Sunday 23 October 2011

ရခိုင်လူအဖွဲ့အစည်း၏ အမျိုးသားရေးလှုပ်ရှားမှုနှင့် ပြည်ထောင်စုအရေး အပိုင်း(၁)

အောင်ကောင်းမွန်
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်

(၂ဝ) ရာစုနောက်ပိုင်းနှင့်(၂၁)ရာစုအဝင်ကာလများတွင် ကမ္ဘာ့လူ့ အဖွဲ့အစည်းသည် နိုင်ငံများ၊ လူမျိုးများအနေဖြင့် နိုင်ငံရေးနယ်ပယ်၌ သိသိသာသာ ပြောင်းလဲဖြစ်ပေါ်လျက်ရှိကြပေသည်။ 
အထူးသဖြင့် လူ့အဖွဲ့အစည်းများ၏ သီးခြားအတွေးအခေါ်နှင့် ဦးတည်ချက် ရည်မှန်းချက်များ၊ လုပ်ဆောင်ချက်များမှာ ယခင်ရာစုနှစ်များနှင့်မတူ အလွန်ထူးခြားစွာ ပြောင်းလဲ ဖြစ်ပေါ်လျက်ရှိပေသည်။
ဤကဲ့သို့ ကမ္ဘာ့လူအဖွဲ့အစည်း တရပ်လုံး ထူးထူးခြားခြား၊ လူပ်လူပ်ရွရွ ပြောင်းလဲဖြစ်ပေါ်လျက်ရှိနေသောကာလတွင် ရခိုင်လူ့အဖွဲ့အစည်း၏ အမျိုးသားရေး လူပ်ရှားမှု အခြေအနေများကိုလည်း လေ့လာ ဆန်းစစ်ရန်လိုအပ်သကဲ့သို့ ကမ္ဘာ့လူ့အဖွဲ့အစည်းများ အရှိန်အဟုန်ဖြင့် ပြောင်းလဲဖြစ်ပေါ်လျက်ရှိသောကာလတွင် ရခိုင်လူ့အဖွဲ့အစည်းသည် လူ့ အခွင့်အရေး၊ ဒီမိုကရေစီရေး၊ လူမျိုးများတန်းတူရေး စသည့် အခွင့်ရေးများ ဆိတ်သုဉ်းပြီး အမှောင်ထုဖုံးလွှမ်းသော လူ့အဖွဲ့အစည်း၌ပင် ဆက်လက်နေလိုကြသလား၊ သို့မဟုတ် လူ့အခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေး၊ လူမျိုးများ တန်းတူရည်တူ အခွင့်အရေးများ ပြည့်ဝသည့် အဖွဲ့အစည်းသစ်ကိုပင် လိုလားနှစ်သက်ကြသလား။
ဤမေးခွန်းသည် မိမိကိုယ်တိုင်နှင့်တကွ ရခိုင်လူ့အဖွဲ့အစည်းတခုလုံးကို မေးမြန်းဆန်းစစ်ရမည့် အခြေအနေပင်ဖြစ်ပေသည်။

လူသားတိုင်းသည် လူ့အခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေး၊ လူမျိုး အလိုက်ဂုဏ်သိက္ခာရှိရှိနှင့် တန်းတူရည်တူ အခွင့်အရေးများရှိသော လူ့အဖွဲ့ အစည်းသစ်ကိုလိုလားကြပေလိမ့်မည်။ 
ထို့ကြောင့် ဒီမိုကရေစီအရေး၊ တန်းတူရေးတွက် တမျိုးသားလုံး ကြိုးပမ်းကြရပေမည်။ ဤကြိုးပမ်းရာတွင် ရခိုင်လူ့အဖွဲ့အစည်း၏ အတိတ်၊ ပစ္စုပ္ပန်အနေအထားများကို အလေးအနက်ပြု၍ ဆန်းစစ်ရန် လိုအပ်လာပေသည်။

ရခိုင်ဒေသသည် မေယုမြစ်၊ ကုလားတန်မြစ်၊ လေးမြို့မြစ်စသော မြစ်တို့၏ မြစ်ဝှမ်းမြေပြန့်ဒေသများဖြစ်သည်။ 
တောင်ဘက်တွင် ပင်လယ်နှင့် ကျန်သုံးဘက်တွင် တောင်တန်းမြင့်များ ဝန်းရံလျက်ရှိသည်။
မြစ်ဝှမ်းမြေပြန့် တို့မှာ မြေသြဇာအထူးကောင်းမွန်သောကြောင့် ထိုဒေသများတွင် ရခိုင်လူ့ အဖွဲ့အစည်းတို့သည် ဘီစီ(၂၆၆၆) မတိုင်မီကာလကထက်ပင် ရှေးကျစွာ နေထိုင်လာခဲ့ကြသည်။ 
ပထမ ဓညဝတီကို ဘီစီ(၂၆၆၆)ခန့်တွင် မာရာယုမင်းသည် ထီးနန်းတည်ကာ နိုင်ငံကို တည်ထောင်ခဲ့သည်။ မာယာယုမင်း တည်ထောင်ခဲ့သော တိုင်းနိုင်ငံ မင်းဆက်ပေါင်းမှာ (၅၄)ဆက်ရှိခဲ့သည်။
ပထမ ဓညဝတီသည် နှစ်ပေါင်းတထောင်ကျော်မျှ တည်တန့်ခဲ့ပြီးနောက် ဒုတိယ ဓညဝတီခေတ် တခေတ်ပေါ်ထွန်းလာခဲ့သည်။
ထိုဓညဝတီခေတ်တွင် ထင်ရှားသော မဟာစန္ဒာသူရိယ မင်းလက်ထက်၌ အနောက်မဇ္ဈိမဒေသတွင် ပွင့်တော်မူသည့် ”ဂေါတမဗုဒ္ဓမြတ်စွာဘုရားရှင်”သည် ကိုယ်တိုင်ကိုယ်ကျ ရခိုင်ပြည်သို့ ကြွရောက်တော်မူကာ သာသနာ ပြုခဲ့လေသည်။ “စန္ဒသူရိယ”မင်း၏ ပင့်ဖိတ်ချက်အရ “စန္ဒသူရိယ”မင်း ဆောက်လုပ်လှူဒါန်းသော ကျောင်းတော်တွင် (၇)ရက်တိုင်တိုင် သီတင်းသုံးတော်မူသည်။
မင်းနှင့်တကွ ပြည်သူ အပေါင်းတို့အား တရားရေအေးများ တိုက်ကြွေးကာ ဗုဒ္ဓဘာသာဝင်များ ဖြစ်လာစေခဲ့ပေသည်။

