Wednesday 5 October 2011

“ ပတ်ဝန်းကျင်က ပြောတဲ့ ကျန်တော် စင်္ကာပူ နိုင်ငံသား”

ဒီဇင်ဘာလရဲ့ တစ်ခုသော နေ့က ကျန်တော်အား သူနဲ့ အတူ ပျော်ပါးဖို့ ခေါ်နေသလားလို့ ထင်မိစေခဲ့တယ်။ အဲဒီနေ့က ကောင်းကင်ကြီးကို မော့ကြည့်လိုက်တော့ အပြာရောင် ကောင်းကင်ကြီးက အဖြူရောင် သန်းလျက် ကျန်တော်အား မရဲတရဲ ပြုံးပြနေသယောင် မြင်မိခဲ့တယ်။

တိုက်ခတ်လာတဲ့ လေညင်းလေးက အဝေးမှ တစ်စုံတစ်ခုကို ဆွေးမြေ့လွမ်းစေသလို ရင်ထဲမှာ စူးနစ်စွာ ခံစားရတယ်။ 
အဆောင်အနီးတဝိုင်း ငှက်မျိုးစုံတို့၏ အဖော်တွေနဲ့ မြူကြွ တေးဆိုသံက မရေရာတဲ့ အတွေးတွေနဲ့ မသေချာတာကို လွမ်းနေမိတဲ့ ကျန်တော်အတွက် ပိုလွမ်းရအောင် အားပေး အားမြောက်နေခဲ့သလိုပါပဲ။

အခန်းထဲကို ပြန်ဝင်လာပြီး တက္ကသိုလ်က ဒုတိယနှစ်ဝက်တန်း အတွက် ပေးထားတဲ့ အချိန်ဇယားကို လှမ်းကြည့်မိလျက်သား ဖြစ်နေမိခဲ့တယ်။ 
ဒါနဲ့ အတန်းရှိတဲ့ ရက်တွေကို အသေအချာ ကြည့်လိုက်တော့….တနင်္ဂနွေ…တနင်္လလာ…အင်္ဂါ…ဗုဒ္ဓဟူး...

“ အင်း တွေ့ပြီ” ဆိုပြီး စိတ်ထဲမယ် တိတ်တိတ်လေး အော်ခဲ့လိုက်သေးတယ်။

“မနက်ဖြန် စနေနေ့..အတန်းမရှိဘူး။ ဆက်ကြည့်တော့ ထပ်မြင်လာတယ်”။
“ ကြာသားပတေးနေ့အထိ အတန်းမရှိဘူးတဲ့ ” အချိန်ဇယားက ရီသဲ့သဲ့အသံနဲ့ဝမ်းသာနေသလို အသွင်ဖြင့် တီးတိုးဆိုနေခဲ့တယ်။

“ပွပြီ…မောင် ကျောင်းသား ထခုန်တော့သည်။
ကျောင်းအားရက် တစ်ပတ်ရတယ် ပေါ့။ 
ကဲဘာလုပ်မလဲ..လို့ ကိုယ်ဟာကိုမေးတယ်။
အင်း “ ကျန်တော်ကတော့ အခန်းထဲမှာ ကွန်ပျူတာရှေ့မှာထိုင် စာ တငိုင်ငိုင် ဖတ်နေတာထက် ခရီးဝေး သွားရတာကို ပိုကြိုက်တယ်ဗျာ ” ဖြေမိတယ်။ 
ဆိုတော့ သွားမယ်ပေါ့။ 
ဘယ်ကိုသွားရင်ကောင်းမလဲလို့ ထပ်မေးမိတယ်။
“ စိတ်အမော ပြေစေဖို့ဆို ဘန်ကောက်သွားတဲ့ ” ကိုယ်ဟာကို ပြောတာ။

