Sunday 23 October 2011

ရခိုင်လူအဖွဲ့အစည်း၏ အမျိုးသားရေးလှုပ်ရှားမှုနှင့် ပြည်ထောင်စုအရေး အပိုင်း(၂)

(၁၉၄၈)ခုနှစ်ဇန်နဝါရီလ(၄)ရက်နေ့တွင် ရှမ်းပြည်နှင့် တောင်တန်း ဒေသများပါဝင်သည့် မြန်မာနိုင်ငံသည် လွတ်လပ်ရေးကို ရရှိခဲ့ပေသည်။
ရှမ်း၊ ကချင်၊ ကရင်၊ ကယား၊ ချင်းလူမျိုးအသီးသီးတို့သည်လည်း အမျိုးသားလုပ်ပိုင်ခွင့်အာဏာများ အတော်အသင့်ရှိသော ပြည်နယ်များကိုရရှိခဲ့ကြပေသည်။

ရခိုင်လူမျိုးများမှာမှု ထိုသို့သော ပြည်နယ်ကိုပင် မရရှိခဲ့ပေ။
မည် သို့ပင်ရှိစေ ရခိုင်အမျိုးသားများသည်ကား မြန်မာတပြည်လုံးနှင့် သက်ဆိုင် သော ပါတီအဖွဲ့အစည်းများဖြစ်သည့် ဖဆပလ၊ ဗကပ၊ ပြည်သူ့ရဲဘော်အဖွဲ့ချုပ်၊ ဆိုရှယ်လစ်ပါတီစသည့် အဖွဲ့အစည်းများ၌သာ တက်တက်ကြွကြွ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြပေသည်။
မြန်မာနိုင်ငံတွင် ဖွဲ့စည်းခဲ့ကြသော ပါတီအဖွဲ့စည်းများအနက် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပြည်သူ့ရဲဘော်အဖွဲ့ ချုပ်တို့တွင် တိုင်းရင်းသားလူမျိုးများအရေးနှင့် ပတ်သက်၍ ကိုယ်ပိုင် ပြဌာန်းခွင့်ကို အသိအမှတ်ပြု လက်ခံထားကြသည်ကိုလည်း တွေ့ရပေသည်။
ဖဆပလအဖွဲ့ချုပ်တွင်လည်း နေသူရိန် အစည်းအဝေး မှတ်တမ်းများ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများအရ တိုင်းရင်းသားလူမျိုးများ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အသိအမှတ်ပြု လက်ခံလာကြသည်ဟု ဆိုရမည်ဖြစ်သော်လည်း ဖဆပလ၏ နောက်ပိုင်း ခေါင်းဆောင်များမှာမူ တကယ်တမ်း လက်ခံလိုက်နာမှု မရှိသည်ကိုတွေ့ရပေသည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့ကြသော ခေါင်းဆောင်များသည် မိမိတို့၏ အာဏာ တည်မြဲရေးကိုသာ ဦးစားပေး ကြပြီး အခြားတိုင်းရင်းသားလူမျိုးများအရေးကို အလေးမမူ ဂရုမစိုက်သည့် အခြေအနေများနှင့် ကြုံတွေ့လာရပေသည်။ 
အထူးသဖြင့် ပြည်တွင်းစစ် ကို အကြောင်းပြု၍ အခြား တိုင်းရင်းသားများအပေါ် မယုံမကြည် ခွဲခြား ဆက်ဆံမှုများလည်း ရှိခဲ့ကြပေသည်။
ထိုကြောင့် ရခိုင်အမျိုးသားများသည် မိမိတို့၏ အမျိုးသားရေးကိုဆောင်ရွက်ရန် ရတည (ရခိုင်တိုင်းရင်းသား ညီညွတ်ရေးပါတီ)ကို ဖွဲ့စည်းကာ ရခိုင်အမျိုးသားများ၏ အမျိုးသားဆိုင်ရာ အခွင့်အရေးများနှင့် ရခိုင်ပြည်နယ် ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လာသည်ကို တွေ့ရပေသည်။
ဖဆပလ နှစ်ခြမ်းကွဲပြီး နောက်ပိုင်းတွင်မူ သန့်ရှင်းဖဆပလ၏ တိုင်းရင်းသားလူမျိုးများအပေါ် သဘောထားများကို အောက်ပါအတိုင်းတွေ့ရပေသည်။