ထိုစဉ်က “စန္ဒသူရိယ”မင်း၏ လျှောက်ထားချက်အရ “ဂေါတမ ဗုဒ္ဓမြတ်စွာဘုရားရှင်” နှင့် ထပ်တူထပ်မျှ ညီမှုရှိသော ဗုဒ္ဓရုပ်ထုတော် တဆူကို တည်ထားကိုးကွယ်နိုင်ရန် ဗုဒ္ဓွကိုယ်တော်တိုင် ခွင့်ပြုမိန့်ကြားခဲ့လေသည်။
သို့ဖြင့် ရတနာကိုးပါးဖြင့်ပြီးသော ဆင်းတုတော်တဆူကို သွန်းလုပ်ကြရာ ဗုဒ္ဓ္ဓွကိုယ်တော်တိုင် ရင်ငွေ့တော် ခုနစ်ဆုပ်ယူ၍ ဦးတော်ကိုဖြည့်ဆည်းခဲ့သည်။ 
စန္ဒာသူရိယမင်းနှင့်တကွ ဗုဒ္ဓ္ဓွဘာသာဝင်များ ဖြစ်လာကြသော ပြည်သူ အားလုံးတို့က ရုပ်တုတော်အား “မဟာမြတ်မုနိ” မြတ်စွာဘုရား ဟူ၍ သမုတ်ကြကာ နောင်အစဉ်အဖြင့် ခေါ်ဝေါ်ပူဇော်ခဲ့ကြလေသည်။
ထိုစဉ် ကာလကပင် ရခိုင်တို့သည် ကြေးသွန်းပညာကို တတ်မြောက်နေသည် ဆိုသည်မှာ ထင်ရှားပါသည်။

ကမ္ဘာကျော် အင်္ဂလိပ်စာရေးဆရာကြီး မောရစ်ကော်လစ်က (The Land of the Great Image) ဟူ၍ သမိုင်းဝင် စာအုပ်တအုပ်ကို ရေးသား ပြုစုခဲ့သည်။ ထိုစာအုပ်၏ မြန်မာလိုခေါင်းစဉ်မှာ “ရုပ်တုတော်ကြီးတည်ရှိရာ တိုင်းကြီး” ဖြစ်ပြီး၊ မဟာမြတ်မုနိ ရုပ်တုတော်ကြီး၏ ကြီးကျယ် ခမ်းနားမှု သမိုင်းအရ တန်ဖိုးမဖြတ်နိုင်မှုနှင့် မဟာမြတ်မုနိရုပ်တုတော်ကြီး တည်ရှိရာ ဓညဝတီရခိုင်ပြည်နှင့် ရခိုင်လူ့အဖွဲ့အစည်းများ၏ ထိုစဉ်က တိုးတက်မှု ကြွယ်ဝမှုများစသည်တို့ကို တခမ်းတနား ဖေါ်ကျူးရေးသားထားပါသည်။

“မောရစ်ကော်လစ်”ကဲ့သို့သော ခရစ်ယာန်ဘာသာစာရေးဆရာကြီးကပင် မဟာမြတ်မုနိရုပ်တုတော်နှင့် ရခိုင်လူ့အဖွဲ့အစည်းများ အကြောင်းကို နက်ရှိုင်းစွာလေ့လာပြီး ဤမျှခမ်းခမ်းနားနား၊ လေးလေးစားစား ရေးသားဖေါ်ပြခြင်းမှာ လူ့အဖွဲ့အစည်းတခုတွင် အမှန်တကယ်ရှိနေသော အကြောင်းအရာများ အရည်အသွေးများ၏ အမှန်တရားကို ရှာဖွေတင်ပြခဲ့ခြင်းပင်ဖြစ်ပေသည်။

ဓညဝတီပြည်ကြီး ပျက်စီးယိုယွင်းခဲ့သည့် နောက်ပိုင်းတွင်လည်း “ဝေသာလီ”ခေတ်နှင့် “မြောက်ဦး”ခေတ်တို့မှာ သမိုင်းအရ ထင်ရှားသော ရခိုင်လူ့အဖွဲ့အစည်းများအဖြစ် ပေါ်ပေါက်ခဲ့ပေသည်။

