Monday 17 October 2011

အသားကင်စားချင်သေးလား

အနော်ရထာ (ထောက်လှမ်းရေးအရာရှိဟောင်းတဦး)

မှတ်မှတ်ရရပေါ့ (၅ဝ)နှစ်ပြည့် တမ်မတော်နေ့မရောက်ခင် တစ်နေ့ (၂၆-၃-၁၉၉၅) ရက်နေ့က ကမ္ဘာအေးဆွမ်းဆန်စိမ်းလောင်းလှူပွဲဟာ တပေါင်းလပြည့်နေ့နှင့်ကြုံနေတော့ ကျွန်တော်တို့ ထောက်လှမ်းရေးတွေ အလုပ်တော်တော်များနေခဲ့ကြတာပေါ့၊ အဲဒီအထဲ ကျွန်တော်တို့က ကံဆိုးခဲ့တာလား၊ ကံကောင်းခဲ့တာလားတော့မသိဘူး ၊ပြောစရာတစ်ခု ချန်ထားခဲ့တယ်လေ၊၊




တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အပါအဝင် စစ်အာဏာရှင်တော်တော်များများကို ချီးပန်းအောင်လုပ်လိုက်မိလို့ပါ၊၊ ဖြစ်စဉ်ကတော့ ဒီလိုပါ။ 
တပ်ချုပ်နဲ့ တက်ရောက်လာကြသော ဗိုလ်ချုပ်များကို ကျွန်တော်တို့ ထောက်လှမ်းရေးမှ စေတနာဗလပွဖြင့် အသားကင်နှင့် ဧည့်ခံဖို့ တာဝန်ယူထားလေရာ ကျွန်တော်တို့က ဝယ်ယူရေးတာဝန်ကျပါတယ်၊၊ အဲဒီနေ့နံနက် စောစော ပိုင်းမှစပြီး သူငယ်ချင်းအရာရှိတစ်ဦး ကြောင်ရှာကောင်း၍ (ဂွင်ကောင်းကောင်း) ရထားသော ကားဖြင့် မြို့ထဲသို့သွားကာ လမ်းမတော်နှင့်လသာမြို့နယ်များမှ အသားကင်ဆိုင်များကို အခြား သူများအားပေးမရောင်းစေဘဲ လည်ပင်းညှစ်အသားကင်များကို ဝယ်ယူပြီး ကမ္ဘာအေးဘုရား သို့ပြန်ခဲ့ကြပါတယ်၊၊ 
မျက်နှာလိုမျက်နှာရလုပ်၍ လှပစွာဖြင့် CID မှုခင်းတပ်ဖွဲ့မှ ဒုရဲအုပ် ရဲမေများက ပြင်ဆင်ကာဧည့်ခံကျွေးမွေးခဲ့ကြပါတယ်၊၊ 
အားလုံးပြီးစီး၍ ပြန်သွားကြပြီး နောက်နေ့ ညနေ၅နာရီခန့်မှာတော့ ရုတ်တရက် ကျွန်တော်တို့ကို နေထိုင်ရာနေရာ အသီးသီးမှ အမှတ်(၂)စစ်အကျဉ်းထောင်၊ ရွှေပြည်သာသို့ ပင့်ဆောင်ခေါ်ယူသွားပါတော့တယ်၊၊
စစ်ကြော ရေးစခန်းမှာ ဗိုလ်မှူးတစ်ဦးနဲ့ ဒုဗိုလ်မှူးကြီးတစ်ဦးတို့က ညီလေးတို့တော့ နိုင်ငံတော်လုပ်ကြံမှု၊ အင်းစိန်ထောင်နဲ့ ရွှေပြည်သာထောင် ကြိုက်တာသာရွေးပေတော့လို့ ပြောလာရာ ကျွှန်တော်တို့(၅)ယောက်ဘုမသိဘမသိဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ရ ပါတော့တယ်၊၊


