Monday 17 October 2011

ချိုတကူး နှင့် ဂုဏ်ရည်တူသူများ



(မင်းဒင် ရေးသည်)
ဆရာအောင်သင်း၏ " ချိုတကူးနှင့် ဂုဏ်ရည်မတူ " ကို ကျနော် အထက်တန်း ကျောင်းသား ဘဝ က ဖတ်ခဲ့ရဘူးသည်။
ဆရာအောင်သင်း၏ စာပေဟောပြောပွဲများတွင်လည်း ချိုတကူးကို ပြန်တွေ့ရပြန်ပါ သည်။တွေ့ဖန်များသော် ချိုတကူးကို ကျနော် ရင်းနှီးလာသည်။ 
 အပြည့်အ စုံမဟုတ်သည့်တိုင် မှတ်မိသမျှ ချိုတကူး၏ အကြောင်း မှာ အောက်ပါအတိုင်း ဖြစ်၏။


Summary

ချိုတကူးမှာ မြေလတ်မြို့ လေးတစ်မြို့မှ ဆယ်သုံးနှစ်ဝန်းကျင်အရွယ်ကုလားလေး ဖြစ်ပါသည်။ ချိုတကူး သည် ထိုမြို့သား မဟုတ်ပါ။ 
ဒုတိယ ကမ္ဘာစစ် အတွင်းတွင် ချိုတကူးတို့ မိသားစု အိန္ဒိယ ပြည်သို့  ပြန်မည့်  သဘောင်္တစင်း အဆိုပါမြေလတ်မြို့ ဆိပ်ကမ်းတွင် ကပ်နေ စဉ် ချိုတကူး တို့ သားအဖ သုံးယောက် အစားအသောက် ဝယ်ရန် ဆိပ်ကမ်းသို့ အဆင်း ၊ ရုတ်တရက် လေကြောင်းရန် အချက်ပေး ဥသြ သံကြောင့် ကမ်းမှ အရေးပေါ် ထွက်ခွာသွားခဲ့ရာ ချိုတကူးတို့ သားအဖ သုံးယောက် မိသားစုနှင့်  ကွဲလျက် ကျန်ခဲ့ရရှာ သည် ဟုဆိုပါသည်။
................................
မကြာ မတင်မှာပင် ချိုတကူး၏ အဖေနှင့် အကိုမှာ ကာလဝမ်း ရောဂါကြောင့် ရှေ့ဆင့် နောက်ဆင့် ဆုံးပါးကုန်ကြရာ တမြို့တရွာတွင် တ ကောင်ကြွက် တမျက်နှာ ကျန်နေခဲ့ရှာသော ချိုတကူးမှာ တမြို့လုံး ခိုင်းဖတ်ဘဝ ရောက်ရရှာသည်။ 
တဝမ်းတခါး အတွက် ရေခပ် ထင်းခွဲ မှအစ အောက်ခြေသိမ်း အမှိုက်သိမ်း လူတကာ မလုပ်ချင်သည့် အလုပ်မျိုးစုံဖြင့် အသက်ဆက်ခဲ့ ရသူ ဖြစ်ပါသည်။ 
လူတကာကို အောက် ကျို့ကာ ဘဝကို ဖြစ်သည့် နည်းဖြင့် ရုန်းကုန် နေရသည့် မိမရှိ ဘ မရှိ ဆွေမျိုး ဥာတကာ နတ္ထိ ချိုတကူးကို တမြို့လုံးက ဂရုဏာသက်ကြ သည် ဟု ဆို၏။ သို့သော် ချိုတကူးကား သူ့ဘဝကို ပျော်ပျော်ပင် ဖြတ်ကျော်နေခဲ့သည် ဆို၏။

