Wednesday 5 October 2011

“အစွဲ နဲ့ ကျန်တော်”

“ လိုချင်တပ်မက်မှုက စွဲလန်းမှုကို ဖြစ်စေတယ်” လို့ ဖတ်ဖူးခဲ့ပါသည်။
သို့သော် ဒီနေရာမှာ ကျန်တော့၏ အစွဲကတော့ လိုချင်တပ်မက်မူကြောင့် ဖြစ်လာတဲ့ အစွဲမျိုး မဟုတ်ပါ။
အယူသန်တဲ့ အစွဲမျိုးလားတော့ မသိ။
စွဲတာတော့ သေချာပါသည်။

ဒီအစွဲကြောင်းလဲ စိတ်ကသိကအောက် ဖြစ်ခဲ့ရပေါင်း မနည်းပါ။ 
အစွဲသန်တာ မကောင်းမှန်းလည်း သိသည်။ အလွယ်တကူ ပျော်မရနိုင်တာ တစ်ခု က ရောဂါတစ်မျိုးလိုပဲ စွဲနေမိသည်။ 
အဲဒါသည်ပင်လျင် အစွဲတစ်မျိုး ဖြစ်နေတော့သည်။

ကျန်တော် စွဲပုံ အစွဲက ဒ်ီလိုပါ။ ကျန်တော် သိတတ်စကတည်းက မေမေ့ ရဲ့ဂရုစိုက်မှုကို စွဲသည်။ 
မေမေ့ ချက်ကျွေးတဲ့ ဟင်းတွေကို စွဲသည်။ 
မေမေ လျော်ဖွတ်ပေးတဲ့ အဝတ်တွေကို စွဲသည်။ အဲဒါက အခြေခံ အစွဲသုံးမျိုး။ 
နောက်လည်း အများကြီး ရှိသေးသည်။
ထားပါတော့။
ဆိုတော့ကာ မေမေ့ရဲ့ ဂရုစိုက်မှုနဲ့ ပတ်သက်လို့ မေမေ့ကို မကြာမကြာ စမိသည်။ 
မေမေ ဂရုစိုက်ဖို့ အချိန်နည်းတဲ့အခါ “ မေမေ သားကို ချစ်ရဲ့လားပေါ့”။ 
တစ်ခါခါ မေမေ စိတ်တိုနေပုံရရင်လည်း ပြုံးပြုံးရင်း မေးတတ်သည်။ 
မေမေက စိတ် အနှောက်အယှက်ဖြစ်ပုံပြတဲ့အခါ မေမေ့ကို စိတ်ဆိုးပြီး နုတ်မဆက်ပဲ နေမိသည်။
မေမေ ခေါ်တဲ့အထိပေါ့။ အဲဒါက မေမေ့ရဲ့ ဂရုစိုက်မှုကို စွဲမိလို့ ဖြစ်တာ။
အဲဒါက ကောင်းသည်။ မေမေ့ချစ်တာကို ခံချင်လို့။ 
မေမေ ဂရုစိုက်ပေးတော့ ပျော်ရသည်။

အဝတ်အစားနဲ့ ပတ်သက်လို့လည်း မေမေကိုယ်တိုင် လျော်ဖွတ်ပေးတဲ့အဝတ်မှာ ဝတ်ဖြစ်တာ များသည်။ တစ်ခြားလူတွေ လျော်ဖွတ်ပေးတာ သိရင် လုံးဝကို မဝတ်ဖြစ်။
ဒါလည်း အိမ်က ထွက်လာပြီးတဲ့အခါ အတော်လေးကို ကသိကအောက်ဖြစ်ရသည်။ 
အစွဲက အတော်ဆိုးတဲ့ ကောင်ပဲလို့လည်း တစ်ခါခါ မိမိကိုယ်တိုင် ရေရွတ်မိသည်။

“ဆိုး” တာတစ်ခုက မေမေချက်ကျွေးတဲ့ ဟင်းကိုမှ စွဲမိတာ။
ဆိုတော့ ပြဿနာက မသေးပါ။ ပြဿနာဖြစ်လေ့ရှိတာက မေမေ့လက်ထောက် ညီမလေးနဲ့ ဖြစ်သည်။
ညီမလေးက ကျန်တော့်အောက် နှစ်နှစ်ငယ်သည်။ 
မွေးချင်း သမီးတွေထဲမှာ သမီးကြီး။
ကျန်တော်နဲ့လည်း နည်းနည်း ဆင်တူတယ်လို့ ဆိုကြသည်။
ပြင်ဆင်ထားမယ်ဆိုရင် မိန့်မချောလေး တစ်ဦးဟု ဆိုနိုင်သည်။
အိမ်အလုပ်ကို အကုန်ရသည်။
မေမေ့ လက်စွဲတော်ပေါ့။