စစ်ကြောရေးမှာ (၂)ညအိပ်ပြီးတဲ့နောက် ညီလေးတို့မိခင်တပ်ကိုပြန်လည်သတင်းပို့ပါ လို့ စစ်ကြောရေးတပ်မှူးကပြောပြီး တပ်ပိုင်ကားဖြင့်လိုက်ပို့ပေးပါတယ်၊၊ 
တပ်ရောက်မှ အသေးစိတ်သိရတာက ဖြစ်ကြောင်းကုန်စင်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်၊
အသားကင်များစားပြီးနောက် တပ်ချုပ်ြကီးခမျာဝမ်းတော်လားကာ ဒရစ်ပုလင်းကြီး ခြောက်လုံး တောင်သွင်းရကြောင်း တပ်ချုပ်ကတော်မှာလည်း ပန်းမမ ဘ၀ရောက်ကာ အားပြတ်သလို ဖြစ် သွားကြောင်း၊ စစ်ရေးပြအခမ်းအနားမှာ တပ်ချုပ်အနေနဲ့ စစ်ရေးပြစင်မြင့်ပေါ်သို့ လူတွဲ၍ သွား ရကြောင်း၊ စတန့်ထွင်ခြင်းမဟုတ်ရကြောင်း၊ ဗိုလ်ချုပ် တော်တော်များများလည်း ယင်းသို့ ဖြစ်ကြကြောင်း၊ ဒါကြောင့် ဝယ်ယူသူအားလုံးကို တပ်ချုပ်မှ ဖမ်းချုပ်ခိုင်းခြင်းဖြစ်ကြောင်း စသဖြင့် သိရှိရပါတယ်၊၊ 
ဒါပေမဲ့ ဓါတုဗေဒဝန်ရုံးမှဆေးစာအရ အသားကင်နှင့်တို့၍စားသော အချဉ်ရည်မှာ ပြင်းထန်သောဝမ်းရောဂါပိုးစစ်ဆေးတွေ့ရှိကြောင်း သိရသဖြင့် ဒီကိစ္စဒီလောက်နဲ့ ပြီးသွားခဲ့ပါတယ်၊၊ 
ကျွန်တော်တို့ကိုတော့ ခွင့်မလွှတ်ဘဲ ကိုယ်ရေးရာဇ၀င်မှာ မှင်နီပါအောင် တားကာ ရာထူးနှောင့်နှေးစေတဲ့ပြစ်ဒဏ် မှတ်တမ်းတင်သတိပေးခြင်းခံလိုက်ရပါတယ်၊၊


ကျွန်တော်တို့ အမျိုးသားထောက်လှမ်းရေးအဖွဲ့ဟာ အဲဒီဖြစ်စဉ်ကြောင့် ဒေါကန်ပြီး “ကြွက်မနိုင် ကျီ မီးနဲ့ ရှို့ ” ပါတော့တယ်။ 
လမ်းမတော်နှင့် လသာမြို့နယ်များရှိ အသားကင်ဆိုင် အားလုံးအား ည ၁၁းဝဝနာရီထိသာ ရောင်းချရမည်ဖြစ်ကြောင်း နှိပ်ကွပ်ပါတော့တယ်။ 
အဲဒီမြို့နယ်များမှ ကာရာအိုကေနှင့် အနှိပ်ခန်းများ ချဲဒိုင်များကိုလည်း လိုင်းကြေး ပိုတောင်း ကောက်ခံပါတော့တယ်။
တောက်တဲ့ (နံမည်ပြောင်) နှင့် သူငယ်ချင်း ဆားပုလင်းများ ခံခဲ့ရပုံ အပိုင်း(၁) ဤမှာပြီးပါတယ်၊၊ တပ်ချုပ်သာ အဲဒီကိစ္စမှာ မာလကီးယားပြီးသေသွားခဲ့ရင် ယနေ့တပ်မတော်နှင့် ပြည်သူတို့ အခုလို ဒုက္ခတွေ ခံစားချင်မှခံစားနိုင်ပါမယ်၊၊ 
ဒါကြောင့် တပ်ချုပ်ကြီးအား အသားကင်စားချင်သေးလားလို့ မေးကြည့်ချင်ပါသေးတယ်။ 
စားချင်ရင်တော့ ဒီတခါ တကယ် မာလကီးယားအောင် ကျွေးပလိုက်မယ်လို့ စိတ်ကူးမိ ပါသေးတယ် ခင်ဗျား။

ရခိုင်အမျိုးသားသတင်းစာဆိုဒ်မှ ကူယူထားပါသည်။

No comments:

Post a Comment