“ပြည်ထောင်စုသည် မြန်မာလူမျိုးများအတွက်သာမက မွန်၊ ရခိုင်၊ ကရင်၊ ရှမ်း၊ ကချင်၊ ချင်း၊ ကယား၊ အစရှိသော လူမျိုးအားလုံး အတွက်လည်း ဖြစ်စေသင့်သည်။ ထိုလူမျိုးစုများ အညီအညွတ်၊ စည်းစည်းလုံးလုံး နေထိုင်ရာလည်း ဖြစ်၍၊ လူမျိုးတိုင်းက ကိုယ့်နိုင်ငံ၊ ကိုယ့်တိုင်းပြည်ဟု ဂုဏ် ယူလိုသော နိုင်ငံလည်း ဖြစ်စေသင့်ပေသည်။ သွေးမတူသောကြောင့်လည်းကောင်း၊ ယဉ်ကျေးမှု မတူသောကြောင့်လည်းကောင်း နောက်ကြောင်း ရာဇဝင်မတူသောကြောင့်လည်းကောင်း၊ ခွဲခြားခွဲခြားဖြစ်ချင်သော ခွဲခြားရေး စိတ်ဓာတ်တို့ကို ကွယ်ပျောက်၍ ပြည်ထောင်စုစိတ်ဓာတ်သည် တဖွားဖွား ပေါ်ပေါက်လာစေသင့်လေသည်။
(သန့်ရှင်းဖဆပလ၏ မူဝါဒနှင့်လုပ်ငန်းစဉ်စာအုပ် ပြည်ထောင်စုစည်းရုံးရေးအပိုင်း စာမျက်နှာ ၇၃၊ အပိုဒ် ၃ မှ ၁၁ ထိ ကောက်နှုတ်ဖေါ်ပြချက်)

၎င်းပြင် သန့်ရှင်းဖဆပလဥက္ကဋ္ဌဦးနုသည်ရခိုင်ပြည်နယ်၊ မွန်ပြည် နယ်ပေးရန်အတွက် ကတိများလည်း ပေးခဲ့ပေသည်။ 
ထို့ကြောင့် ရခိုင် တိုင်း ရင်းသားများညီညွတ်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်များသည် သန်ရှင်း ဖဆပလကို အပြည့်အဝထောက်ခံခဲ့ကြပေသည်။
ဤသို့ဖြင့် (၁၉၆ဝ)ခုနှစ်၊ ဧပြီလ(၅)ရက်နေ့တွင် ကျင်းပခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံတော် တတိယ အကြိမ်မြောက်၊ ပထမအကြိမ် ပါလီမန် အစည်းအဝေးတွင် ရခိုင်ပြည်နယ် နှင့် မွန်ပြည်နယ်အကြောင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက အောက်ပါအတိုင်း မိန့်ခွန်းပြောကြားခဲ့ပေသည်-

“တိုင်းရင်းသားတွေရဲ့ စိတ်ထဲမှာ ပြည်နယ်လိုချင်တဲ့ဆန္ဒ နှစ်နှစ်ကာကာ ရှိကြတယ်ဆိုရင် မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်ကို ပေးပါမယ်လို့ ကျ နော် ကတိပေးဖူးပါတယ်။
ဒီမိုကရေစီနဲ့ အညီ ၄င်းဒေသအတွင်း နေထိုင်ကြတဲ့ ပြည်သူလူထုအတွက် အေးအေးချမ်းချမ်း၊ ချစ်ချစ်ခင်ခင်၊ ပျော်ပျော်ရွှင်ရွှင် အမျိုးဖြစ်စေမယ့်နည်းနဲ့အညီ၊ ၄င်းသက်ဆိုင်ရာ တိုင်းရင်းသားပြည်သူလူထုရဲ့ တကယ့်ဆန္ဒကို သိရအောင် ပြုပြင်ပြီးတဲ့နောက် သိရတဲ့အချက်တွေကို မူတည်ပြီး ကတိအတိုင်း အစောဆုံး ဆောင်ရွက်ပေးပါမယ်။ 
သက်ဆိုင်ရာ လူထုဆန္ဒကို သိရအောင်ပြုရမယ့်ကိစ္စမှာ ပြုပြင်ပုံပြုပြင်နည်းနှင့်ပတ်သက်ပြီး ကျနော်ဟာ သက်ဆိုင်ရာ ခေါင်းဆောင်များနှင့် တိုင်ပင်ပါမယ်။”

(၁၉၆ဝ)ခုနှစ် သြဂုတ်လ (၂၂)ရက်နေ့ တတိယအကြိမ်မြောက်၊ ဒုတိယအကြိမ် ပါလီမန် အစည်းအဝေးမှာ နိုင်ငံတော်ဝန်ကြီးချုပ်က အောက်ပါအတိုင်း ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်ကိစ္စကို မိန့်ခွန်းပြောခဲ့ပြန်သည်-

“မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ကိစ္စနှင့်ပက်သက်ပြီး အထင်လွဲမှု တွေမရှိရအောင် အစိုးရရဲ့သဘောထားကို အောက်ပါအတိုင်း ရှင်းလင်းဖော် ပြပါရစေ။
၁) သက်ဆိုင်ရာဒေသရှိလူထုက ပြည်နယ်လိုချင်တယ်ဆိုလို့ရှိရင် မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်ကို ပေးပါ့မယ်။

၂) သက်ဆိုင်ရာဒေသလူထုရဲ့ဆန္ဒကိုအကောင်းဆုံး ဘယ်နည်းနဲ့ ရယူမယ်ဆိုတာ သက်ဆိုင်ရာ ပုဂ္ဂိုလ်များနဲ့တိုင်ပင်ပြီး အစိုးရ အတိုင်ပင်ခံအဖွဲ့က အစိုးရကိုအကြံပေးရမယ်။
အတိုင်ပင်ခံ အဖွဲ့က ပေးတဲ့အကြံရလျှင် သက်ဆိုင်ရာဒေသရှိ လူထုရဲ့ ဆန္ဒကို အစိုးရကယူပေးမယ်။
ဒီနေရာမှာ ထပ်ပြီး ရှင်းပါစေ။
အစိုးရအတိုင်ပင်ခံအဖွဲ့က မွန်နဲ့ရခိုင်ပြည်နယ်ပေးသင့်/မပေး သင့်ကိစ္စအတွက် အစိုးရကို အကြံပေးရန်မဟုတ်၊ သက်ဆိုင်ရာ ဒေသရှိ လူထုဆန္ဒကို အကောင်းဆုံးဘယ်နည်းနဲ့ ရယူမယ်ဆိုတာကိုသာ အကြံပြုရန်သာဖြစ်တယ်။ 
ဒီအကြံကို စောနိုင်သမျှ စောစောပေးရန် အစိုးရက တိုက်တွန်းပေးမယ်။

၃) မွန်နှင့်ရခိုင်ပြည်နယ်ကိစ္စနှင့်ပက်သက်ပြီး အတိုင်ပင်ခံအဖွဲ့နဲ့ သွား ရောက်ဆွေးနွေးကြတဲ့ ပြည်ထောင်စု အဖွဲ့ဝင်မဟုတ်တဲ့ ပုဂ္ဂိုလ်တွေဟာသက်ဆိုင်ရာဒေသရှိလူထုရဲ့ဆန္ဒကို အကောင်းဆုံး ဘယ်နည်းနဲ့ ယူနိုင်မယ်ဆိုတာကိုလည်း ပြောနိုင်တယ်။ 
မွန်နဲ့ရခိုင်ပြည်နယ် ပေးသင့်/မပေးသင့်ဆိုတာကိုလည်း လွတ်လွတ်လပ်လပ်ပြောနိုင်ပါတယ်။

၎) သို့ရာတွင် ပြည်ထောင်စုအဖွဲ့ဝင်များဖြစ်ကြတဲ့ သက်ဆိုင်ရာ ဒေသရှိ အမျိုးသားများမူကား အတိုင်ပင်ခံ အဖွဲ့နှင့် ဆွေးနွေးတဲ့အခါ သက်ဆိုင်ရာဒေသရှိလူထုရဲ့ဆန္ဒကို အကောင်းဆုံး ဘယ်နည်းနဲ့ ယူသင့်တယ်ဆိုတဲ့ အချက်ကိုသာ ဆွေးနွေးပြီး၊ မွန်နှင့်ရခိုင်ပြည်နယ် ပေးသင့်မသင့်ဆိုတဲ့ကိစ္စကို အတိုင်ပင်ခံအဖွဲ့နဲ့ မဆွေးနွေးအောင် တားမြစ်ပေးမယ်။
၅) ပြည်ထောင်စု အဖွဲ့ဝင်များဖြစ်ကြတဲ့ သက်ဆိုင်ရာဒေသရှိ အမျိုးသားတွေဟာ မွန်နဲ့ရခိုင်ပြည်နယ် ယူသင့်/မသင့်ကိစ္စကို သက်ဆိုင်ရာဒေသရှိလူထုနှင့်လွတ်လွတ်လပ်လပ် ဆွေးနွေး နိုင်တယ်။ လွတ်လွတ်လပ်လပ် ဟောပြောနိုင်တယ်။