ဒါနဲ့ ညနေ ၇ နာရီ အခန်းထဲမှ ကားဂိတ်ကိုသွားခဲ့တယ်။ 
၇ နာရီ ၄၀ မိနစ်မှာ ကားဂိတ်ကိုရောက် ခဲ့ပါတယ်။ 
ရောက်တာနဲ့ ချက်ချင်းထွက်မယ့် ကားလက်မှတ်ကို လိုက်ရှာခဲ့တယ်။ 
၈ နာရီ ထွက်မဲ့ လက်မှတ်ကိုရခဲ့ပါတယ်။
ကား ၈ နာရိီ ထွက်တော့ မနက် ၆ နာရီ ဘန်ကောက် ကားကြီးဂိတ်ကိုရောကခဲ့ပ်ါတယ်။

တည်းခိုမယ့် နေရာကို အငှားကားနဲ့ သွားရင် မြန်မာငွေနဲ့ ဆိုခြောက်ထောင်လောက်
ကုန်မယ်။ တစ်နာရီလောက်ကြာမယ်။ 
လိုင်းကားနဲ့ ဆို မြန်မာငွေ ခြောက်ရာလောက်ပဲ ကုန်မယ်။ 
နှစ်နာရီခွဲ လောက်ကြာမယ်။ 
မိုးပျံတံတားတွေ ဆင်ယင်ထားတဲ့ ဘန်ကောက် မြို့၏ အလှအပကိုလည်း ကြည့်ချင်သေးတာနဲ့ အငှားကားနဲ့ မသွားခဲ့ဘူး။
လိုင်းကားလည်း အဲယားကွန်းနဲ့ပဲလေ။ အချိန်လည်း ရသေးတာနဲ့ လိုင်းကား စီးသွားခဲ့တယ်။

ဘန်ကောက်မှာ မရောက်ဖူးသေးတဲ့ နေရာတွေကို လည်ခဲ့ပ်ါတယ်။ 
ညနေ ၇ နာရီ မှာ ထိုင်းနဲ့ မလေးရှားနိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ ဟတ်ယိုင်ကို ဆက်သွားခဲ့တယ်။
နယ်စပ်မြို့မှာ မိတ်ဆွေတွေနဲ့ နှစ်ညအိပ်ခဲ့ပါတယ်။ ဒါနဲ့ ထိုင်းနိုင်ငံမှာ အလှဆုံး ကျွန်းတစ်ကျွန်းဖြစ်တဲ့ ပူကတ်မြို့ကို သွားချင်လာခဲ့တယ်။ မရောက်ဖူးသေးပဲကိုး။

ဒီလိုနဲ့ ပထမအကြိမ်အဖြစ် ကျန်တော် ဟတ်ယိုင်ကနေ ဖူးကတ်ကျွန်းမြို့လေးကို သွားဖို့ ကားဂိတ်ကို သွားပြီး ကားလက်မှတ် ဝယ်ခဲ့တယ်။
ကားလက်မှတ်ဝယ်တော့ ကားက ဖူးကတ်မြို့ကို တိုက်ရိုက် မရှိတော့ဘူးတဲ့လေ။

ဇာတ်လမ်းက အဲဒါဒီမှာ စခဲ့တာပဲ။ 
တကယ်ဆို ကားတွေက အများကြီးပါ။ 
ကျန်တော် ကားဂိတ်ကိုရောက်တာ နောက်ကျခဲ့တာ။
ခရီးသွားချိုန်ဆိုတော့ ခရီးသည်တွေကလည်း ကြိတ်ကြိတ်တိုးပဲ။ မထူးဘူးလေ။ 
ကျန်တော်က သွားပြီှးဆိုရင် နောက်ဆုတ်တဲ့ လူစားမျိုးမဟုတ်တော့ ရှိတာကို ဝယ်ခဲ့လိုက်တယ်။
တစ်ဆင့်ပြီး တဆင့် သွားမယ်ပေါ့။ စိတ်ကူးက။

အဲဒီ စူဠမြို့ကို ည ၁ နာရီမှာ ရောက်ခဲ့ပါတယ်။
အဆင်မပြေ ချင်တော ကားက ကျန်တော်ဆင်းမဲ့ စူဠမြို့ထဲကို မဝင်ဘူးလေ။ 
ကျန်တော့ကို မြို့အဝင်ဝ လမ်းမထက်မှာ ချထားခဲ့တယ်။ 
အဲဒီအချိန်မှာ မြို့ငယ်လေးဖြစ်တဲ့အတွက် ကားဂိတ်ကိုသွားဖို့ အငှားကား ရဖို့ကို မပြောနဲ့ ကားအသွားအလာတောင် အတော်ကျဲနေပြီဆိုတာ သိလိုက်ရတယ်။ 
ဒါနဲ့ အနီးအနားကို လှမ်းကြည့်လိုက်တော့ ဓာတ်ဆီဆိုင်တစ်ဆိုင်တွေ့တယ်။

