Wednesday 5 October 2011

“ကျေးဇူးတရား”

“ ကျေးဇူးတရား” ဆိုသည်ကို ကျန်တော်တို့ အားလုံး ကြားဖူး၊ သိဖူး၊ ဖတ်ဖူး၊ မှတ်ဖူး ကြမယ်ထင်ပါသည်။ သို့သော် တစ်ခါခါမှာ ကျေးဇူးတရားဆိုသည်ကို သိဖို့ ခက်ခဲ့ပါသည်။ 
သိသော်လည်း ထုတ်ဖော်ဖွင့်ဟ ဝန်ခံ ပြောပြဖို့ ပိုခက်ခဲ့ပါသည်။ 
ထုတ်ဖော်ဖွင့်ဟ ဝန်ခံ ပြောပြသိတိုင်အောင် လက်တွေ့ ကျင့်ကြံဖို့ကား အလွန်ခက်ခဲ့သည်ဟု ထင်မိပါသည်။

“တစ်လုပ်စားဖူး သူ့ကျေးဇူး” တဲ့။ 
ငယ်ငယ်ကတည်းက ကြားဖူးသည့် သည်စကားတစ်ခွန်း။
ထမင်းတစ်နပ်၊ ရေခွက်၊ ကွမ်းတစ်ယာ၊ ဆေးတစ်လိပ်က အစ၊ စကားတစ်ခွန်း၊ အကြံကောင်းတစ်ခု၊ စသည်ဖြင့် ပေးကမ်း ကူညီဖူးသူသည်ပင်လျင် ကျေးဇူးရှင် ဖြစ်ကြောင်း သိမှတ်သင့်သည်ဟု ဆရာ အဆက်ဆက် မှားစကားများကိုလည်း ကြားယောင်မိပါ၏။ 
နောက်ဆုံး “တစ်ခဏတာမျှ အရိပ် ခိုနားခွင့်ရသော သစ်ပင်သည်ပင်လျှင် ကျေးဇူးရှိသည်” ဟုလည်း မှတ်သားဖူးပါသည်။

ဤသို့ဆိုလျင် “ကျေးဇူးရှင်တွေ” က ဘဝတစ်ခုကို နည်းလမ်းမျိုးဖြင့် နေရာမျိုးစုံ၊ ပတ်ဝန်းကျင်မျိုးစုံမှာ ကျင်လည် ဖြတ်သန်းနေရတဲ့ ကျန်တော်တို့မှာ မရေမတွက်နိုင်အောင် များပြားနေမှာ သေချာပါသည်။ သို့သော် လူသားဖြစ်သော ကျန်တော်တို့သည် မတူညီတဲ့ နေရာ၊ မိသားစု၊ ပတ်ဝန်းကျင်မှ ပေါက်ဖွား၊ ကြီးပြင်း၊ ကျင်လည်နေကြရသည့် အလျှောက် ဘဝကို ဖြစ်သန်းရာဝယ် အသွင်သဏ္ဍာန်အားဖြင့် မတူညီနိုင်သည့်အတွက် “ကျေးဇူးပြုပေးသူနှင့် ကျေးဇူးပြုခံရသူ၊ ကျေးဇူးပြုပုံချင်း” ကွာခြားနေမည်သာ ဖြစ်ပါသည်။

မတူညီတဲ့ ပတ်ဝန်းကျင်နှင့် နေရာမျိုးစုံမှာ ကျင်လည်ဖူး ၊ ကျင်လည်ဆဲ ဖြစ်သော ကျန်တော့်ဘဝမှာကား “ကျေးဇူးရှင်” တွေ မရေတွက်နိုင်အောင် များပြားလွန်းလှပါသည်။ 
ပထမအနေဖြင့် ကျန်တော့်ကို အသက် ၁၇ နှစ်အထိ ကျွေးမွေး၊ ပြုစု၊ ထောက်ပံပေးလိုက်သော ကျန်တော် သိပ်ချစ်ရသော မိဘနှစ်ပါး၊ မိဘသဖွယ် ကူညီ၊ ထောက်ပံပေးခဲ့ကြသော ပုဂ္ဂိုလ်များဖြစ်ပါသည်။
ဒုတိယ အနေဖြင့်ကား ကျန်တော်၏ သူငယ်တန်းပြ ဆရာမ ဒေါ်ခင်ညွန့်ရီနှင့် (မသေချာတော့ပါ) ပညာမျိုးစုံ၊ အသိပညာ၊ ဗဟုသုတမျိုးစုံကို နည်းလမ်းမျိုးစုံဖြင့် သွန်သင်ဆုံးမခဲ့၊ သွန်သင်ဆုံးမ ပေးနေဆဲ ဖြစ်ကြသော၊ လူမျိုးပေါင်းစုံ၊ ဘာသာမျိုးစုံက ကျန်တော့်၏ သင်၊ မြင်၊ ကြား ဆရာ၊ ဆရာမများ ဖြစ်ကြပါသည်။

တတိယအနေဖြင့် ကျန်တော့် လက်ရှိ အသက်အရွယ် နှစ်ဆယ်ကျော်အထိ ကျင်လည်ဖူးခဲ့၊ ကျင်လည်နေဆဲဖြစ်သော နိုင်ငံမျိုးစုံ၊ နေရာမျိုစုံ နှင့် ပတ်ဝန်းကျင် မျိုးစုံက၊ ကျန်တော့်ကို နည်းလမ်းမျိုးစုံဖြင့် ကူညီခဲ့ ၊ ကူညီပေးဆဲဖြစ်သော လူမျိုးပေါင်းစုံဖြစ်ပါသည်။
ကျန်တော့်ဘဝမှာကား ကျေးဇူးရှင်တွေ များလွန်းလှပါတကား..။ 
သို့သော် သူတစ်ပါးရဲ့ “ကျေးဇူးအထူးကို ဘယ်လောက်အထိသိပြီး၊ ဘယ်လောက်ထိ ပေးဆပ်ပြီးပြီလဲ၊ ဘယ်လောက်အထိ ပေးဆပ်သင့်သလဲ၊ ဘယ်လို ပေးဆပ်သင့်သလဲလို့” မေးလာရင်တော့ ကျန်တော့်အတွက် ရေငုံနုတ်ပိတ် တိတ်ဆိတ်နေရလိမ်မယ် ထင်ပါသည်။

အမှန်တစ်ခုကို ဝန်ခံရလျင်ကား ကျန်တော်သည် မိဘကျေးဇူးနဲ့ ဆရာ့ကျေးဇူးကို မမေ့သောအားဖြင့် နှစ်စဉ်နှစ်တိုင်း အဆင်ပြေလျင် ပြေသလို တတ်စွမ်းသမျ လှမ်းကန်တော့မြဲဖြစ်ပါသည်။
ထိုသို့ဆိုလျင် “တစ်ခြားလူတွေ၏ ကျေးဇူးတရားကိုကား ဘယ်လို့ တုန့်ပြန်သလဲ” လို့မေးစရာဖြစ်လာပါသည်။ သူတထူး၏ ပြုခဲ့ဖူးသော ကျေးဇူးတရားကိုကား အပြည့်အဝ ပြန်ပေးဆပ်ရန် မည်သည့်နည်းနှင့်မျှ မတတ်ကောင်းဟုထင်ပါသည်။ 
လက်ရှိအခြေအနေမှာလည်း ပြန်လည် ပေးဆပ်ရန် မတတ်ကောင်းသေးကြောင်း ဝန်ခံရမည် ဖြစ်ပါသည်။
သို့သော် ကျန်တော့် အမြင်မှာ “ကျေးဇူးတရား” ကို ပြန်လည်ပေးဆပ်ဖို့ မတတ်စွမ်းသည့်တိုင်အောင် “ကျေးဇူးမကန်းဖို့တော့ အထူးလိုအပ်မည်ဟု” အပြည့်အဝ ယုံကြည်ထားပါသည်။

“ကျေးဇူးရှင်အား ကျေးဇူးကန်းက ယခု တစ်သက် မကြီးပွား” ဟုလည်း ငယ်ငယ်တကည်းက မှတ်သားဖူးပါသည်။ 
အရွယ်ရောက်တော့ ဘုရားဟော ဇာတ်နိပါတ်တော်များအား လက်လှမ်းတစ်မှီ ဖတ်ကြည့်ဖြစ်ပါသည်။ 
ဇာတ် နိပါတ်များအဆိုအရ “ကျေးဇူးကန်းသောသူသည် ယခု ပစ္စုပ္ပန်ဘဝမှာ ဆင်းရဲ မွဲတည်နိုင်သည့်အပြင် တစ်ခြားဘဝတွေမှာလဲ မကောင်းသော ဘုံဌာန ဟု ခေါ်ဆိုအပ်သော ငရဲသို့ ကျရောက်တတ်ကြောင်း” ဖတ်ရှု့ရပါသည်။ 
သို့ဖြစ်သည့်အတွက် မိမိအား ကျေးဇူးပြုပေးခဲ့သူများ နှင့် ကျေးဇူးပြုပေးဆဲ ပုဂ္ဂုလ်များအား ကျေးဇူးကို ပြန်လည် မဆပ်နိုင်သည့်တိုင်အောင် ကျေးဇူးမကန်းဖို့ အတွက် အစဉ်သတိထား နေထိုင် ပြောဆိုရပါသည်။

တစ်ခြားတစ်ဖက်မှာ ကျန်တော်တို့ကိုယ်တိုင်သည်ပင်လျင် တစ်ခါခါ တစ်နည်းနည်းဖြင့် ကျေးဇူး ပြုပေးသူများ ဖြစ်နိုင်ပါသေးသည်။ 
ထိုအခါကား ကျန်တော်တို့ အနေဖြင့် “မည့်သည့်စိတ်နှင့် သူတစ်ပါးအား ကျေးဇူးပြုသင့်ပါသလဲ” ဟု မိမိကိုယ်ကို မေးကြည့်ဖူးပါသည်။ 
ကျန်တော့် အဖြေမှာကား “ ကျေးဇူးအပြုခံသူသည် နည်းနည်းအားဖြင့် မိမိဆီမှ တစ်ခုခုကို လုပ်အပ်နေသောသူဖြစ်သည် သို့မဟုတ် မိမိထက် တစ်ခုခု မပြည့်စုံသူများ ဖြစ်ကြောင်း” အဖြေရပါသည်။ 
အလုံးစုံ ပြီးပြည့်စုံသော လူသည် ဤလောက၌ မရှိသည်ကား အမှန်ပင် မဟုတ်ပါလား။ 
ထိုအခါတွင် ဘုရားဟော တရားတော်အရ မိမိအောက် ငယ်သော သူများအား သနားကြင်နာသော စိတ် (မုဒိတ) ဖြင့်သာ ကူညီးပေးကမ်းသင့်ကြောင်း လေ့လာရပါသည်။

သို့မဟုတ်ပါက သာမန်လောကလူသားတို့၏ နေ့စဉ်ဘဝတွင် ဖြစ်တတ်လေ့ရှိသော မလိုအပ်သည့် မျော်လင့်ချက်များနဲ့ တောင်းဆိုမူများလည်း တစ်ချိန်တည်းမှာ ပူးတွဲဖြစ်ပေါ်လာတတ်ပါသေးသည်။ ထိုပြဿနာများသည် တစ်ခါခါ ကျေးဇူးပြုပေးသူ၏ စိတ်သဘောထား မပြည့်မူကြောင်း သော်လည်း၊ ကျေးဇူးပြုခံသူ၏ မူမမှန်သော ကျေးဇူးကန်းမူကြောင်း သော်လည်း ဖြစ်လေ့ရှိပါသည်။ ဤသို့ဖြစ်လာလျင်ကား ကျေးဇူးပြုပေးသူနှင့် ကျေးဇူး အပြုခံရသူတို့အကြား ပြဿနာမျိုးစုံ ဖြစ်ပွားနိုင်ပါသည်။ 
၎င်း မမျှော်လင့်သော၊ အလိုလားအပ်သော ပြဿနာများ ဖြစ်လာလျင်ကား နှစ်ဦးနှစ်ဘက် အကျိုးနည်းကြရသည်သာ ဖြစ်ပါသည်။