၆) အကယ်၍ သက်ဆိုင်ရာဒေသရှိလူထုက ပြည်နယ်ကို လိုချင်တယ်လို့ ဆုံးဖြတ်တဲ့အတွက် မွန်နဲ့ ရခိုင်ပြည်နယ်ပေးရန်ကိစ္စ လွှတ်တော်ထဲမှာ ဆွေးနွေးရင် ပြည်ထောင်စုအဖွဲ့ဝင်များဖြစ်ကြတဲ့ သက်ဆိုင်ရာဒေသရှိ အမတ်တွေက မိမိကြိုက်သလို လွတ်လွတ် လပ်လပ် ဆွေးနွေးနိုင်တယ်။ မဲပေးရန်ကိစ္စပေါ်လာရင်လည်း မိမိတို့ရဲ့မဲကို လွတ်လွတ်လပ်လပ် မဲပေးနိုင်တယ်။

၇) သက်ဆိုင်ရာဒေသရှိလူထုက ပြည်နယ် လိုချင်တယ်လို့ ဆုံးဖြတ်တဲ့အတွက် မွန်နဲ့ရခိုင်ပြည်နယ်ပေးရေးကိစ္စ လွှတ်တော်ထဲမှာ ပေါ်လာရင် ပြည်ထောင်စုအဖွဲ့ရဲ့ သက်ဆိုင်ရာဒေသမှ အမတ်တွေမှလွဲပြီး အခြားအမတ်တွေအားလုံးဟာ မွန်နဲ့ရခိုင် ပြည်နယ် ပေးရေးကိစ္စကို ထောက်ခံကြရမည်။”

အထက်ပါ မိန့်ခွန်းနှစ်ရပ်ပေါင်း၏ အဓိပ္ပါယ်ဖွင့်ဆိုပါက အောက်ပါအတိုင်း နားလည်နိုင်ပေသည်-
၁) ရခိုင်အမျိုးသားများသည် ပြည်နယ် ရရှိထိုက်သည်။
၂) ရခိုင်အမျိုးသားများ တကယ်အလိုရှိပါက ပြည်နယ်ပေးမည်။
၃) ရခိုင်အမျိုးသားများဆန္ဒကို သိရှိအောင် ဒီမိုကရေစီနည်းနှင့်အညီ ပြုလုပ်ဆောင်ရွက်ပေးမည်။
၎) ထိုသို့ပြုလုပ်ဆောင်ရွက်မည့် နည်းကို ခေါင်းဆောင်များနှင့် တိုင်ပင်မည်။
၅) ရခိုင်အမျိုးသာများ၏ ဆန္ဒကို သိသည်နှင့်တပြိုင်နက်ပြည်နယ် ပေးရေးကို အစောဆုံး ဆောင်ရွက်ပေးမည်ဟူ၍ဖြစ်လေသည်။


ထို့ပြင် မြန်မာနိုင်ငံသည်(၁၉၄၈)ခုနှစ်တွင်လွတ်လပ်ရေးရရှိခဲ့သည်။ 
ပင်လုံစာချုပ်နှင့် ပင်လုံ သဘာတူညီချက်များအရ မြန်မာနိုင်ငံကို ပြည်ထောင်စု အဖြစ်ဖွဲ့စည်းရန် သဘောတူခဲ့ကြ၏။ 
သို့ရာတွင် မြန်မာနိုင်ငံ၏ နောက်ပိုင်း ခေါင်းဆောင်များသည် ဤအခြေခံ သဘောတူညီချက်များမှ သွေဖီခဲ့ကြ၏။
ထို့ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံအဖြစ်နှင့် ဖြတ်သန်းခဲ့ကြသော (၁ဝ) နှစ်ကျော်ခရီးတွင် တိုင်းရင်းသားလူမျိုးများ၏ မကျေနပ်မှုများကို ပေါ်ပေါက်စေ၏။
ပြည်နယ်များ၏ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး နယ်ပယ်များတွင်လည်း အကျပ်အတည်းများ ဖြစ်ပေါ်လာ၏။
ထို့ကြောင့် (၁၉၆၂) ခုနှစ် ဇွန်လ (၈)ရက်မှ (၁၆)ရက်နေ့အထိ ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ညီလာခံတရပ်ကို ကျင်းပကာ တိုင်းရင်းသားလူမျိုးများ၏ နစ်နာချက်၊ လိုလားချက်နှင့် ရပိုင်ခွင့်များကို တင်ပြခဲ့ကြသည်။
ထိုညီလာခံကိုလည်း ပြည်နယ်ပေါင်းစုံ ညီလာခံကြီးအဖြစ်နှင့် ကျင်းပခဲ့ပေသည်။
ညီလာခံကို ပြည်နယ် ရရှိပြီး ဖြစ်သောလူမျိုးများ၏ ကိုယ်စားလှယ်များ တက်ရောက်ကြသကဲ့သို့ ပြည်နယ် မရှိသေးသော ရခိုင်နှင့်မွန် ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြလေသည်။ 
ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်များနှင့် သက်ဆိုင်သည့် အဆိုကိုလည်း တင်သွင်းခဲ့ကြလေသည်။
ဤအဆိုတွင်- “ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် ပြည်နယ်ရသင့်ရထိုက်သော အရည်အချင်းနှင့် ပြည့်စုံသည့် မွန်၊ ရခိုင် လူမျိုးစုများက ဆန္ဒပြင်းပြစွာဖြင့် လိုလား တောင်းဆိုလျက်ရှိသော ပြည်နယ်များကို အမြန်ဆုံး အကောင်အထည် ဖေါ်ထုတ်ပေးရန် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရအား ဤညီလာခံကြီးမှ တိုက်တွန်းကြောင်း” စသည်ဖြင့် တိုက်တွန်းခဲ့လေသည်။