မထူးတော့ဘူးလေ ဖူးကတ်မြို့ကို သွားဖို့ ကားဂိတ် သို့မဟုတ်၊ တစ်ညတာ တည်းခိုဖို့ ဟိုတယ်ကို သွားရမဲ့ အငှားကားပဲ ဖြစ်ဖြစ်၊ ဘာကားဖြစ်ဖြစ် တစ်စီးကတော့ ငှားရမှာမို့ ဓာတ်ဆီဆိုင်ရှိရာကို သွားပြီး ကားထွက်တဲ့ဘက်က သွားရပ်နေခဲ့ပါတယ်။

အဲဒီအချိန်မှာ ဓာတ်ဆီဖြည့်နေတဲ့ ကားလည်း မရှိခဲ့တော့ဘူး။ 
ဒါပေမယ့ိ ခဏကြာတော့ ကားတစ်စီးဝင်လာခဲ့တယ်။ 
ဓာတ်ဆီဖြည့်ပြီး ထွက်လာခဲ့တယ်။ 
အငှားကားမဟုတ်ခဲ့ပါဘူး။ 
ဒါပေမယ့် အခြေအနေက ငှားလို့ မရတော့တဲ့အတွက် အဲဒီကားကို ကျန်တော်လက်တားပြီး ကားကို ရပ်ခိုင်းခဲ့လိုက်တယ်။ ကားရပ်ပေးပါတယ်။ 
ကားထဲကိုလှမ်းကြည့်လိုက်တော့ ကားထဲမှာ ကားသမားတစ်ယောက်တည်း။
အသက်က လေးဆယ်ကျော်အရွယ်။ 
လူကြီးလူကောင်းပုံစံပါ။ 
ဒါနဲ့ ကျန်တော်လည်း “ အစ်ကို အင်္ဂလိပ်လို့ ပြောတတ်ပါလား” လို့ ထိုင်းလို့ ပုံမှန်အသံနဲ့ မေးခဲ့ပါတယ်။ 
သူက တတ်တယ် မတတ်ဘူး ပြန်မပြောဘဲ ကျန်တော့ကို “ ဘယ်နိုင်ငံကလဲတဲ့ ” ထိုင်းလို ပြန်မေးခဲ့တယ်။

အမှန်တရားကို ကြိုက်တဲ့ ကျန်တော်လည်း “ မြန်မာနိုင်ငံကပါ” လို့ ထိုင်းလို ယာဉ်ကျေးစွာ ပြန်ဖြေလိုက်တယ်ဆိုရင်ပဲ မီးရောင်အောက်မှာ ဖြူဖွေးနေတဲ့ သူ့မျက်နှာဟာ ချက်ချင်း အရောင်ပြောင်းသွားပြီး ကျန်တော့ကို မေးခွန်းတွေ မေး၊ စကားတွေ အဆက်မပြတ်ပြောနေခဲ့တယ်။ ကျန်တော်လည်း ဘာမှ ပြန်မပြောဘဲ ပြုံးပြုံးလေးပဲ နေခဲ့လိုက်တယ်။ 
နားမှ မလည်တာကိုး။ ဒါနဲ့ သူလည်း ကားကို မောင်းထွက်သွားခဲ့တယ်ဗျာ။

“ဘုရားရေ” လို့ စိတ်က ရွတ်မိရုံမှ တစ်ပါး ဘာမှ မတတ်နိုင်ဘူးလေ။ 
စိတ်ထဲမှာတော့ မကောင်းဘူးပေါ့။
ဒါပေမယ့် ဖြစ်တတ်တာပဲလေ ဆိုတဲ့ အတွေးနဲ့ ဖြေသိမ့်လိုက်ရတာပေါ့။
ပြီးတော့ လူတွေရဲ့သဘောကို တွေးမိရင်း တစ်ယောက်တည်း ရယ်မိခဲ့တယ်။

