းကင်ရေ မင်းမျက်နှာပြင် မှောင်မဲနေပါလား။
မျက်ရည်တွေနဲ့ ပြည့်နေသလား ထင်ရတယ်”။ 
“ ကောင်းကင် ဘာဖြစ်နေတာလဲ ။ ငိုနေတာလား။ 
ဘာဖြစ်လို့လဲ။ ဘာဖြစ်တာလဲ။
” စိုးရိမ်စွာနဲ့ ကျန်တော့မေးခွန်းတွေ အဆက်မပြတ် စီဆင်းခဲ့တယ်။
စကားပြောနေရင်းနဲ့ ကောင်ကင်လေး ထံမှ “ တရှုပ်ရှုပ် အသံထွက်ပေါ်လာတယ်” အား …“ ကောင်းကင်လေး မင်း တကယ်ငိုနေတယ်ပေါ့နော်။
” ပြောစမ်း ဘာဖြစ်တာလဲ လို့ ကျန်တော် ထပ်မေးတော့ “ ဟုတ်ကဲ့ “ ကျမ တိတ်တိတ်လေးပဲ ငိုနေတာပါတဲ့” ဘာဖြစ်လို့လည်းဆိုတော့ “ ကိုနေမင်း မလာနိုင်လို့တဲ့ ”လေ ။

၃။ ဒါနဲ့ ကျန်တော် နေမင်းဆီကို ဖုန်ုးထပ်ဆက်ရပြန်တယ်။ 
ကလင်..ကလင်..ကလင်..“ ဟုတ်ကဲ့ အမိန့်ရှိပါ။
နေမင်း စကားပြောနေပါတယ်” ကိုနေမင်း ဖြေတယ်။ ကျန်တော်က“ ကိုနေမင်းရေ… ကောင်းကင် မျက်နှာမကောင်းဘူးဗျာ။
သူအခု ငိုနေတယ်။
အဲဒါ ခဗျား မလာလို့ဆို ” လို့ပြောပြီး မေးလိုက်တယ်။ 
နေမင်းက “ ကျန်တော် လာပါတယ်ဗျာ။ 
ဒါပေသိ မြူနှင်းတွေက တဝေဝေနဲ့ ကာဆီးကာဆီး လုပ်နေလို့ ကျန်တော့ကို မမြင်ရတာပါ” အဲဒါ ကျန်တော့ အပြစ်မဟုတ်ပါဘူး။ မြူနှင်းတွေ လုပ်တာပါ။
လို့ ထပ်ပြောပြန်တယ်။

၎။ ဒါဆို ကျန်တော် “ မြူနှင်းတွေဆီကို ဖုန်းဆက်မေးရမှာပေါ့” ဆိုပြီး ဖုန်းနံပါတ်ကို ကိုနေမင်းဆီက ချက်ချင်းတောင်းပြီး ဆက်လိုက်တယ်။ 
ကလင်…ကလင်..ကလင်…“ ဟုတ်ကဲ့ အမိန့်ရှိပါရှင့် ကျမ မနှင်းပါ ” ဆြိုပီး မြူနှင်းတွေထဲက ခေါင်းဆောင်လို့ ထင်ရတဲ့ မနှင်းလေးက ဖုန်းကိုင်တယ်။ 
ကျန်တော်လည်း “ အော် ဟုတ်ကဲ့ ကျန်တော် ( ……) ပါ။
မေးစရာလေး ရှိလို့ပါဆိုပြီး ..

“ မနှင်းရေ… မ ကောင်းကင်လေးက ပြိုတော့မလို ငိုယိုယိုနဲ့အုံးဆိုင်းနေပါတယ်။ 
အဲဒါ ဘာလို့လည်းလို့ မေးကြည့်တော့ ကိုနေမင်း မလာလို့ ပါလို့ပြော ပါတယ်။ 
နေမင်းဆီကို ဖုန်းဆက်မေးတော့ သူလာပါတယ်။
ဒါပေသိ မနှင်း အပါဝင် မြူနှင်းတွေက တဝေဝေနဲ့ ကာဆီးထားလို့ လို ပြောပါတယ်။ 
” အဲဒါ “ မနှင်းတို အုပ်စု ဘာလို့ လာရတာလဲဗျာ” လို့ မေးတော့ “ နှင်းတို့အုပ်စုက ကိုဆောင်း ခိုင်းတဲ့အတိုင်း လုပ်ပေးရတာပါရှင်” ကျမတို့ကို ပြောမယ်ဆိုရင် ကိုဆောင်းကိုပဲ ပြောပါဆိုပြီး ကိုဆောင်း ဖုန်းနံကိုပေးပြီး ဖုန်းချသွားတယ်။

၅။ နောက်ဆုံး ကျန်တော် ကိုဆောင်းဆီ ဖုန်းဆက်ရတာပေါ့။
ကလင်..ကလင်…“ ဟလို ကျန်တော် ဆောင်းပါ ပြောပါ” ဆိုပြီး အသံခပ်တင်းတင်းနဲ့ ကိုဆောင်း ဖုန်းကိုင်တယ်။ 
ကျန်တော်စိတ်ထဲမှာ “ အင်း ကိုဆောင်းကတော့ တင်းတင်းပဲ” အတော် ထန်မဲ့ပုံပဲလို့တောင် ခဏတွေးဖြစ်သေးတယ်။ ဒါနဲ့ သိချင်တာကို မေးတာပေါ့။ 
ဟုတ်ကဲ့ ကိုဆောင်းရေ…ကျန်တော်က ( ….) ပါဆိုပြီး မိတ်ဆက်တယ်။

ပြီးတော့…ကျန်တော် သိချင်တာလည်း မေးပါရစေနော် ဆိုပြီး…… “ ကျန်တော် ပထမ ကောင်းကင်လေး ငိုမလိုလို ဖြစ်နေတာကိုမြင်လို့ မိုးလေဝသနဲ့ ဇလဗေဒ တာဝန်ခံကို ဖုန်းဆက်ပါတယ်။ 
သူက သူတို့မှာ စက်ချွန်ယွင်းနေလို့ သိချင်ရင်ကောင်းကင်းလေးကို ဖုန်းဆက်မေးဖို့ ပြောပါတယ်။

ဒုတိယ ကျန်တော် ကောင်းကင်လေးကို ဖုန်းဆက်တယ်။ 
ကောင်းကင်လေးက ကိုနေမင်း မလာလို့ ကျမ ငိုမလိုလို ဖြစ်နေတာပါ လို့ ပြောပါတယ်။ 
တတိယ ကျန်တော် နေမင်းဆီကို ဖုန်းဆက်ပါတယ်။
ကိုနေမင်းက သူလာပါကြောင်း ၊ ဒါပေသိ မြူနှင်းတို့ အုပ်စုက တဝေဝေနဲ့ ကာဆီးထားလို့ ဖြစ်ကြောင်း ပြောတယ်။

စတုတ္ထ ကျန်တော် မြူနှင်းတို့ အုပ်စုကို ဖုန်းဆက်မေးတော့ မနှင်းလေး ဖုန်းကိုင် ပြောတာက သူတို့ကို ကိုဆောင်းက စေလွတ်တာ ဖြစ်ကြောင်း၊ မေးစရာ ၊ ပြောစရာ ရှိရင် ကိုဆောင်းကိုပဲ မေးပါ၊ ပြောပါဆိုလို့ အခုကျန်တော် ကိုဆောင်းကို ဖုန်းဆက်တာပါလို့” ဖြစ်ပျက် အစုံကို ပြောပြလိုက်တယ်။

“ ဟုတ်တယ် ဒါဆို ခဗျား ဘာဖြစ်ချင်လဲ” လို့ ခပ်တင်းတင်းပြောတယ်။ 
ကျန်တ်ေလည်း “ဟုတ်ကဲ့ ကိုဆောင်း…ကျန်တော်က မနက်တိုင်း ကြယ်လင် ပြတ်သားလှတဲ့ ကောင်းကင်လေးရဲ့ အပြာရောင် မျက်နှာလေးကို ကြည့်ချင်တယ်။ ကြည့်ရတာကို ချစ်တယ်။
ကြည်လင်တဲ့ ကောင်းကင်လေးရဲ့ မျက်နှာပေါ်မှာ ငှက်ကလေးတွေ တေးဆိုရင်း ပျံသန်းနေတာကို မြင်ချင်တယ်။ 
နွေးထွေးမူနဲ့ အားအင်တွေကို မွေးဖွားပေးတဲ့ ကိုနေမင်းရဲ့ ထွက်သစ်စ အရောင်ကို ခံစားချင်တယ်။ မြင်ချင်တယ်။ ”

“အခုတော့ ကိုဆောင်းက မနှင်း ဦးဆောင်တဲ့ မြူနှင်းတို့ အုပ်စုကို လွတ်ပေးထားတယ်။ အဲဒါကြောင့် ကျန်တော့ ကောင်းကင်လေး မျက်နှာနဲ့ ကိုနေမင်းရဲ့ ထွက်သစ်စ အရောင်လေးကို မမြင်ရဘူး။ ”

“မနှင်းတို့ အုပ်စုက ဗိုလ်ကျ ခြေလှည်နေလို့ ကျန်တော် သိပ်အေးနေရပါတယ်။ 
အဲဒါကြောင်း ကိုဆောင်းရေ…ခဗျား ကျန်တော့ကို ကူညီတဲ့ အနေနဲ့ မနှင်းဥိီးဆောင်တဲ့ မြူနှင်းတို့ အဖွဲ့ကို ပြန်ခေါ်ပေးပါလားဗျာ” လို့ ကျန်တော်က အသနားခံ တောင်းပန်တယ်။

ဒါပေသိ ကိုဆောင်း ပြောလိုက်တာက “ ဒီမှာ ကို (….) ခဗျား သိထားဖို့က ဒီအချိန်ဟာ ကျန်တော် ပိုင်တဲ့အချိန်။
ကျန်တော့ကို အလှည့်ကျ တာဝန်ပေးထားတဲ့ အချိန်။ 
လုပ်ချင်ရာ လုပ်ဖို့ အာဏာ အားလုံးကို ပုံပေးတဲ့အချိန်။ 
ချင်းချင်းပြောမယ်ဗျာ…ဒီအချိန်ဟာကျန်တော် အာဏာရှိတဲ့အချိန်ဗျာ။ 
ကျန်တော် လုပ်ချင်ရာကို လုပ်မယ်။ ”

“ကျန်တော် အာဏာမရှိတဲ့ အချိန်မှာလည်း အာဏာရှိတဲ့ ကိုမိုးတို့၊ ကိုနွေတို့က သူတို့လုပ်ချင်ရာကို လုပ်သွားကြတာပဲ။ 
ကျန်တော်တို့ ခံရတာပဲလေ။
” “ ဒီမှာ (…..) ခဗျား မှတ်ထားသင့်တာက အာဏာဆိုတာ အချိန်တိုင်း မရနိုင်သလို့ ၊ ပါဝါဆိုတာလည်း အချိန်တိုင်းမှာ လူတိုင်းကို သုံးလို့ရတာမဟုတ်ဘူး။ 
အာဏာရှိနေတုန်း ပါဝါကို သုံးရတာ။
ခဗျား မြဲမြဲ မှတ်ထားပါ။ ” တဲ့။

နောက်ဆုံး ကျန်တော် ခဗျားကို သနားတဲ့ အနေနဲ့ မှာထားချင်တာက “ အခွင့်၊ အာဏာ၊ ပါဝါဆိုတာ အမြဲတမ်း ရရှိနိုင်တာ မဟုတ်တဲအတွက် ရရှိတုန်း လုပ်ချင်တာကို လုပ်မယ်။ 
အဲ..ခဗျားတို့ ပြင်ဆင်ထားသင့်တာက ကျန်တို့ အာဏာသားတွေကို ရင်ဆိုင်တွေ့ဆုံဖို့ ဘာလိုအပ်သလဲ။ 
(ငွေလား အဲ မဟုတ်ပါဘူး မှားသွားလို့)။ 
အနွေးထည်လား။ စောင်လား။
ခြေစွပ်လား။ လက်စွပ်လား။ ခေါင်းစွပ်လား။
အဲဒါကိုပဲ ပြင်ထားပါ။ ဆင်ထားပါ။ ” ဆိုပြီး အာဏာသားပီပီ ဖုန်းကို ဝုန်းဒိုင်း မြေအောင် ချသွားပါတယ်။ ( အဲဒါ ကိုဆောင်း ပြောတာနော်)။

သြော် ဘုရားရေ……အာဏာရူးနေလိုက်ပုံများနော်။ 
အဲ …ဆောင်းရာသီဖြစ်တဲ့ ကိုဆောင်းကို ပြောတာပါ။ 
လူတွေကို မပြောပါဘူး။ 
အာဏာသား ကိုဆောင်းက သူ့အာဏာရှိတုန်း ပါဝါတွေနဲ့ သူပိုင်တဲ့ မြူနှင်းတို့ အုပ်စု အပါအဝင် မြူနှင်းတိုကို လက်နက် ခဲယန်းသဖွယ် ထောက်ပံပေးတဲ့ ကိုလေညင်းကိုတောင် လွှတ်လိုက်ပါသေးတယ်။

အင်းလေ..…ကိုဆောင်းက သူ့ အာဏာကို အကုန်သုံးနေမှတော့ ကျန်တော် ဘာတတ်နိုင်မလဲလေ။ နောက်ဆုံး သူတို့ကို ရင်ဆိုင်ဖို့ အခန်းတံခါးကို အလုံပိတ်၊ အနွေးထည်ဝတ်၊ ခေါင်းစွပ်၊ လက်စွပ်၊ ခြေစွပ်၊ စွပ်ပြီး ကျန်တော်ရဲ့ ဆောင်းတစ်နေ့ကို အခန်းထဲမှာပဲ တိတ်ဆိတ်စွာ ရင်ဆိုင်လိုက်ပါကြောင်း မှတ်တမ်း တင်အပ်ပါတယ်။

အားလုံးကို လေးစားလျက်…

တော်ဝင်ထွန်း

၂၂.၁၁.၂၀၀၉

တော်ဝင်ထွန်းဆိုဒ်မှ ကူယူထားပါသည်။

No comments:

Post a Comment