အထက်ပါ အခြေအနေအရပ်ရပ်ကို လေ့လာသုံးသပ်ကြည့်ခြင်းအားဖြင့် ရခိုင်လူမျိုးများသည် ဘာသာစကား၊ ယဉ်ကျေးမှု၊ လူဦးရေ၊ ပထဝီ အနေအထား၊ စီးပွားရေးအခြေအနေ၊ သမိုင်းအစဉ်အလာများအရ သီးခြားလူမျိုး တမျိုးဖြစ်ပြီး၊ ပြည်သူများအနေဖြင့်လည်း ပြည်နယ်ရလိုကြောင်း ပြင်းပြသောဆန္ဒများကို ထုတ်ဖေါ်ပြသခဲ့ကြပေသည်။ 
ထို့ကြောင့် ပြည်ထောင်စုအစိုးရသည် ရခိုင်ပြည်နယ် ဖေါ်ထုတ်ရေးအတွက် ကတိများပေးရုံသာမက ရခိုင်ပြည်နယ်ပေးရေးအတွက် ပြင်ဆင်မှုများပင် ရှိလာခဲ့ပေသည်။ 
သို့ရာတွင် (၁၉၆၂)ခုနှစ်၊ မတ်လ(၂)ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းလိုက်သောအခါ ရခိုင်ပြည်နယ်အရေးသည် ရွှေပြည်တော် မျှော်တိုင်း ဝေးခဲ့ရပြန်ပါသည်။

တပ်မတော်သည် အာဏာသိမ်းပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို တည်ထောင်ခဲ့ပေသည်။ 
လမ်းစဉ်ပါတီခေတ်တွင်ကား လူမျိုးများဆိုင်ရာ အခွင့်အရေးများ တွေးခေါ်မှုများနှင့် အမျိုးသားရေး လူပ်ရှားမှုများမှာ ဗဟို ဦးစီးချုပ်ကိုင်မှုစနစ်အောက်၌ ဆိတ်သုဉ်းခဲ့ရေပေသည်။
ရခိုင်အမျိုးသားများမှာလည်း ဆိုရှယ်လစ်စနစ်ကို တကယ်ယုံကြည်သူများထက် ရာထူးမျှော်သူများနှင့် ပြည်ထဲရေးထက် ဝမ်းရေးခက်ကြသူများမှာ ဆိုရှယ်လစ်ဝဲကတော့ထဲတွင် ချားရဟတ်လည်လျက်သာရှိကြပေသည်။
အချို့သော ရခိုင်အမျိုး သားများမျိုးချစ်များကမူ မိမိတို့၏ အမျိုးသားရေးဆိုင်ရာ အခွင့်အရေးများကို နိုင်ငံရေးနည်းနှင့် ကြိုးပမ်း၍ မရနိုင်သောအခါ လက်နက်ကိုင်တော်လှန်ရေးနည်ဖြင့် ကြိုးပမ်းလာကြသည်ကိုလည်း တွေ့ရပေသည်။
(“စစ်သည် နိုင်ငံရေး၏အဆက်” ဟူ၍ နိုင်ငံရေး သုခမိန်များက အဆိုရှိခဲ့ပေသည်။)

ဤသို့ဖြင့် စံကျော်ထွန်းဦးဆောင်သော(A.I.A.)ခေါ်ရခိုင်လွတ်လပ်ရေးတပ်မတော်နှင့် ခိုင်မိုးလင်းဦးစီးသော (A.L.P.)ခေါ် ရခိုင်လွတ်မြောက်ရေးပါတီများ အသီးသီးပေါ်ပေါက်လာခဲ့ရာ ရခိုင်အမျိုးသားများသည် မိမိအမျိုး သားရေးအတွက်နည်းအမျိုးမျိုးဖြင့် တိုက်ပွဲဝင်ကြိုးပမ်းကြသည်ကို တွေ့ရပေသည်။