ရခိုင်ပဒေသရာဇ်များသည် အင်အားတောင့်တင်းသောအခါ ပဒေသရာဇ်အင်ပါယာများကို ချဲ့ထွင်ခဲ့သော်လည်း အမျိုးသား စည်းလုံး ညီညွတ်မှု ပျက်ပြားပြီးအင်အားများ ယုတ်လျော့ကျဆင်းသောအခါ ကျူးကျော်သိမ်း ပိုက်မှုကို ခံကြရပြီး၊ ပဒေသရာဇ်တို့၏ ထီးနန်းပါ ပျောက်ခဲ့ရလေသည်။ 
ဤသို့ဖြင့် မြန်မာဘုရင်ဘိုးတော်ဘုရားသည် ခရစ်သက္ကရာဇ် (၁၇၈၄)ခုနှစ်တွင် ရခိုင်ပြည်ကို တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။
မဟာသမတမင်းနှင့်တကွ အမြောက်လက်နက်၊ ရတနာရွှေငွေပစ္စည်းများအပြင်ရခိုင်ပြည်သူတို့ အမြတ်တနိုး ကိုးကွယ်ကြသော မဟာမြတ်မုနိ ရုပ်ပွားတော်ကြီးနှင့် ယိုးဒယား ကြေးရုပ်တုပစ္စည်းများကိုပါ ယူဆောင်သွားခဲ့ကြသည်။ 
ထို့နောက် ရခိုင်ပြည်ကို အပြီးအပိုင် သိမ်းပိုက်အုပ်ချုပ်ခဲ့လေသည်။
ရခိုင်မင်းမျိုးမင်းနွယ်ကိုသာ ထီးနန်းတင် ပေးလိမ့်မည်ဟူ၍ အထင်ရှိခဲ့ကြသော်လည်း လက်တွေ့တွင် ဤသို့မဟုတ်သောအခါ၊ မကျေမနပ်ဖြစ်လျက် ဆူပူတော်လှန်မှုများ ဖြစ်ပေါ်လာစေခဲ့သည်။ 
ထိုတော်လှန်မှုများအနက် ထင်ရှားသော ခေါင်းဆောင်တဦးမှာ ရခိုင်မင်းသား ”ဗိုလ်ချင်းပျံ”ဖြစ်သည်။

ဗိုလ်ချင်းပျံသည် ခရာဇ်သက္ကရာဇ်(၁၈၁၁)ခုနှစ်တွင် စစ်တကောင်းနယ်မှ လူအင်အား တသောင်းခန့်ကို စုစည်း၍ ရခိုင်ပြည်ကို ပြန်လည်တိုက်ခိုက်ခဲ့ရာ ရခိုင်ပြည်ကို ပြန်သိမ်းယူနိုင်ခဲ့သည်။
သို့ရာတွင် မြန်မာဘုရင်သည် စစ်သည်ဗိုလ်ပါ အမြောက်အများကို စေလွှတ်၍ ဗိုလ်ချင်းပျံအားတိုက်ခိုက်ရာ ဗိုလ်ချင်းပျံ အရေးနိမ့်၍ မြန်မာတပ်များက ရခိုင်ပြည်ကို သိမ်းယူခဲ့ပြန်သည်။

ဗိုလ်ချင်းပျံသည် အကြိမ်ကြိမ် တော်လှန်တိုက်ခိုက်သော်လည်း ရခိုင်တမျိုးသားလုံးအတိုင်းအတာဖြင့် စည်းလုံး ညီညွတ်မှု မရှိခြင်းကြောင့် အောင်မြင်မှုမရရှိခဲ့ပေ။
ရခိုင်ပြည်သည်လည်း မြန်မာပဒေသရာဇ်တို့ လက်အောက်သို့ ကျရောက်ကာ ထီးနန်းပါ ပျောက်ခဲ့ရလေသည်။

(၁၈၂၄)ခုနှစ်တွင် ပထမ အင်္ဂလိပ်မြန်မာစစ်ပွဲဖြစ်ပွားခဲ့ရာ မြန်မာတို့ ရှုံးနိမ့်ခဲ့သည်။ (၁၈၂၆)ခုနှစ်ဖေဖေါ်ဝါရီလ (၂၄)ရက်နေ့ တွင် ရန္တပိုစာချုပ် ကို ချုပ်ဆိုခဲ့သည်။ ထိုရန္တပိုစာချုပ်အရ ရခိုင်ပြည်သည် မြန်မာပဒေသရာဇ် အင်ပါယာလက်အောက်မှ အင်္ဂလိပ် အရှေ့အိန္ဒိယကုမ္ပဏီလက်အောက်သို့ ကျရောက်ခဲ့ရသည်။ ထိုသို့ကျရောက်ပြီး နှစ်အတန်ကြာအောင် ရခိုင်ဒေသသည် မငြိမ်မသက်ရှိခဲ့သည်။ ဗြိတိသျှတို့ အုပ်ချုပ်ရေး တည်ထောင်ပြီး (၂) နှစ်ခန့်အကြာတွင် ရခိုင်မင်းမျိုးမင်းနွယ်များ ဦးစီးပြီး ဗြိတိသျှနယ်ချဲ့သမားများကို တော်လှန်ခဲ့ကြသည်။ ယင်းတော်လှန်ရေးကို ဒေးဝန်ကြီး “အောင်ကျော်ရွှီ” မြို့သူကြီး အောင်ကျော်ဇံနှင့် မင်းသားကြီး”ရွှေဘန်း” တို့က ဦးဆောင်ခဲ့ကြသည်။