အနှီ ချိုတကူးသည် တနေ့သော အခါ ဒါရိုက်တာ ဦးသုခ ရိုက်ကူးသော ရုပ်ရှင်မင်းသမီးကြီး မေသစ် ပါဝင်သည့် ဂုဏ်ရည်မတူ အမည်ရှိ အလွမ်းဇာတ် ဘိုင်စကုပ်ကို ကြည့်နေစဉ် မေသစ်ကြီး၏ ပိုင်နိုင်လှသော သရုပ်ဆောင်ချက်ကြောင့် ရှိုက်ကြီးတငင် ငိုသည် ဟုဆို ပါသည်။ ရုပ်ရှင်ရုံအပြင် ရောက်သည့်တိုင် မေသစ်ကို သနားမဆုံးနိုင် တဖွဖွ ဖြစ်ရသည် ဆို၏။
.....................................
တမြို့လုံးက ဝိုင်းသနားကြသော ဒုက္ခသည်အစစ် ချိုတကူးသည် ဘိုင်စကုပ်ထဲက ဒုက္ခသည် အတု မေသစ်ကို ကြည့်ကာ သနား ခဲ့လေ သောကြောင့် ဆရာအောင်သင်းသည် သူ့ ဇာတ်အဆုံးတွင် လူတို့၏ သဘောသည် အစစ်ထက် အတုကို ပိုမိုမြတ်နိုးတတ်ကြောင်း ကောက် ချက်ဖြင့် နိဂုံးချုပ်ခဲ့ပါသည်။
.......................................
ရေးဖွဲ့မှုပင် သဘာဝကျနပိုင်နိုင်လေသလော။
ကျနော်ပင်လျှင် ခံစားတတ်သူပေလော မဝေခွဲနိုင်လင့် ကစား ချိုတကူး၏ ဇာတ်လမ်းသည် ကျနော့်စိတ်အစဉ်တွင် အဆုံးမသတ်နိုင်သေးချေ။ 
 သဘောင်္ကြီး ကမ်းကခွာ သွားယုံမျှဖြင့် ချိုတကူးသည် ဘဝကို စုံးစုံး အမြှုပ်ခံလိုက်လေ သလော။ 
အောင်လံမြို့တွင်ပင် အရွယ်ရောက်ကာ အိမ်ထောင်ရက်သား ကျသွားလေသလော။
ချိုတကူး၏ သားစဉ် မြေး ဆက်တို့သည် အောင်လံမြို့တွင် ယခုတိုင် ရှိနေသေးသလော။ 
သို့တည်းမဟုတ် မဟာ ဇနက္ကထုံး နှလုံးမူလျက် ရရာအလုပ်ကို လုပ်ကိုင်လျက် ငွေကြေးစု ဆောင်းကာ လုံလောက် သည့်တနေ့တွင် မိသားစုရှိရာ အိန္ဒိယပြည်ကြီးသို့ တမူး၊ မိုးရေး လမ်းမှ ဖြတ်သန်းပြန် သွားနိုင် ခဲ့လေသလော။
.....................................

စတုတ္တတန်း ဖတ်စာပါ သားတယောက်ကိုသာ မြင်သည် ဟူသော ပုံပြင်မှာ အောက်ပါ အတိုင်း ဖြစ်၏။ ဇရပ်အို တခုပေါ်တွင် အဘိုးအိုတစ်ဦး ထိုင်လျက်နားနေသည်။
မလှမ်းမကမ်းရှိ ရေတွင်းတခု တွင် မိန်းမကြီး သုံးဦး ရေအိုးကိုယ်စီဖြင့် ရေငင်လျက် ရှိကြစဉ် ပထမ မိန်းမကြီးက သူ၏သားသည် သီချင်းဆိုရာ၌ အသံ အလွန်ကောင်းသူဟု ဆို၏။ 
ဒုတိယ မိန်းမကြီးကမူ သူ၏ သားသည် အပြေးအလွန်သန်သည် ဟု ဆိုပြန်သည်။ တတိယ မိန်းမကြီးကမူ သားဖြစ်သူအကြောင်းတခွန်းမျှ မဟချေ။ ထိုစဉ် ကလေးငယ်သုံးဦးသည် ရေတွင်းရှိရာသို့ လာနေကြ၏။ 
တဦးသော ကလေးမှာ အလွန် သာယာသော တေးသီချင်း တပုဒ်ကို သီဆို ရင်း လာနေ၏။ အခြားကလေး တဦးမှာမူ သံဂွေတခုကို လှိမ့်လျက် အပြေးလာနေ၏။ 
ထိုကလေး နှစ်ဦးစလုံးမှာ ရေတွင်းဘက်သို့လှည့် ၍ပင် မကြည့်ချေ။ 
နောက်ဆုံး ခပ်မှန်မှန် လျှောက်လာနေသော ကလေးငယ်မှာ ရေတွင်းရှိရာ သို့ တန်းတန်းမတ်မတ် ရောက်လာကာ တတိယ မိန်းမကြီး၏ ရေအိုးကို ထမ်းလျက်ထွက်ခွာ သွားလေသည်။ ထိုအခါ ပထမနှင့် ဒုတိယ မိန်းမကြီးတို့က ဇရပ်ပေါ်ရှိ အဘိုးအိုအား မိမိတို့၏ သားများကို မြင်လိုက်ပါသလော? ဟုမေး၏။
ဤတွင်အဘိုးအိုက " ကျွန်ုပ် သားတယောက်ကိုသာ မြင်ပါသည် " ဟု ဆိုသည်။

သည်လို ပုံနှင့် မိုးကြီးချုပ် ပေရော့မည်။ ပြည်ပသို့ ရောက်နေကြသော မြန်မာအားလုံးကို စောင့်ကြည့်နေသည့် အဘိုးအိုတစ်ယောက်သာ ရှိပါမူ ........" မြန်မာပြည်သားများကို မြင်မိပါသလော " မေးသူရှိသည် ဟူငြားအံ့ ။
" ကျွန်ုပ် ချိုတကူး တို့ကိုသာ မြင်သည် " ဟု ဆိုမည် ထင် ၏။ 
ကမ္ဘာ့အတန်းအစား ဝိဥာဉ် များ တွင် ပုံပန်းချီရေးခြင်းငှာ စာရင်း မဝင်သော ချိုတကူးပုံတူ စာရင်းတွင် ကျနော်သည်လည်း အဝင်အပါ ဖြစ်လေသည်။
...................................


No comments:

Post a Comment