လမ်းစဉ်ပါတီအစိုးရသည် (၁၉၇၄)ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေတရပ်ကို ရေးဆွဲခဲ့သည်။
ထိုသို့ရေးဆွဲရာတွင် ရခိုင်အမျိုးသားများက ပြည်ထောင်စုစစ်စစ်မူတရပ်ကို အကြံပြုတင်ပြခဲ့ကြ၏။ 
မည်သို့ပင် တင်ပြစေကာမူ အမည်အားဖြင့်သာ ပြည်ထောင်စုဟူ၍ပါသော တပြည်ထောင်စနစ်ကို ရေးဆွဲ အတည်ပြု ပြဌာန်းခဲ့ပေသည်။ 
ထိုဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ရခိုင်အမျိုးသားများမှာလည်း အနှစ်သာရ ကင်းမဲ့သော အမည်ခံ ပြည်နယ်ကို ရရှိခဲ့ပေသည်။
တပါတီစနစ်၏ စိုးမိုးချယ်လှယ် အုပ်ချုပ်မှုနှင့်အတူ ရခိုင်ပြည်နယ်၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးနှင့် လူမှုရေးများပါ ယိုယွင်းကျဆင်းခဲ့ရပေသည်။ မြန်မာတနိုင်ငံလုံးသည် အဆင်းရဲဆုံးနိုင်ငံ ဘဝသို့ ကျရောက်ခဲ့ရသကဲ့သို့ ရခိုင်ပြည်နယ်မှာလည်း “ဖွတ်ကျော ပြာစု၊ ခရုအဆံကျွတ်” ဖြစ်ခဲ့ရပြီး အဆင်းရဲဆုံး ပြည်နယ်တခု ဖြစ်လာခဲ့ရပေသည်။

ရခိုင်ပြည်နယ်သည် သဘာဝအရင်းအမြစ်နှင့် အတော်အသင့် ပြည့်စုံသောပြည်နယ်ဖြစ်သည်။ 
လူဦးရေနှင့် နှိုင်းစာလျှင် ဆန်းစပါးလည်း ပေါများသည်။ 
ပင်လယ်ပြင်ကို အကြောင်းပြု၍ သား၊ ငါး၊ ပုဇွန်ပေါများသည်။ ကမ်းလွန်ဒေသတွင်လည်း နည်းပညာဖြင့် ပေါင်းစပ် ထုတ်လုပ်နိုင်မည်ဆိုပါက ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ထုတ်ယူနိုင်သည်။ 
သစ်မာများ၊ ဝါးတောများလည်းပေါများသည်။ 
ဤကဲ့သို့သော သဘာဝအရင်းအမြစ်အခြေခံများရှိပါလျက် ရခိုင်အမျိုးသားတို့၏ စီးပွားရေးဘဝမှာကား ဆင်းရဲနုံခြာခဲ့ကြရသည်။
လူမှုရေး အဆင့်အတန်းအားဖြင့် အလွန်နိမ့်ကျလျက်ရှိသည်။ အမျိုးသားစိတ်ဓာတ်များကျဆင်းကာ အကြောင်းတရားများသာ လွှမ်းမိုး လျက်ရှိသည်။
လျှပ်စစ်ဓာတ်အားကို ထုတ်ယူနိုင်သော ရေတံခွန်ရှိပါလျက် ရခိုင် လူ့အဖွဲ့အစည်းမှာမှု လျှပ်စစ်ဓာတ်အားကိုပင် အလုံအလောက် အသုံးမပြု နိုင်ဘဲ ယနေ့တိုင် ပြည်သူအများစုသည် ရေနံဆီမီးခွက်များကိုပင် အသုံးပြုလျက် ရှိကြပေသည်။ ဤကဲ့သို့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး စသည့်အမျိုးသားရေးပြဿနာရပ်များကို ဖြေရှင်းနိုင်ရန်အတွက် ရခိုင်အမျိုးသားများသည် အမျိုးသားရေးဆိုင်ရာလုပ်ပိုင်ခွင့်များလိုအပ်လာပါသည်။ 
ထို့ ကြောင့် စစ်မှန်သောပြည်ထောင်စုကြီးကိုဖေါ်ဆောင်လျက် ပြည်ထောင်စု၏ အာဏာကို အမျိုးသားများအညီအမျှ တန်းတူရည်တူခွဲဝေကျင့်သုံးရန် လို အပ်ပေသည်။
ပြည်ထောင်စုအာဏာနှင့် ပြည်နယ် အာဏာများကိုလည်း ဒီမိုကရေစီရေး၊ တန်းတူရေး၊ တရားမျှတရေးအခြေခံဖြင့် မျှတစွာခွဲဝေကျင့် သုံးရမည်။
ထို့ကြောင့် အမျိုးသား လုပ်ပိုင်ခွင့်အာဏာများ အပြည့်အဝရှိသော ရခိုင်ပြည်နယ်ရရှိရေးသည် ရခိုင်အမျိုးသားများ၏ ရည်မှန်းချက်ပင် ဖြစ်သည်။
(၁၉၈၈)ခုနှစ်တွင် အထွေထွေအကျပ်အတည်းကြောင့် ဒီမိုကရေစီ အရေးတော်ပုံကြီးပေါ်ပေါက်ခဲ့ပေသည်။
ထိုအရေးတော်ပုံကြီးတွင် ရခိုင်အမျိုးသားများသည်လည်း မိမိတို့၏ဆန္ဒကို ထုတ်ဖေါ်ပြသခဲ့ကြသည်။
အထူးသဖြင့် အမျိုးသားဆန္ဒကို ထုတ်ဖေါ်ပြသခဲ့ပေသည်။ 
နိုင်ငံရေးပါတီများဖွဲ့စည်း ခွင့်ရလာသောအခါ ရခိုင်အမျိုးသားသမဂ္ဂခေါင်းဆောင်များသည် ထင်ရှားသော ရခိုင်အမျိုးသား ပုဂ္ဂိုလ်ကြီးများနှင့် ဆွေးနွေးပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ဖွဲ့စည်းတည်ထောင်ခဲ့ကြပေသည်။
ထို့နောက် ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီးမှ မျိုးချစ်ပုဂ္ဂိုလ်များကို စုစည်းပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ကျယ်ပြန့်စွာ ဖွဲ့စည်းခဲ့သည်။ 
အဖွဲ့ချုပ်၏ မူဝါဒနှင့် လုပ်ငန်းစဉ်များကိုလည်း ပြည်သူများထံချပြပြီး စည်းရုံးခဲ့သည်။ (၁၉၉ဝ)ရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးခံခဲ့ရာ ကိုယ်စားလှယ်(၁၁)နေရာတွင် အောင်နိုင်မှုရရှိခဲ့ပြီး ရွေးချယ်ခြင်းမခံရသည့် နေရာများတွင်လည်း ပြည်သူများ၏ထောက်ခံမှုရှိကြောင်းကို ရရှိသောမဲများက သက်သေထူခဲ့သည်။