ကျန်တော့ ဘက်က မပြည့်စုံတာက ကျန်တော်ဟာ ထိုင်းမှာ နေတာ တစ်နှစ်ကျော်ရှိပြီ ဆိုပေမယ့် ကျန်တော့ ဘာသာရပ်တွေက အင်္ဂလိပ်လိုပဲ သင်ရတာရယ်၊ ထိုင်းဘာသာကို စိတ်မဝင်စားတာရယ်ကြောင့် ကျန်တော် ထိုင်းစကားကို မတတ်ဘူးလို့ ပြောနိုင်ပါတယ်။

အဲဒီတုန်းက ကျန်တော် တတ်တဲ့ ထိုင်းစကားက “ မင်္ဂလာပါ” ” ကျေးဇူးတင်ပါတယ်” “ ကျန်တော် ဘာလူမျိုးပါ” “ ကျန်တော် ဘယ်နိုင်ငံကပါ” “ ကျန်တော် ဘယ်မှာ နေပါတယ်” “ကျန်တော် ကျောင်းတက်နေတာပါ” စသဖြင့် အလွန်ဆုံးတတ်မှ ဆယ်ခွန်းလောက်ပါ။
လိုအပ်ရင် အကူအညီတောင်းဖို့ အရေးကြီးတဲ့ စကား “ ကျေးဇူးပြုပြီး ကူည်ီပေးနိုင်မလားခင်ဗျား” ဆိုတာကိုတောင် မတတ်ခဲ့ဘူး။

အခုတောင် ဒီစာရေးတဲ့ အချိန်မှာ သတိရလို့ အဆင်အသင့် အခန်းမှာ ရောက်နေတဲ့ ထိုင်းဆရာတစ်ယောက်ကို လှမ်းမေးကြည့်မိလို့ တတ်တာလေ။း) တကယ်ပါ အဲဒါ။

“ ကျေးဇူးပြုပြီး ကူညီပေးနိုင်မလားခင်ဗျား” ဆိုတာကို ထိုင်းလို “ ချွိုင်း ဝိုင်မိုင်ခ (ပ်)” လို့ ပြောရသတတ်ဗျာ။း) လိုအပ်ရင် ထုတ်သုံးဖို့ အရေးကြီးတယ်နော်။း)

ဒီလိုနဲ့ ကျန်တော် နောက် ကားတစ်စီး အလာကို စောင့်နေခဲ့ရတာပေါ့။ 
အချိန်က လူအိပ်ချိန်ဆိုတော့ ကား အသွားအလာက မရှိသလောက် ပါပဲလေ။
မြို့ကလည်း ငယ်တာကို။
ပထမ ကားကို တားခဲ့တုန်းက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို ပြန်တွေးမိရင်း နောက်တစ်စီးလာရင် ဘယ်လိုပြောပြီး အကူအညီတောင်းမယ် ဆိုတာကို တွေးမိနေခဲ့တယ်။

ကောင်းကင်ကြီးကို ရုတ်တရက်မော့ကြည့်မိတော့ ဒီဇင်ဘာရဲ့ လမင်းက သူ့အဖော် ကြယ်ဖြူလေးတွေနဲ့အတူ ကျန်တော့အဖြစ်ကို စောင့်ကြည့်နေပုံရ့တယ်။
ကျန်တော့ရဲ့ “လိုရာမရောက်ဘဲ အခက်ကြုံနေတဲ့ အခြေအနေကို ဘယ်လိုနည်းနဲ့ ဖြေရှင်းမလဲ” သို့မဟုတ် “အဆင်မပြေတဲ့ ကျန်တော့ အခြေအနေကို သိပြီး ကျန်တော့အဖြစ်ကို အားရပြီိး ပြုံးပြနေလား” လို့ လမင်းကြီးကို မကျေမနပ်နဲ့ အပြစ်တင်စကား ပြောဖို့စဉ်းစားနေတုန်းမှာပဲ……