မေမေ နေမကောင်းလို့ဖြစ်စေ၊ မအားလို့ ဖြစ်စေ မေမေ့ကိုယ်စား ညီမလေးက ဟင်းချက်ကျွေးရသည်။ ဒါပေမယ့် ကျန်တော်ရဲ့ အစွဲကြောင့် ညီမလေး ဟင်းချက်တဲ့နေဆို ကျန်တော် ထမင်း ကောင်းကောင်း မစား။ ဂျီကျနေတတ်သည်။ 
တစ်ခါခါ လုံးဝမစားပဲ တစ်ခုခုကို စားပြီး နေတတ်သည်။ 
ကျန်တော့ရဲ့ အစွဲကြောင့် ညီမလေး စိတ်မကောင်း ဖြစ်ရပေါင်း မနည်းဘူးဟု ထင်မိသည်။ 
တကယ်တော့ ညီမလေး ချက်တာ ကောင်းပါသည်။ 
မေမေ ချက်တာမှ တစ်ပါး ဘယ်သူ့လက်ရာမှ မကောင်းဘူးဟုသော ကျန်တော့ အစွဲကြောင်ပင် ဖြစ်သည်။
ဒီအစွဲက ကျန်တော့ကို အကြိမ်ကြိမ် နှိပ်စက်ခဲ့သည်။ 
ဒီအစွဲကြောင့် ခရီးအထွက်များတဲ့ ကျန်တော် ခရီးထွက်တိုင်း ထမင်းစားဖြစ်တာ နည်းသည်။ 
ခရီးထွက်တိုင်း စားလေ့ရှိတာက ဟန်ဘာဂါနဲ့ နို့ပဲဖြစ်သည်။

မှတ်မှတ်ရရ တစ်နှစ်မှာ အလယ်တန်း ပညာကို သင်ယူဖို့ ရွာနီးချင်းတစ်ရွာကို သွားခဲ့ရသည်။ တည်းနေတဲ့အိမ်မှာ အသက် ငါးဆယ်ကျော်အရွယ် အဘိုးအဘွားနဲ့ သားလူပျို တစ်ယောက်ရှိသည်။ 
မိသားစု သုံးယောက်လုံး ကျန်တော့ကို မိသားစု အရင်းလို ချစ်ကြသည်။ 
သူတို့အိမ်ကို ရောက်တော့ အဘွားချက်တာကို စားမရလို့ စိတ်မကောင်းဖြစ်ရပြန်သည်။ 
စားမရလို့ နှစ်ပတ်လောက် ကြိုက်တာကို ဝယ်စားပြီး နေလိုက်ရသည်။
နောက်မှ တစ်ဖြည်းဖြည်း စားနိုင်အောင် ကြိုးစားခဲ့ရသည်။

၂၀၀၃ နှစ် ရန်ကုန်ကိုရောက်လာတော့လည်း နှစ်ပတ်လောက်က အစားနဲ့ အခက်ကြုံရပြန်သည်။ 
၂၀၀၇ နှစ် ထိုင်းကို ရောက်တော့ ပိုဆိုးသည်။
ဘာတစ်ခုမှ စားလို့မမြိန်။ 
တစ်နှစ်လောက်က ဟိုးနည်းနည်း ဒီနည်းနည်း အသီးအရွက်တွေ များများစားပေးသည်။
ထမင်းဆိုင်ကို ဝင်ရင် ချက်ထားတဲ့ အိုးတွေကို ဖွင့်ကြည့်သည်။
ပြီး မှ ကြိုက်တာကို
လက်ညိုးထိုးပြောသည်။
မကြိုက်ရင် မစားပဲ ဒီတိုင်း ထားခဲ့တာလည်း အကြိမ်ကြိမ်။
ဆိုင်သည်တွေကတော့ ပထမ စိတ်မကောင်း ဖြစ်ပုံပေါ်သည်။ 
နောက် သိပ်ရင်းနှီးလာတော့ အကြောင်းသိမို့ စားချင်တဲ့ ပုံစံကို လုပ်ပေးတော့ အဆင်ပြေလာသည်။
ဒီလို့နဲ့ အခုဆို စားလို့ရတဲ့ ထိုင်းဟင်း ငါးမျိုးလောက်ရှိလာပြီးဖြစ်သည်။