အရာရာသည် ဖြစ်တတ်သည့်သဘောကို မကျော်လွန်နိုင်သည့် အတွက်လည်း ထို့သို့ပြဿနာများသည် မဖြစ်ချင်အဆုံး ဖြစ်ပွားလျက်ရှိသည်ကိုလည်း ကျေးဇူးပြုပေးသူ တော်တော်များ တွေ့ဖူး၊ ကြုံဖူး၊ ခံစားဖူးမည်ဟုထင်ပါသည်။ 
ဤသို့ တွေ့ဖူး၊ ကြုံဖူး၊ ခံစားဖူးသူများအထဲတွင် မိမိလည်း တစ်ယောက် အပါအဝင်ဖြစ်ပါသည်။ 
သို့သော် “ ဤလောက၌ လူသားတို့သည် ရယူခြင်းထက် ပေးဆပ်ခြင်းကို ပိုမို မြတ်နိုးသင့်သည်” ဟု ခံယူထားသော ကျန်တော့်စိတ်ထဲတွင်ကား မည့်သည့်ပြဿနာမျိုးနှင့်ပင် ကြုံတွေ့ရသည်ဖြစ်စေ တတ်စွမ်းသမျ ဆတက်တိုးပြီး နိုင်သည့်ဘက်မှ လိုအပ်သည်များကို ကျေးဇူးပြုပေးမည်ဟု ခံယူထားဆဲဖြစ်ပါသည်။

ယနေ့ ခေတ် တဟုန်းထိုး တိုးတက်ပြောင်းလဲလာသော ကမ္ဘာ့ရွာကြီးဟု တင်စားနေသော ဤလောက၌ ကျင်လည်နေသော လူသားတို့သည် တစ်တောင့်တစ်နေရာတွင် တွေ့ကြဆုံကြ၊ ဆက်ဆံကြမြဲမို့ တစ်ဦးနှင့်တစ်ဦး တစ်နည်းနည်းဖြင့် ကျေးဇူးပြုပေးသူများ၊ ကျေးဇူးအပြုခံရသူများ ဖြစ်နေကြရပါသည်။ သို့ဖြစ်သည်ကား “ကျေးဇူးတရား” ကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ ဖွင့်ဟ ပြောကြားသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ၊ ပြန်ပေးဆပ်သည်ဖြစ်စေ၊ မဆပ်သည်ဖြစ်စေ ဤကမ္ဘာလောကကြီး၌ “ကျေးဇူးတရား” သည်ကား အမြဲ တည်ရှိနေမည်သာဖြစ်ပါသည်။


မှတ်ချက်။ ။ ဤဆောင်းပါးဖြင့် ကျန်တော့်၏ အထူးကျေးဇူးရှင် မိဘများ ဖြစ်ကြသော ဦး ဦးထွန်းစိန်+ဒေါ်မေဖြူ အားလည်းကောင်း၊ ကျန်တော့်အား ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်၏ လူမူသိပ္ပံဌာန၌ ပထမအကြိမ်မြောက် “ခေါင်းဆောင်မူ တစ်လသင်တန်း” ကို scholaship ရအောင် တစ်လလုံးလုံး အတူနေရင်း ကူည်ီပေးခဲ့သော ဆရာ steffen (ဂျာမဏီ) အားလည်းကောင်း၊ ထိုင်းနိုင်ငံသို့ ဒုတိယအကြိမ် တစ်ခေါက်တွင် လက်ရှိတက်ရောက်နေသော တက္ကသိုလ်၌ ကျောင်းတက်ခွင့်ရအောင် အစစအရာရာ ကူညီ ကျောင်းသွင်းပေးသော Mr. Laurimg (Austrylia) အားလည်းကောင်း၊ ဒီဘလော့ဂ် ဖြစ်မြောက်အောင် စိတ်ရည်ရည်ဖြင့် အစစအရာရာ ကူညီပေးသော ညီငယ် Mr. Royal divide ( 2nd year, IBC, Thailand) (ဘလော့ဂ်ပေါင်းများစွာ ပိုင်ရှင်) အားလည်းကောင်း၊ တစ်ခြားသော တစ်ဒေါင့်တစ်နေရာက ကျေးဇူးပြုပေးသူများလည်းကောင်း အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။


တော်ဝင်ထွန်းဆိုဒ်မှ ကူယူထားပါသည်။

No comments:

Post a Comment