“ပတ်ဝန်းကျင်ဆိုတဲ့ လူကြီးက ကျန်တော့နားနားကပ်ပြီး လူများမကြားအောင် တီးတိုး စကားလာဆိုတယ်။ ”
“ လူကလေးက မြန်မာလူမျိုးနော်တဲ့” “ဟုတ်ကဲ့ပါ” ဟု ကျန်တော် ဝန်ခံလိုက်တယ်။
“ လူကလေး ရောက်နေတဲ့ နိုင်ငံက ဘာနိုင်ငံလဲ တဲ့။ 
ကျတော်က “ ထိုင်းနိုင်ငံပါ” လို့ တိုးတိုးလေး ဖြေလိုက်တယ်။ “ထိုင်းစကားကော တတ်ရဲ့လားတဲ့” “ မတတ်ပါဘူးခင်ဗျာ” လို့ ကျန်တော် ရိုးရိုးသားသား ပြန်ဖြေလိုက်တယ်။

“အခု ရောက်နေတဲ့ နေရာမှာရော ဘယ်သူတွေ ရှိနေလဲ” တဲ့ ကျန်တော်က “ ထိုင်းလူမျိုးတွေ ရှိနေပါတယ်ခင်ဗျာ” လို့ ဖြေတယ်။ 
မြန်မာနဲ့ ထိုင်း အတိတ် သမိုင်းကိုရော သိရဲ့လား” တဲ့။ 
ကျတော်လည်း “သိတန်သလောက်တော့ သိပါတယ် ခင်ဗျာ” လို့ ဖြေတယ်။ “ လူကလေး ပထမဆုံး ကားကို တားပြီး ကားသမားကို ဘာပြောခဲ့လဲ?တဲ့။ 
ကျန်တော်က
“ မြန်မာနိုင်ငံက” ပါလို့ ပြောခဲ့ပါတယ် လို့ဆိုလိုက်တော့ သူက “လူကလေးရေ..မင်း ခရီးသွားတဲ့အခါ ရောက်ရှိနေတဲ့ ပတ်ဝန်းကျင်နဲ့ အချိန်အခါကို လေ့လာ သုံးသပ်ပြီး သွားလာ ပြောဆိုသင့်တယ်လို့ ထင်ပါတယ်” တဲ့။

ပြီးတော့ သူဆက်ပြောတာက “ လူကလေးရဲ့ လက်ရှိ အခက်အခဲကို ဖြေရှင်းနိုင်ဖို့ ဆိုရင် မြန်မာနိုင်ငံကလို့ မပြောဘဲ တစ်ခြားနိုင်ငံတစ်ခုကပါလို့ ပြောဖို့ အကြံပြုချင်ပါတယ်တဲ့” ပတ်ဝန်းကျင်က ပြောတာပါဗျာ။ ကျတော်လည်း ဘာရယ်မဟုတ် “ ဟုတ်ကဲ့ခင်ဗျာ” လို့ပဲ ပြန်ပြောမိခဲ့ပါတယ်။

“ ပတ်ဝန်းကျင်ကြီးရေ… ကျတော်ဟာ အသက် ၁၅ နှစ် အရွယ်တကည်းက အိမ်ကထွက်ပြီး မတူတဲ့ ပတ်ဝန်းကျင်တွေမှာ ကျင်လည်၊ မတူတဲ့ လူမျိုးတွေနဲ့ ပေါင်းဖော် ကြီးပြင်းလာခဲ့ရပေမယ့် လူအချင်းချင်း အထင်သေးတာ၊ ခွဲခြားဆက်ဆံတာ၊ နိုင်စားတာတို့ ဆိုတာကိုတွေကို တစ်ကြိမ်တစ်ခါမှ မလုပ်ခဲ့မိပါဘူးဗျာ။ ကျတော်စိတ်ထဲမှာ လူကို လူလို့ သာ ရိုးရိုးပဲ မြင်ပါတယ်ဗျာ” လို့ အသံတိတ် ပြောနေခဲ့မိတယ်။