ထိုပုဂ္ဂိုလ်များသည် သူ့ကျွန်မခံလိုသောစိတ် မိမိအမျိုးသားများကို လွတ်မြောက်လိုသောစိတ်၊ ကိုယ့်ထီး ကိုယ့်နန်းကို ပြန်လည် ထူထောင်လိုသောစိတ်နှင့် အမျိုးသားဇာတိသွေးဇာတိမာန်ဖြင့်(၁၈၂၇)ခုနှစ်တွင်ဗြိတိသျှ တို့ကို တော်လှန်ခဲ့ကြသည်။
သို့ရာတွင် အမျိုးသားသစ္စာဖေါက်တို့၏ ကြံစည်မှုကြောင့် အဖမ်းအဆီးများခံရပြီး၊ မင်းသားကြီးရွှေဘန်းမှာ ထောင်ဒဏ် တသက်တကျွန်းနှင့် ဒေးဝန်ကြီးနှင့် မြို့သူကြီးတို့မှာ ထောင်ဒဏ်များ အသီးသီးကျခံရသည်။ မင်းသားကြီးသည် အကျဉ်းကျခံနေစဉ် အစာငတ်ခံ ဆန္ဒပြခဲ့သည်။
ယင်းသို့ ဆန္ဒပြ၍ (၄၁)ရက်မြောက်နေ့တွင် ဘဝတပါးသို့ ပြောင်းသွားခဲ့ရသည်။ မင်းသားကြီးသည် သေအံ့မူးမူး အချိန်တွင်-”မင်းသားအမှန်၊ ငါလျင်ကြံဆ၊ နိုင်ငံရပ်စီ၊ တိုင်းပြည်အတွက် ကိုယ့်အသက်ကို၊ ရက်စက် စွန့်ခွာ၊ ကုလားရွာ၌၊ ခန္ဓြွာရုပ်လောင်း၊ ဘဝပြောင်းလိမ့်” ဟူ၍ တိုင်းပြည်အတွက် မိမိအသက်ကို ပဓါနမထားပဲ ကြိုးပမ်းခဲ့ပုံနှင့်- “ငါ့လမ်းကြောင်းကို၊ ကောင်းကောင်းလိုက်နာ၊ ပြည်ဓညာကို၊ တခါမုချ၊ ငါတို့ရအံ့”ဟူ၍ သူလမ်းကြောင်းအတိုင်း အသက်ကိုစွန့်၍ ကြိုးပမ်းကြပါလျှင် တနေ့တချိန်တွင် ဓညဝတီပြည်ကြီးကို ပြန်လည်ရရှိနိုင်မည်ဖြစ်ကြောင်းကို ထောင်နံရံတွင် သွေးဖြင့်ရေးသောရတုဖြင့် နောင်လာ နောက်သား ရခိုင်ပြည်သားများကို မှာကြားခဲ့ပေသည်။ မင်းသားကြီးရွှေဘန်း၏ မှာတမ်းရတုသည် အကျဉ်းကျခံနေရစဉ် ထောင်နံရံမှာ ရေးခဲ့ခြင်းဖြစ်သော်လည်း ရခိုင်မျိုးချစ်၊ ပြည်ချစ် လူငယ်လူရွယ်များ၏ နှလုံးသားဝယ်ရေးထိုးခဲ့ဘိသကဲ့သို့ စွဲထင်လျက် ရှိပေသည်။

မင်းသားကြီးရွှေဘန်းသေသော်လည်း သူ၏အမျိုးကို ချစ်စိတ်နှင့် ဇာတိမာန်ကား ကမ္ဘာမြေတည်နေသ၍ တည်မည်သာ ဖြစ်ပေသည်။ 
ထိုလူများအနက် ကွန်းကျောင်းကျွန်းမှ ပေါ်ပေါက်ခဲ့သော “ငမောက်”ဆိုသူသည် ထင်ရှား၏။
မည်သို့ပင်ဖြစ်စေ ရခိုင်အမျိုးသားများ၏ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး တော်လှန်မှုများသည် တပြည်လုံးအတိုင်း အတာဖြစ် စည်းရုံးနိုင်မှုမရှိခြင်းနှင့် လက်နက်အင်အား မမျှခြင်းကြောင့် ရှုံးနိမ့်ခဲ့ရပေသည်။ (၁၈၅၇)ခုနှစ်တွင် ကုမ္ပဏီနယ်မြေ အားလုံးကို အင်္ဂလန်ရှိ ဗဟိုအစိုးရက လွှဲပြောင်းယူခဲ့သည်။ 
အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီ၏ နယ်တနယ်ဖြစ်သော ရခိုင်ပြည်နယ်မှာလည်း (၁၈၅၇)ခုနှစ်မှစ၍ ဗြိတိသျှတို့၏ ကိုလိုနီလက်အောက် ရောက်ရှိသွားတော့သည်။

ပထမကမ္ဘာစစ်ကြီးပြီးနောက် မြန်မာအမျိုးသားများသည် နိုင်ငံရေးအရ ပြန်လည်နိုးကြားလာကြသည်။ 
ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေ အသင်းကြီး များပေါ်ပေါက်လာပြီး အမျိုးဘာသာ၊ သာသနာ၊ ပညာရေးများအတွက် ကြိုးပမ်းလာခဲ့ကြသည်။
ထိုအချိန်တွင် ရခိုင်ဆရာတော် ဦးဥတ္တမက အမျိုးသားရေး၊ လွတ်လပ်ရေးအတွက် ရဲရဲတောက်ဟောပြောစည်းရုံးမှုကြောင့် မြန်မာအမျိုးသားများ၏ အမျိုးသားစိတ်များမှာ တဟုန်တိုး နိုးကြားတက်ကြွ၍လာခဲ့ပေသည်။ 
ထိုအချိန်တွင် ရခိုင်အမျိုးသားများသည် မြန်မာပြည်နှင့် ကူးလူး ဆက်ဆံမှုများ ပိုမိုများပြားလာသည်။ ထိုအချိန်က ရခိုင်ပြည်တွင် တက္ကသိုလ်၊ ကောလိပ်များမရှိပေ။ 
ရခိုင်လူငယ်များသည် မြန်မာပြည်တွင်ရှိသော ကောလိပ်များတွင်ပညာသင်ကြားကြရသည်။
ရခိုင်အမျိုးသားကျောင်းသားများ၏ မျိုးချစ် စိတ်ဓာတ်များသည်လည်း နိုးကြားလာသည်။ 
ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေ စသည့် အသင်းများတွင် တက်တက်ကြွကြွပါဝင်ခဲ့ကြသည်။
နောက် ပိုင်းတွင် ပေါ်ပေါက်လာသော အမျိုးသားပညာရေး တိုက်ပွဲများဖြစ်သည့် (၁၉၂ဝ) ကျောင်းသားသပိတ်နှင့် (၁၉၃၆)ခုနှစ် ကျောင်းသားသပိတ်တို့တွင် ရခိုင်ကျောင်းသားများသည် တက်တက်ကြွကြွ ဦးဆောင်ပါဝင်ခဲ့ကြပေသည်။ 
ဤသို့ဖြင့် ရခိုင်အမျိုးသား ကျောင်းသားများ၏ မျိုးချစ်စိတ်များမှာလည်း နိုးကြားလာခဲ့ပေသည်။

(၁၉၂ဝ)ခုနှစ် ကျောင်းသားသပိတ်ကြီးမှာ ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ် ကျောင်းသားများ အရေးသာမက မြန်မာတနိုင်ငံလုံး၏ ကျောင်းသားများအရေးဖြစ်ပေသည်။
မြန်မာပြည်အနှံ့ ကျောင်းသားများသည် ရန်ကုန်တက္ကသိုလ်ဥပဒေကို ဆန့်ကျင်ကြသည်။ 
သပိတ်မှောက်ကြသည်။ ထိုအချိန်က ရခိုင်တပြည်လုံးတွင် အင်္ဂလိပ်မြန်မာ အထက်တန်းကျောင်း တကျောင်းတည်းသာ ရှိလေသည်။ ကောလိပ်သပိတ်ကြီးမှောက်ပြီး၍ တပတ်ခန့်အကြာတွင် စစ်တွေမြို့အစိုးရကျောင်းသားများသည် သပိတ်လက်နက်ကို ကိုင်စွဲ၍ ဗြိတိသျှတို့၏ ပညာရေးစနစ်ကို ဆန့်ကျင်ခဲ့သည်။ 
ထို့ကြောင့် အမျိုးသားကျောင်းလည်း ပေါ်ပေါက်လာပြီး၊ မျိုးချစ်စိတ်များလည်း နိုးကြားလာခဲ့ပေသည်။

ဤသို့မျိုးချစ်စိတ်များ နိုးကြားလာရာမှ (၁၉၃၆)ခုနှစ်လောက်တွင် “ရခိုင်တိုင်းလုံးဆိုင်ရာ နိုးကြားရေး အစည်းအရုံး” ကို ထူထောင်ခဲ့ကြသည်။ 
ထို့နောက် ရခိုင်လူငယ်များအစည်းအရုံးဟူ၍ ပေါက်ပေါက်လာပြီး၊ ၄င်း အစည်းအရုံးကိုပင် ရခိုင်တိုင်းရင်းသား အစည်းအရုံးကြီးဟူ၍ ပြန်လည်ဖွဲ့ စည်းခဲ့ကြသည်။
နောက်ပိုင်း ထိုအဖွဲ့များကို ပူးပေါင်း၍ “ရခိုင်တိုင်းလုံးဆိုင်ရာ တိုင်းရင်းသား အစည်းအရုံးကြီး”ကို ဖွဲ့စည်းလျက် နိုင်ငံရေးလူပ်ရှားမှုများကို လုပ်ဆောင်ခဲ့ကြပေသည်။ ဦးစိန္တာနှင့် ဦးပညာသီဟတို့မှာ ထို အစည်းအရုံးကြီး၏ သြဝါဒစရိယနာယက ဆရာတော်များဖြစ်ကြသည်။ 
ထို အစည်းအရုံးကြီး၏ ညီလာခံများတွင် မြန်မာပြည်မှ သခင်ခေါင်းဆောင်များလည်း အခါအားလျော်စွာတက်ရောက်မှုများရှိခဲ့ကြသည်။ 
သခင်လေးမောင်၊ သခင်စိုး၊ သခင်ဘသော်၊ သခင်မြ၊ သခင်ခင်အောင် စသော သခင်ခေါင်းဆောင်များသည် မြို့နယ်အချို့သို့သွားရောက်ပြီး၊ လွတ်လပ်ရေးတရားများ ဟောခဲ့ကြသည်။
ရခိုင်အမျိုးသားများလည်း ဒို့ဗမာအစည်းအရုံးသို့ တဦးချင်း ဝင်ခဲ့ကြသည်။