ကျန်တော့အစွဲကြောင်း မိတ်ဆွေတွေ စိတ်မကောင်း ဖြစ်ရတဲ့ ဖြစ်ရပ်နှစ်ခုကို မှတ်တမ်းထဲ ရေးထားမိတာ အမှတ်ရနေမိသည်။ 
ပထမတစ်ခုက ၄ လပိုင်းက မလေးရှားကို အလည်သွားတော့ စင်္ကာပူ နေစပ် ကားဂိတ်တစ်ခုမှာ မိတ်ဆွေ သုံးယောက်နဲ့အတူ နေ့လည်စာ စားဖို့ကြုံသည်။ 
ကားဂိတ်နောက်က မလေးရှားလူမျိုး ဆိုင်ကြီး တစ်ဆိုင်ကို ဝင်ပြီး ကောင်းမယ် ထင်တဲ့ အစားအစာတွေကို မှာကြသည်။ 
စားလည်း စားကြည့်တော့ ကျန်တော်က လုံးဝ စားလို့မရ။ 
နည်းနည်း စမ်း စားကြည့်တာနဲ့ အန်ချင်စိတ် ပေါ်လာသည်။ 
ဒါနဲ့ မိတ်ဆွေတွေကို မင်းတို့ပဲစားကြဆိုပြီး ကျန်တော် ကြိုက်တဲ့ ဟန်ဘာနဲ့ အအေးတစ်ခွက် မှာစားလိုက်ရသည်။ 
မိတ်ဆွေတွေကတော့ ပစ်ဆံဆုံးတယ် ဆိုပြီး စိတ်မကောင်းဘူးပေါ့။ 
မတတ်နိုင်ဘူး။ ကိုယ်မကြိုက် ကြိုတ်ပြီး ပျိုမချနိုင်လေ။

ဒုတိယ အဖြစ်အပျက် တစ်ခုက ၂၄ ရက်နေ့က ဖြစ်ပါသည်။ 
မနက်ပိုင်း ၁၁ နာရီလောက်မှာ “ ကျေးဇူးပြုပြီး ဒုတိယ ပါမောက္ခချုပ်ရုံးခန်းထဲကို လာလို့ ရမလားတဲ့” ဂျပန် ဆရာမလေးက ဖုန်းဆက်ခေါ်သည်။ 
ကျန်တော်လည်း အားပါတယ် လာခဲ့ပါမယ်ဆိုပြီး သွားတွေ့လိုက်သည်။ ရုံးခန်းထဲမှာ လာအိုက ကျောင်းသားက ရောက်နှင့်နေသည်။ 
ဂျပန် ဆရာမနဲ့ တွေ့တော့ ဂျပန် ကလပ် ဖွင့်ဖို့ တိုင်ပင်ရန် ခေါ်ခြင်း ဖြစ်ကြောင်း ပြောသည်။ ကျန်တော်လည်း တတ်နိုင်တဲ့ဘက်က ကူလုပ်ပေးမယ်လို့ ပြောရင်း အစီအစဉ်တွေကို ဆက်ပြောဖြစ်သည်။ ၁၁.၃၀ အချိန်ရောက်တော့ ဂျပန်မက ခဏလေးဆိုပြီး ထသွားသည်။
ခဏကြာတော့ စားစရာတွေနဲ့ ရုံးခန်း စားသောက်ဆိုင်က ထွက်လာသည်။

ဒါနဲ့ ကျန်တော်လည်း “ သွားခွင့်ပြုပါအုံး” ဆရာမ လို့ နုတ်ဆက်တော့ “ မသွားနဲ့တော့” နေ့လည်စာ ကျွေးဖို့ လုပ်ထားတယ်တဲ့။
ဂျပန် ပန်းသီးလည်း ကျွေးမယ်တဲ့။
ပါမောက္ခကြီးလည်း စားမယ်တဲ့။ 
ခဏကြာတော့ ပါမောက္ခကြီး စားပွဲထဲ ဝင်ထိုင်လာသည်။ 
ပါမောက္ခကြီးကတော့ ကျန်တော်ကို အတော်ခင်ပါသည်။ 
ကျန်တော်လည်း ချစ်ခင် ရိုသေသည်။ 
ဒါနဲ့ ပါမောက္ခကြီးကို နုတ်ဆက်ပြီး ကျန်တော်က ပါမောက္ခကြီး၏ လက်ဝဲဘက်က ထိုင်သည်။

ဟင်းအမယ်တွေက စုံပါသည်။
ရေတွက်ကြည့်တော့ ဆယ်မျိုးလောက်ရှိသည်။
ကြည့်လိုက်တော့ ကျန်တော်ကြိုက်တဲ့ ဟင်း “သုံးမယ်” လောက်ပါသည်။ 
တွေ့ပြီပေါ့ ဟင်းအစွဲသန်တဲ့ ကျန်တော်။

ပါမောက္ခကြီးကတော့ ပြောသည်။
“ ကြိုက်တာကို စား အားမနာနဲ့တဲ့ ။ 
ကျန်တော်လည်း ဆရာကြီးရေ ကျန်တဲ့ နေရာမှာသာ အားနာရင် နာမယ်။ 
အစားနဲ့တော့ မနာပါဘူးလို့။ 
ဗိုက်တစ်လုံးတည်း အပြည့်ထည့်မှာပဲ လို့ ပြုံးပြုံးလေးပြောတော့ အားလုံးရီကြသည်။
ဒါနဲ့ ကိုယ်ကြိုက်တာကို ပဲ ဇောင်းပေး စားနေမိသည။်