အဲလေ…ဘယ်တတ်နိုင်မလဲ. ပတ်ဝန်းကျင်ကြီးက အကြံပြုနေမှတော့ ကျန်တော် နည်းလမ်းရှာရတာပေါ့ လို့ တွေးနေရင်း နောက်ကားတစ်စီး ထွက်လာနေတာကို မြင်တယ်။ 
ကားလေးက အနက်ရောင်လေး။ 
ကြေးရတတ်တွေ စီးတဲ့ကားမျိုး။ 
ကျန်တော်လည်း ရတဲ့ အခွင့်အရေးကို အဆုံးမခံတော့ဘဲ ဝမ်းသာအားရနဲ့ ပထမ အကြိမ်အတိုင်း လက်တားလိုက်တယ်။ ကားရပ်ပေးပါတယ်။

ကားတံခါးကိုဖွင့်ပြီး ကျန်တော့ကို ကြည့်တော့ အကြည့်ချင်းဆုံတယ်။
ကားမောင်းတာက ကောင်းမလေး။ အရွယ်က နှစ်ဆယ် အစိတ် အရွယ်။
အလန်းလေးပဲ။ 
ရုပ်က သာမန် မင်းသမိီးတွေတောင် ငိုရလောက်အောင် ချောတယ်။ နောက်ဘက်ကို ကြည့်လိုက်တော့ ထိုင်နေတာလည်း မိန့်ကလေး။ အရွယ်တူလေး။

ဒါနဲ့ ကျန်တော်လည်း စိတ်ကိုပုံမှန်ထားကာ “ Could you speak English ?” လို့ အင်္ဂလိပ်လို့ အမှန်ဆုံး လေသံနဲ့ ပြုံးပြုံးလေး မေးလိုက်တော့ “ Yes, we can.” တဲ့။
ဝမ်းသာလိုက်တာ။
ဒါနဲ့ ကျနော်လည်း “ So, excuse me, could you give me a favour? ” လို့ ထပ်မေးတော့ “ We’ll try” တဲ့ သူက ခပ်တည်တည် ပြန်ဖြေတယ်။
ပြီးတော့ သူက “ Which country you are ?” တဲ့ အရိုးဆုံးအင်္ဂလိပ်စာနဲ့ အတိုဆုံး မေးခွန်းကို မေးတယ်။

ကျန်တော်လည်း “ I am from Singapore” လို့ ပြုံးပြုံးလေး ဖြေလိုက်တော့ သူတို့က
“ What can we do for you?” တဲ့ အပြုံးလေးတွေနဲ့ ပြန်မေးကြတယ်။် “ Really , I am so happy to hear of you. It is so kind of you to help me and I very much appreciate you” လို့ ကျန်တော်လည်း အင်္ဂလိပ်လို့ ချိုချိုလေး ပြန်ပြောလိုက်ပါတယ်။

သူတို့ကလည်း “ It’ll be happy us to help you. Please get in the car and please let’s us know how to help you” ဆိုတော့ ကျန်တော် ( စင်္ကာပူနိုင်ငံသား) လည်း ကားပေါ်တက်ပြီး ရှေ့က လွတ်နေတဲ့ ခုံမှာ အလိုက်သင့် ဝင်ထိုင်လိုက်ပါတယ်။
“ ပြီတော့ ကျန်တော်က ဟတ်ယိုင်မြို့က လာတာပါ။ ဖူးကတ်မြို့ကို သွားတာပါ။
တိုက်ရိုက်လက်မှတ်မရလို့ ဒီမြို့ကနေ တစ်ဆင့် သွားမယ်ဆိုပြီးလာတာပါ။”

“ကျန်တော် ပထမ ဖူးကတ်ကို သွားဖို့ ကားဂိတ်ကို သွားကြည့်ချင်ပါတယ်။ 
ကားမရှိရင် ရထားဘူတာကို သွားကြည့်ချင်ပါတယ်။ 
ဘာမှ မရှိရင်တော့ ကျန်တော့ကို နောက်ဆုံး နီးစပ်ရာ ဟိုတယ် တစ်ခုကို ပေးပို့ စေချင်ပါတယ်လို့ ” ကျန်တော ယာဉ်ယာဉ် ကျေးကျေးပြောလိုက်ပါတယ်။

သူတို့က “ ရပါတယ် ကူညီ လိုက်ပို့ပေးပါ့မယ်” လို့ ဆိုတော့ ကျန်တော်လည်း “ ကျေးဇူး အထူးတင်ရှိပါတယ်ဗျာ” လို့ ပြောပြီး ကျန်တော်တို့ စကား လက်ဆုံ ပြောဖြစ်ခဲ့ကြတယ်။

“ သူတို့ ဘန်ကောက်မှာ ကျောင်းတက်နေကြတာပါတဲ့။
ကျောင်းပိတ်လို့ အိမ်ကို ခဏ အလည်လာတာပါတဲ့။ 
သူတို့က “ နိုင်ငံခြားရေးရာ ပေါ်လစီနဲ့ တတိယနှစ် ကျောင်းသူတွေပါတဲ့။”

ဒီလို့နဲ့ ကျန်တော်တို့ စကားတွေ မနားတမ်း လက်စုံကျရင်း ကားဂိတ်ကို ရောက်လာခဲ့ကြတယ်။ 
အချိန်က နှစ်နာရီး ကျော်နေပြီဆိုတော့ ကားမရှိတော့ဘူး။ 
ဒါနဲ့ ရထားဘူတာကို ဆက်သွားကြည့်တော့ ရထားလည်း မရှိတော့ဘူးတဲ့။ ကဲ့ ဘာတတ်နိုင်မလဲလေ။

“ ကျေးဇူးပြုပြီး ကျန်တော့ကို ဟိုတယ်တစ်ခုကို ပေးပို့ပါတော့” လို့ကျန်တော် အားနာစွာဖြင့် မကြားတကြား ပြောလိုက်တော့ “ ဒီအချိန်ဆို ဟိုတယ်လည်း ပိတ်လောက်ပါပြီးရှင်၊ ကျမတို့က ဒီမြို့ခံတွေပါ။ 
မပူပါနဲ့ရှင်။ ကျမတို့ အိမ်ကိုပဲ မောင်းနေတာပါတဲ့” သူတို့က ပြောတယ်။
“ သိပ်ကြင်နာကြတာပဲဗျာ” လို့ ကျန်တော် ကျေးဇူးတင်စကား တိုးတိုး ပြောလိုက်ပါတယ်။

အိမ်ကိုရောက်တော့ သူတို့ မိဘတွေလည်း အိပ်နေခဲ့ကြပြီ။ 
ကျန်တော့ကို အခန်းလွတ်တစ်ခုဆီ ခေါ်သွားပြီး “ ရှင် ဒီိအခန်းမှာ လွတ်လွတ်လပ်လပ် အနားယူ အိပ်စက်နိုင်ပါတယ်ရှင်။ 
မနက်ဖြန်မှ ကျမတို့ စီစဉ်ပေးပါ့မယ်။ ကောင်းသောညပါ” လို့ အပြန်အလှန် နုတ်ဆက် စကားဆိုပြီး ထွက်သွားခဲ့ကြတယ်။

မနက် ၈နာရီခွဲ မှာ ကျန်တော် အိပ်ရာက ထပြီး တစ်ကိုယ်ရေ သန့်စင်ပြီးတာနဲ့ မနက်စာ စားဖို့ လာခေါ်တယ်။ 
မြေညီထပ် စားပွဲဝိုင်းမှာ သူတို့ မိဘတွေနဲ့ မနေ့က နှစ်ယောက်ထဲက တစ်ယောက် အဆင်သင့် ထိုင်စောင့်နေကြပြီ။ 
ကျန်တော့ကို မြင်တော့ အပြုံးတွေနဲ့ နုတ်ဆက် စကားပြောကြတယ်။ 
သူတို့က မိဘတွေကို ပြောပြီးပြီလေ။

မနက်စာ စားရင်း မနေ့က ဖြစ်ပုံကို စမုံပြန် ပြောပြဖြစ်ခဲ့တယ်။
သူတို့မိဘတွေလည်း လှိုက်လှိုက်လှဲလှဲ စကားဆိုပါတယ်။ 
သူတို့ကတော့ အင်္ဂလိပ်လို မတတ်ပါဘူး။
သမီးတွေက တစ်ယောက်တစ်လှည့် ဘာသာ ပြန်ပေးခဲ့ကြတယ်။ 
၉.၃၀ အချိန်မှာ အားလုံးကို ကျေးဇူးတင် စကားပြောပြီး ၊ မနေ့ညက ကားမောင်းတဲ့ သူလေးက ကျန်တော့အား ကားဂိတ်ကို လိုက်ပို့ခဲ့ပါတယ်။

ကားဂိတ်ကိုရောက်တော့ ၁၀ နာရီ ကားလက်မှတ်ရခဲ့တယ်။ 
ကျန်တော်လည်း အစစရာရာ မငြိုမငြင် ကူညီပေးတဲ့ စေတနာရှင် မချောလေးကို…

“ ခင်ဗျားလို အပြင် ဥစ္စာဓန ၊ ရုပ်ဆင်း ပညာ ပြည့်စုံသည့်အပြင် လူတစ်ဘက်သားကို မတွန့်မတို ကူညီပေးနိုင်တဲ့ စိတ်နေ စိတ်ထားနဲ့ ပြည့်စုံတဲ့ မိန်းကလေးမျိုး တွေ့ခဲ့လှပါကြောင်းနဲ့ အရာအားလုံးအတွက် သိပ်ကျေးဇူးတင်ပါကြောင်းနဲ့ ခင်ဗျားရဲ့ ကျေးဇူးတွေကို သတိရနေမှာ ဖြစ်ကြောင်း နုတ်ဆက် ပြောကြားရင်း ကားပေါ်တက်လာခဲ့ပါတယ်”။

သူလည်း ကျန်တော့အား အချိုဆုံး အပြုံးနဲ့ နုတ်ဆက်ရင်း ထွက်သွားခဲ့ပါတယ်။ 
ကားမထွက်မှီ မိမိ၏ ဖြစ်ပျက်ပုံကို ပြန်တွေးနေခိုက် ရုတ်တရက် ပတ်ဝန်းကျင်းကြီးက တိုးတိုးလေး လာပြန်နုတ်ဆက်တယ် “ ဟေး လူလေး မင်း သွားတော့မလို့လား။
အဆင်ပြေရဲ့လား ကွာ” တဲ့။

“ အော် ဟုတ်ကဲ့ အဘ အဆင်ပြေပါတယ် ။ 
ကားထွက်တော့မှာပါ” လို့ အံသြတဲ့ ပုံစံနဲ့ ဖြေလိုက်မိတယ်။ 
“ အဲကွာ လူလေး မင်း ခရီးသွားတယ်ဆိုရင် ကိုယ်ရောက်နေတဲ့ အချိန်နဲ့ ပတ်ကျင်ဝန်းကို လေ့လာ သုံးသပ်ပြီးမှ သွားလာ နေထိုင်၊ ပြောဆိုဖို့ မမေ့နဲ့ အုံး၊ နုတ်ဆက်ပါတယ်” ဟု အကြံပေး နုတ်ဆက်စကားဆိုတယ်။

ကျန်တော်လည်း “ ဟုတ်ကဲ့ ကျေးဇူးအထူးတင်ရှိပါတယ်။ 
အဘရဲ့ အကြံဥာဏ်ကို လိုက်နာပါ့မယ်” လို့ အပြန်အလှန် ပြောဆို နုတ်ဆက်ရင်း ပတ်ဝန်းကျင်က ပြောတဲ့ ကျန်တော် စင်္ကာပူ နိုင်ငံသား ခရီး ဆက်သွားခဲ့ပါတယ်။


အားလုံးကို လေးစားလျက်...

တော်ဝင်ထွန်း

၁၂.၁၂.၂၀၀၈


မှတ်ချက်။ ။ ၁၂.၁၂.၂၀၀၈ နေ့ညက ထိုင်းနိုင်ငံတောင်ပိုင်းမှာ အရှေ့ မြောက်ပိုင်းသို့ သွားသော ခရီးတွင် ကျန်တော့အား ကူညီပေးခဲ့သော မချောတို့ မိသားစုအား ဒီပို့စ်လေးနဲ့ အထူးကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။

တော်ဝင်ထွန်းဆိုဒ်မှ ကူယူထားပါသည်။

No comments:

Post a Comment