ဤသို့ဖြင့် ရခိုင်အမျိုးသားများ၊ မျိုးချစ်လူငယ်များ၏ အမျိုးသား ရေးစိတ်ဓာတ်သည် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရန် အချိန်ကောင်းကို စောင့်မျှော်လျက်ရှိကြသည်။ ထိုအချိန်တွင် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားလာပြီး၊ ဗမာ့မျိုးချစ်တပ်မတော်သည် အင်္ဂလိပ်တို့ကို လက်နက်ကိုင် တော်လှန် တိုက်ခိုက်ကာ ရခိုင်ပြည်သို့ ရောက်ခဲ့သည်။ ရခိုင်မျိုးချစ်လူငယ်များသည် ဗမာ့မျိုးချစ် တပ်မတော်နှင့် ပူပေါင်းပြီး ရခိုင်ပြောက်ကျားတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
ထိုပြောက်ကျားတပ်ဖွဲ့များသည်ကား နောင်သောအခါ ဂျပန်တော်လှန်ရေး ပြောက်ကြား တပ်ဖွဲ့များအဖြစ် ထင်ရှားမည်ဖြစ်သည်။ 
ရခိုင်ပြောက်ကျားများသည် ဂျပန်တော်လှန်ရေးကို အကြောင်းအားလျော်စွာ မြန်မာပြည်မှာထက် (၃)လခန့်စော၍ တိုက်ခိုက်ခဲ့ကြသည်။ 
ရခိုင်ပြောက်ကျားများ၏ ဂျပန်တော်လှန်ရေးနေ့ကား (၁၉၄၅)ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့ဖြစ်သည်။
ဂျပန်တော်လှန်ရေးပြီးသောအခါ ဗြိတိသျှတို့ ရခိုင်ပြည်သို့ ရောက်လာကြသည်။
(၁၉၄၅)ခု၊ မတ်လလောက်တွင် ရခိုင်တပြည်လုံး ဗြိတိသျှတို့ လက်အောက်သို့ ပြန်လည်ကျရောက်သွားသည်။
ထို့နောက် မြန်မာတနိုင်ငံလုံး ဗြိတိသျှတို့ အောက်သို့ ကျရောက်သွားပြီး၊ (၁၉၄၅)ခုနှစ် အောက်တိုဘာလတွင် ဘုရင်ခံဆာဒေါ်မန်စမစ် ရန်ကုန်သို့ ပြန်ရောက်လာသည်။ မြန်မာပြည်ကို စစ်ပြီးခေတ်တွင် အုပ်ချုပ်ရေးအတွက် စက္ကူဖြူစီမံကိန်းလည်းပါလာသည်။

“ဘုရင်ခံသည် ဗြိတိသျှပါလီမန်ကို တာဝန်ခံ၍ ဆက်လက်အုပ်ချုပ်သွားမည်။ (၃)နှစ်ပြည့်မှ မြန်မာပြည်ကို ကိုယ်ပိုင်အုပ်ချုပ်ရေးပေးမည်” ဤသဘောထားများပါရှိသော စက္ကူဖြူစာတမ်းကို ထုတ်ပြန်ကြေညာခဲ့သည်။ ဤအခြေအနေတွင် လွတ်လပ်ရေးတိုက်ပွဲသည် နည်းပရိယာယ် အလှည့်အပြောင်းတခုသို့ ရောက်ရှိခဲ့သည်။ 
ဤနည်းပရိယာယ် အလှည့်အပြောင်းကို အကြောင်းပြု၍ လွတ်လပ်ရေး ကြိုးပမ်းခဲ့ကြသော ခေါင်းဆောင်များသည် သဘောထားများအမြင်များ ကွဲပြားမှုရှိခဲ့ကြသည်။ 
လွတ်လပ်ရေးအတွက် ဆက်လက် ကြိုးပမ်း တိုက်ပွဲဝင်ရေးအတွက် မည်သို့မျှအငြင်း မပွားကြသော်လည်း လွတ်လပ်ရေးတိုက်ပွဲ နည်းပရိယာယ်ဆိုင်ရာ ပြဿာနာများတွင်ကား စေ့စပ်၍မရနိုင်လောက်အောင် အငြင်းပွားခဲ့ကြလေသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ ခေါင်းဆောင်ပိုင်းကမူ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရာတွင် ကမ္ဘာ့အခြေအနေ၊ မြန်မာနိုင်ငံ၏ အခြေအနေများအရ အင်္ဂလိပ်အစိုးရနှင့် ဆွေးနွေး ညှိနှိုင်းခြင်းဖြင့် တိုင်းပြုပြည်ပြု လွှတ်တော်မှတဆင့် လွတ်လပ်ရေးကိုရယူရန်နှင့် အကယ်၍ အင်္ဂလိပ်တို့က လွတ်လပ်ရေး မပေးမှသာလျှင် လက်နက်ကိုင်တိုက်ပွဲကိုဆင်နွှဲရန် သဘောထားများရှိကြသည်။

အချို့သော ခေါင်းဆောင်များကမူ လွတ်လပ်ရေးဟူသည် တောင်းယူ၍ရသောအရာမဟုတ်၊ စေ့စပ်ဆွေးနွေးခြင်း အားဖြင့်အကျိုးမရှိနိုင် ပြန်ဝင်လာသော အင်္ဂလိပ်များကိုလည်း လက်နက်ကိုင် တိုက်ပွဲဆင်နွှဲခြင်းဖြင့်သာ လွတ်လပ်ရေးကို ရယူရန် သဘောထားများရှိကြသည်။
ဤအခြေခံသဘော ထားကွဲလွဲမှုများကြောင့် ဖဆပလ အတွင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် အင်အားစုများ ကွဲကြသည်။ ဗမာပြည် ကွန်မြူနစ်ပါတီ အတွင်း၌လည်း “ဘရောက်ဒါဝါဒ”ကြောင့် ဤသို့ဖြစ်ရသည်ဟုဆိုကာ အလံနီနှင့် အလံဖြူ ဟူ၍ နှစ်ခြမ်းကွဲကြသည်။
ဤအကွဲများမှတဆင့် ပြည်တွင်းစစ်မီးကို တောက်လောင်စေခဲ့သည်။
ပြည်တွင်းစစ်သည် (၁၉၄၈)ခုနှစ် ကွန်မြူနစ်ပါတီ တောခိုသည်မှစ၍ ဖြစ်ပွားခဲ့သည်ဟု ဆိုရသော်လည်း (၁၉၄၆-၄၇) ခုနှစ်များကစ၍ ဆူပူတော်လှန်မူများသည် ဖျာပုံ၊ ပျဉ်းမနား၊ ပဲခူး၊ ရမည်းသင်းနှင့် ရခိုင်ပြည်တို့၌ ပေါ်ပေါက်ခဲ့သည်။