ဤကဲ့သို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သည် ရခိုင်အမျိုးသားပြည်သူ အများစု၏ ထောက်ခံမှုရရှိခဲ့သဖြင့် ပြည်သူက ပေးအပ်သောအမျိုးသား ရေးကို ဆောင်ရွက်ရန်တာဝန်လည်းရှိပေသည်။
သို့ရာတွင် နဝတ/နအဖ အစိုးရသည် ပြည်သူတို့၏ဆန္ဒကို လျစ်လျူ ရှုကာ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖျက်သိမ်းခဲ့လေသည်။
မည်သို့ပင်ရှိစေ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်များသည် ရခိုင်အမျိုးသားအများစု၏ပေးအပ်သော အမျိုးသားရေး တာဝန်များကို ဆောင်ရွက်ရန် တာဝန်ရှိသည်နှင့်အညီ အခြား တိုင်းရင်းသားပါတီများနှင့် ညှိနှိုင်း ဆောင်ရွက်ခဲ့ကြပေသည်။
ဤသို့ဖြင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့၊ ဇိုမီးအမျိုးသားကွန်ဂရက်စသည့် (၄)ပါတီ မဟာမိတ်အဖွဲ့သည် မိမိအမျိုးသားရေးနှင့် တိုင်းရင်းသားလူမျိုးများ အရေးအတွက် အခိုင်အမာ ရပ်တည်ခဲ့ကြလေသည်။
ပြည်သူ့လွှတ်တော်ပေါ်ပေါက်ရေးနှင့်တကွ တိုင်းရင်းသား လူမျိုးများ ပြဿနာဖြေရှင်းရေးဆိုင်ရာ အခြေခံမူများကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များနှင့် အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ပြည်သူ့လွှတ်တော် ပေါ်ပေါက်ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ သို့ရာတွင် နဝတ/နအဖ အာဏာပိုင်များသည် ပြည်သူ့ လွှတ်တော်ပေါ်ပေါက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို နည်းအမျိုးမျိုးဖြင့် ဟန့်တား နှောက်ယှက်ခဲ့ကြသည်။ 
ဤသို့ ဟန့်တား နှောက်ယှက်မှုများကြောင့် ပြည်သူ့လွှတ်တော်တရပ် မပေါ်ပေါက်နိုင်သေးသော်လည်း လွှတ်တော်ကိုယ်စားပြုကော်မတီကိုကား အခိုင်အမာ ဖွဲ့စည်းနိုင်ခဲ့ပေသည်။
ထိုကော်မတီတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် တွဲဘက်အထွေထွေ အတွင်းရေးမှူး ဦးအေးသာအောင်သည် အတွင်းရေးမှူး တာဝန်ကို ပေးအပ်ခြင်းခံရပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဦးစောမြအောင်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်းခံရပေသည်။