စားနေရင်းနဲ့ ပါမောက္ခကြီးက ရုတ်တရက် ဖောက်လာသည်။
“ ဟာ တပည့် ကျန်တဲ့ ဟင်းတွေလည်း စားပါအုံးကွ” တဲ့။ အဲဒါ သုခပဲ။
ကျန်တော်လည်း မကြိုက်ပါဘူး ဆရာကြီးလို့ပြောတော့ စားကြည့်ပါအုံးကွ ထိုင်းဟင်းတွေ ကောင်းပါတယ်တဲ့။
ကျန်တော် ပန်းကန်ထဲ ပြုံးပြုံးလေး ထည့်ပေးရော။ 
သွားပြီ အဲဒီမှာ။ 
ကျန်တော် အစွဲသန်တာ မသိဘူး ဆိုပြီး စိတ်ထဲပြောနေမိသည်။ 
ကျန်တော် စမ်းမြည်းကြည့်ပါသည်။ 
ဒါပေသိ မကြိုက်တော့ မျက်နှာ ပျက်မိသည်။
ပြီးတော့ မကြိုက်ဘူး ဆိုပြီး မစားပဲ နေမိသည်။

ဆရာကြီး ကျန်တော် မျက်နှာ ပျက်တာကို မြင်တော့ သူလည်း ချက်ချင်း မျက်နှာ ပြောင်းသွားခဲ့သည်။ စိတ်မကောင်းဘူးပေါ့။
ဂျပန် ဆရာမတော့ ပြုံးပြုံးလေးပဲ။
ဒါနဲ့ ကျန်တော်လည်း ငယ်ငယ်တကည်းက ကျန်တော်ရဲ့ အစွဲလေးကို စားပြီးရင် ပြောပါ့မယ် လို့ ပြောလိုက်ပြီး စားစရာတွေကို လက်စ သတ်လိုက်သည်။ 
ဆရာကြီးလည်း “ ကောင်းပြီးလေ နားထောင်ရတာပေါ့” ဟုပြောရင်း သူဆက်စားသည်။ ထမင်းစားပြီးကြတော့ အချိုပွဲကို ဂျပန် ပန်းသီးတွေနဲ့ ကျွေးမွေးသည်။ 
ကျန်တော် ငယငယ်တည်းက ပန်းသီးကြိုက်တော့ ပန်းသီးက ကျန်တော့အကြိုက်ဖြစ်နေသည်။
အချိုပွဲ စားနေစဉ်မှာပဲ ကျန်တော် ငယ်ငယ် ကတည်းက အစွဲတစ်ခု ပါလာကြောင်းနဲ့ အခုထိ မခွါနိုင်သေးကြောင်းကို ပြောပြတော့ ဆရာကြီးက “ တပည့်လေး အတော် အစွဲသန်တဲ့ လူကိုး” ဟု ပြုံးရီရင်း မှတ်ချခဲ့သည်။


အဲဒီနေ့က ပါမောက္ခကြီး စိတ်မကောင်းဖြစ်တာ သေချာသွားသည်။ 
သူ့ရဲ့ စေတနာနဲ့ ထည့်ပေးတဲ့ ဟင်းကို မကြိုက်လို့ မျက်နှာပျက်မိတဲ့ ကျန်တော့ရဲ့ အပြူအမူကြောင်းဖြစ်သည်။ 
မတတ်နိုင်ဘူးလေ။ မကြိုက်တာ မကြိုက်တာပဲ။
ကြိုတ်ပျို ချလို့မှ မရတာ။


အဲဒါ ကျန်တော်ရဲ့ အစွဲလေးကြောင့် ဖြစ်ခဲ့ရတဲ့ စိတ်အနှောက်အယှက်တွေပါ။

စကားအချပ်ပို။ ။
ကျန်တော် အစွဲကို လာဖတ်တဲ့ ကို စံလင်းထွန်းရေ.. ကျန်တော် အစွဲသန်တာ ဆိုးပါတယ်ဗျာ။ 
အခုတောင် ကြည့်ပါလား “ ကျွန်တော်” လို့ ရေးရမဲ့ စကားလုံးကို ကျန်တော့ အစွဲလေးနဲ့ “ကျန်တော်” လို့ပဲ ရေးနေဆဲနေလေ။ 
ကျေးဇူးတင်ပါတယ်ဗျာ... အကြံပြုပေးတာ။

အားလုံးကို ချစ်ခင်လေးစားလျက်...

တော်ဝင်ထွန်း

၂၈.၁၂.၂၀၀၉

တော်ဝင်ထွန်းဆိုဒ်မှ ကူယူထားပါသည်။

No comments:

Post a Comment