ယင်းအနက် ရခိုင်ပြည်နယ်၏ ဆူပူတော်လှန်မှုမှာကြီးကျယ်ခဲ့သည်။ 
ရခိုင်ပြည်၌ ဤသို့ဖြစ်ရခြင်း အကြောင်းရင်းမှာလည်း လွတ်လပ်ရေးကို တောင်းယူ၍ (ဆွေးနွေးယူ၍)မရနိုင်၊ လက်နက်ကိုင်တိုက်ပွဲဖြင့်သာ ရယူနိုင်မည်ဟူ၍ ရခိုင်ပြည်ခေါင်းဆောင်များက ယူဆခဲ့ကြ၍ဖြစ်ပေသည်။
၎င်း အယူအဆကို ရခိုင်ပြည်ရှိ ပါတီပေါင်းစုံ တက်ရောက်သော တပ်ပေါင်းစုညီလာခံလည်းဖြစ်သော(၁၉၄၇)ခု၊ ဧပြီလတွင် ကျင်းပခဲ့သည့် မြေပုံမြို့ ညီလာခံတွင် အထင်အရှားတွေ့ရသည်။
ထိုညီလာခံသို့ ဖဆပလ(ရခိုင်တိုင်း)၊ ပြည်သူ့ရဲဘော်အဖွဲ့ (ရခိုင်တိုင်း)၊ ရခိုင်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ်၊ ရခိုင်ပြည်လူငယ်များအစည်းအရုံး၊ ရခိုင်ပြည် တောင်သူလယ်သမားအဖွဲ့ချုပ်တို့ တက်ရောက်ကြသည်။
ဤညီလာခံ၌ ဗြိတိသျှတို့ လက်အောက်မှ လွတ်မြောက်ရေးကို လက်နက်ကိုင်တော်လှန်ရေးနည်းဖြင့် ဆက်လက်တိုက်ပွဲဝင် ရန်ဟူသောလမ်းစဉ်ကို သဘောတူ ချမှတ်ခဲ့ကြပေသည်။
အခြားထူးခြားချက်တရပ်မှာ ဆုံးဖြတ်ချက်များ၌ ရခိုင်လူမျိုးတို့၏ ကံကြမ္မာကို ရခိုင်လူမျိုးများကသာ ဖန်းတီးရန်ဟူ၍ပါရှိခဲ့ပေသည်။

ထိုညီလာခံသို့ ဖဆပလအဖွဲ့ချုပ်မှ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဆွေ၊ ဦးအောင်ဇံဝေစသည့် ခေါင်းဆောင်များ တက်ရောက်ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းက မိမိ၏သဘောထားကို ရှင်းပြဟောကြားရာတွင် လက်နက်ကိုင် တိုက်ပွဲအတွက် ပြင်ဆင်မှုရှိဖို့လိုကြောင်း၊ အကယ်၍ အင်္ဂလိပ်တို့ က လွတ်လပ်ရေးကိုမပေးပါက တော်လှန်တိုက်ခိုက်ရန်အတွက် ပြင်ဆင်ထားမည်ဖြစ်သော်လည်း အဓိကမှာ အင်္ဂလိပ်တို့နှင့်ဆွေးနွေးပြီး တိုင်းပြုပြည်ပြု လွတ်တော်ရွေးကောက်ပွဲမှတဆင့် လွတ်လပ်ရေးရယူရန်ဖြစ်ကြောင်း၊ ရှင်းလင်း ပြောကြားခဲ့သည်။

ဤအယူအဆကို ရခိုင်ပြည်အဖွဲ့အစည်းခေါင်းဆောင်အသီးသီးမှ ခေါင်းဆောင်များက လက်မခံပယ်ချခဲ့ပြီး၊ အချို့က ဗိုလ်ချုပ် အောင်ဆန်းကိုပင် အင်္ဂလိပ်တို့ထံ ဒူးထောက်အညံ့ခံသူဟူ၍ စွပ်စွဲခဲ့ပေသည်။
ဤသို့ဖြင့် ဖဆပလ ခေါင်းဆောင်များနှင့် ရခိုင်ပြည် အဖွဲ့ပေါင်းစုံမှ ခေါင်းဆောင်များ၏ သဘာထားကွဲလွဲခဲ့ကြရာ ဤအကွဲအပြဲများသည်ပင် နောက်ဆက်တွဲအဖြစ် ရခိုင်ပြည်၏ လက်နက်ကိုင်တော်လှန်မှုကို ဖြစ်ပေါ်စေခဲ့သည်။

ဗြိတိသျှတို့သည် မြန်မာပြည်ကို အခြေအနေအရ လွတ်လပ်ရေး မပေးမဖြစ် ပေးရမည်ရှိသောအခါ မြန်မာပြည်ကိုသာ လွတ်လပ်ရေးပေးပြီး၊ ရှမ်းနှင့် တောင်တန်းဒေသများကို ချန်ထားလိုသော သဘောထားများ ရှိခဲ့ ကြသည်။ ရခိုင်ဒေသနှင့် မွန်ဒေသများမှာမူ မြန်မာပြည်နှင့်တပေါင်းတည်း အုပ်ချုပ်ခဲ့ခြင်းကြောင့် ပြဿနာများ မပေါ်ပေါက်သော်လည်း ရှမ်းပြည်အပါအဝင် တောင်တန်းဒေသများနှင့် ပေါင်းစည်းရေးမှာမူ ပြဿနာများရှိခဲ့ပေသည်။ 
ထို့ကြောင့် ရှမ်းပြည်အပါအဝင် တောင်တန်းဒေသ ကိုယ်စားလှယ်များနှင့် ဆွေးနွေး ညှိနှိုင်းပြီး၊ ပေါင်းစည်းရေးအတွက် သဘောတူညီချက်များ ရယူခဲ့ပေသည်။
ဤသို့ဖြင့် ပင်လုံစာချုပ်ဟူ၍ ပေါ်ပေါက်လာခဲ့ရပေသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်း၊ ကချင်၊ ချင်းစသည့် ကိုယ်စားလှယ်များနှင့် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး၊ ထိုပင်လုံစာချုပ်တွင် ရခိုင်လူမျိုး ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးခြင်းနှင့် လက်မှတ်ထိုးခြင်းများ မရှိသည့်အပြင် ထိုလူမျိုးများ၏အကြောင်းကိုလည်း တခွန်းတပါဒမျှ ဆွေးနွေးခဲ့ ခြင်းမရှိပေ။ 
ဤသို့ဖြစ်ရခြင်းအတွက် ရခိုင်အမျိုးသား နောင်လာနောက် သားလူငယ်များက ဝေဖန်မှုများရှိကြသည်။ 
အထူးသဖြင့် ထိုညီလာခံသို့ တက်ရောက်ခဲ့သော ရခိုင်အမျိုးသား ဦးအောင်ဇံဝေ (ဖဆပလကိုယ်စားလှယ်) ကိုပင် အပြစ်တင်ဝေဖန်လေ့ရှိကြပေသည်။ မည်သို့ပင်ဖြစ်စေ ဤသို့ ဖြစ်ရခြင်းမှာ ထိုစဉ်က ရခိုင်အမျိုးသားအရေးကို တာဝန်ယူဆောင်ရွက်မည့် အမျိုးသားပါတီတရပ်ကို မဖွဲ့နိုင်ခြင်းကြောင့်ပင် ဖြစ်သည်။

ထိုစဉ်က ရခိုင်ခေါင်းဆောင်များမှာလည်း လွတ်လပ်ရေးရလျှင် ရခိုင်နှင့်မြန်မာလူမျိုးများ အတူတူ လွတ်လပ်ရေးကို ရကြမည်ဖြစ်ပြီး၊ တန်းတူ ရည်တူအခွင့်အရေးများလည်း ရှိလိမ့်မည်ဟု ယုံကြည်ခဲ့ပါသည်။
ထို့ကြောင့် ရခိုင်အမျိုးသားများသည် မြန်မာတပြည်လုံးနှင့်သက်ဆိုင်သော ပါတီအဖွဲ့ အစည်းများ၌သာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ကြခြင်းလည်းဖြစ်ပေသည်။ (ဒို့ဗမာအစည်းအရုံး၊ ဖဆပလ၊ ဗကပ၊ ပြည်သူ့ရဲဘော်၊ ဆိုရှယ်လစ်ပါတီ) ရခိုင်ခေါင်းဆောင်များအနေဖြင့်လည်း အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပေါ် ယုံကြည်မှုအပြည့်အဝရှိခဲ့ကြပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေး အကြိုကာလဖြစ်သော (၁၉၄၆) ခု၊ မတ်လတွင် စစ်တွေမြို့သို့လာရောက်၍ လွတ်လပ်ရေးအတွက် ဟောပြောစည်းရုံးသည်။

အထူးသဖြင့် ဘုရင်ခံဒေါ်မန်စမစ်၏ အတိုင်ပင်ခံအစိုးရအဖွဲ့၏ ခေါင်းဆောင်များဖြစ်ကြသော ဆာပေါ်ထွန်း၊ ဆာထွန်းအောင်ကျော်တို့မှာ ရခိုင်အမျိုးသားများဖြစ်ကြရာ ထိုအခြေအနေကို ကောင်းစွာ သဘောပေါက်သော ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးအတွက် တိုင်းရင်းသား လူမျိုးစုံ သွေးစည်းညီညွတ်ရေးကို အခြေခံ၍ ဟောပြောခဲ့ပေသည်။
လွတ်လပ်ရေး ရလျှင် တိုင်းရင်းသားလူမျိုးတမျိုးက အခြားလူမျိုးတမျိုးကို ချယ်လှယ် သွေးစုတ်ခွင့် မရှိတော့ပဲ “ဗမာတကျပ်၊ ရခိုင်တကျပ် ဖြစ်စေရမည်” ဟူ၍ ဟောပြောခဲ့ပေသည်။ 
ထိုစဉ်က ရခိုင်နှင့် မြန်မာတို့သည် ဗြိတိသျှ ကိုလိုနီ လက်အောက်တွင် အတူတကွကျရောက်နေကြရသော ဘဝတူများ ဖြစ်ကြသဖြင့် ကွဲပြားမှုနှင့်ခွဲခြားမှုများလည်း မရှိခဲ့ကြပေ။ 
ထိုနည်းတူစွာ လွတ်လပ်ရေးရလျှင် ဤအတိုင်းပင် ရှိလိမ့်မည်ဟု ယုံကြည်ခဲ့ကြပေသည်။

http://union-affrairs.blogspot.comမှ ကူးယူထားပါသည်။

No comments:

Post a Comment