ယနေ့ မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်များတွင် ဆိုးရွားသော အကျပ်အတည်းများ နှင့်ရင်ဆိုင်ကြုံတွေ့လျက်ရှိပေသည်။ 
ဤအကျပ်အတည်းများကို ဖြေရှင်းနိုင်ရန် တခုတည်းသော နည်းလမ်းမှာ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းမှတပါး အခြားနည်းလမ်းမရှိပေ။
တွေ့ဆုံ ဆွေးနွေးခြင်းဖြင့်သာ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ရယူနိုင်ပြီး ဒီမိုကရေစီထွန်းကားရေးနှင့် တိုင်းရင်းသား လူမျိုးများပြဿနာကို လက်တွေ့ကျကျဖြေရှင်းနိုင်ပေမည်။
ဤပြဿနာသည် အမျိုးသားရေး ပြဿနာ၏ အဓိကကျသောပြဿနာလည်းဖြစ်ပေသည်။
ဤပြဿနာများကို ဖြေရှင်းရန်အတွက် ဒီမိုကရေစီ အခြေခံတရားများ ထွန်းကားရန်လည်း လိုအပ်ပေသည်။
ဤအခြေခံများဖြင့်သာ အမျိုးသား သွေးစည်းညီညွတ်ရေးကို တည်ဆောက်နိုင်ပေမည်။ ဒီမိုကရေစီအခွင့်အရေးများအနက် ပြည်သူတို့၏ လွတ်လပ်ခွင့်နှင့် အချုပ်အခြာအာဏာသည် ပြည်သူလူထုမှ ဆင်းသက်သည်ဟူသော အခြေခံတရားများကို လေးစား လိုက်နာရန်လိုသည်။

ထို့ကြောင့် (၁၉၉ဝ)ပြည့်နှစ်ရွေးကောက်ပွဲသည် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဖြစ်သည့်အားလျော်စွာ ပြည်သူ့လွှတ်တော်ကို ခေါ်ယူ ကျင်းပပေးရန်လိုသည်။
ပြည်သူ့လွှတ်တော်မှ ချမှတ်ပေးသော အမျိုးသား လုပ်ငန်းစဉ်ဖြင့် တိုင်းရင်းသားလူမျိုးများပြဿနာကို ဖြေရှင်းရပေမည်။ 
တိုင်း ရင်းသားပြဿနာကို ဖြေရှင်းမည်ဆိုပါကလည်း ဒီမိုကရေစီကျပြီး ပိုမို ကျယ်ပြန့်သော ညီလာခံတရပ်ကို ကျင်းပရန်လိုသည်။
ထိုညီလာခံ၌ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ရရှိလာသောအခြေခံမူများဖြင့်သာ စစ်မှန်သော ပြည်ထောင်စုကို တည်ဆောက်ရမည်ဖြစ်ပေသည်။

ထို့ကြောင့် အကျပ်အတည်းများနှင့် ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာများကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းရေး၊ အမျိုးသားစည်းလုံး ညီညွတ်ရေးမှသည် စစ်မှန်သောပြည်ထောင်စုကြီး ပေါ်ပေါက်ရေးစသည်တို့သည် တမျိုးသားလုံး၏ အဓိကတာဝန်ဖြစ်ပေသည်။ 
ထိုနည်းတူစွာ ရခိုင်အမျိုးသားများ၏ တာဝန်လည်းဖြစ်ပေသည်။ 
ဤသို့ဖြင့် ရခိုင်အမျိုးသားများသည် ဖြတ်သန်းလာခဲ့ရသော အမျိုးသားလူပ်ရှားမှု အတွေ့အကြုံများကို သင်ခန်းစာယူပြီး စစ်မှန်သောပြည်ထောင်စုဖွဲ့စည်ခြင်း၊ ပြည်ထောင်စု၏ အာဏာကို အမျိုးသားများ အညီအမျှတန်းတူရည်တူ ခွဲဝေကျင့်သုံးခြင်းအားဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ပြည်နယ် ဖြစ်ပေါ်လာရေးအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းသွားကြရပေမည်။
အောင်ကောင်းမွန်
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်

http://union-affairs.blogspot.com
မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment