Sunday 16 October 2011

ချိုတကူးနှင့်ဂုဏ်ရည်တူသူများ

(မင်းဒင်ရေးသည်)

ဆရာအောင်သင်း၏ “ချိုတကူးနှင့်ဂုဏ်ရည်မတူ”ကို ကျနော်အထက်တန်းကျောင်း သားဘဝက ဖတ်ခဲ့ရဘူးသည်။
ဆရာအောင်သင်း၏စာပေဟောပြောပွဲများတွင်လည်း ချိုတ ကူးကိုပြန်တွေ့ရပြန်ပါသည်။ 
တွေ့ဖန်များပါသော် ချိုတကူးကိုကျနော်ရင်းနှီးလာသည်။ 
အ ပြည့်အစုံမဟုတ်သည့်တိုင် မှတ်မိသမျှချိုတကူး၏အကြောင်းမှာ အောက်ပါအတိုင်းဖြစ်၏။
ချိုတကူးမှာ မြေလတ်မြို့လေးတမြို့မှ ဆယ့်သုံးနှစ်သားအရွယ် ကုလားလေးဖြစ်ပါ သည်။ ချိုတကူးသည်ထိုမြို့သားမဟုတ်ပါ။ 
ဒုတိယကမBာစစ်အတွင်းတွင် ချိုတကူးတို့မိသား စု အိန္ဒိယပြည်သို့ပြန်မည့်သင်္ဘောတစင်း အဆိုပါမြေလတ်မြို့ဆိပ်ကမ်းတွင်ကပ်နေစဉ် ချို တကူးတို့သားအဖသုံးယောက် အစားအသောက်ဝယ်ရန်ဆိပ်ကမ်းသို့အဆင်း ရုတ်တရက် လေကြောင်းရန်အချက်ပေးဥသြသံကြောင့် ကမ်းမှအရေးပေါ်ထွက်ခွါသွားခဲ့ရာ ချိုတကူးတို့ သားအဖသုံးယောက် မိသားစုနှင့်ကွဲကွာကျန်ရစ်ခဲ့ရရှာသည်ဟုဆိုပါသည်။ မကြာမတင်မှာ တော့ ချိုတကူး၏အဖေနှင့်အကိုမှာ ကာလဝမ်းရောဂါကြောင့် ရှေ့ဆင့်နောက်ဆင့်ဆုံးပါးကြ ကုန်ရာ တမြို့တရွာတွင် တကောင်ကြွက်တမျက်နှာ ကျန်ရစ်ခဲ့ရှာသောချိုတကူးမှာ တမြို့ လုံးခိုင်းဖတ်ဘဝရောက်ရရှာသည်။ တဝမ်းတခါးအတွက် ရေခပ် ထင်းခွဲမှအစ အောက်ခြေ သိမ်း အမှိုက်သိမ်း လူတကာမလုပ်ချင်သည့်အလုပ်မျိုးစုံဖြင့် အသက်ဆက်ခဲ့ရရှာသူဖြစ် သည်။ လူတကာကိုအောက်ကျို့ကာ ဘဝကိုဖြစ်သည့်နည်းဖြင့် ရုန်းကန်နေရသည့် မိမရှိ ဘ မရှိ ဆွေမျိုးဉာတကာနတ္ထိ ချိုတကူးကို တမြို့လုံးက ကရုဏာသက်ကြသည်ဟုဆို၏။ သို့ သော် ချိုတကူးကား သူ့ဘဝကိုပျော်ပျော်ပင်ဖြတ်ကျော်နေခဲ့သည်ဆို၏။
အနှီချိုတကူးသည် တနေ့သောအခါဒါရိုက်တာဦးသုခရိုက်ကူးသော ရုပ်ရှင်မင်းသမီး ကြီးမေသစ်ပါဝင်သည့် “ဂုဏ်ရည်မတူ”အမည်ရှိ အလွမ်းဇာတ်ဘိုင်စကုပ်ကိုကြည့်နေစဉ် မေသစ်ကြီး၏ပိုင်နိုင်လှသောသရုပ်ဆောင်ချက်ကြောင့် ရှိုက်ကြီးတငင်ငိုသည်ဟုဆိုပါသည်။ 
ရုပ်ရှင်ရုံအပြင်ရောက်သည့်တိုင် မေသစ်ကိုသနားမဆုံးနိုင် တဖွဖွဖြစ်ရသည်ဆို၏။ 
တမြို့လုံး ကဝိုင်းသနားကြသော ဒုက္ခသည်အစစ်ချိုတကူးသည် ဘိုင်စကုပ်ထဲကဒုက္ခသည်အတု မေ သစ်ကိုကြည့်ကာ သနားနေခဲ့လေသောကြောင့် ဆရာအောင်သင်းသည် သူ့ဇာတ်အဆုံး တွင် လူတို့၏သဘောသည်အစစ်ထက် အတုကိုပိုမိုမြတ်နိုးတတ်ကြောင်း ကောက်ချက်ဖြင့် နိဂုံးချုပ်ခဲ့ပါသည်။
ရေးဖွဲ့မှုပင်သဘာဝကျနပိုင်နိုင်လေသလော။္ကျနော်ပင်လျှင်ခံစားတတ်သူပေလော။ မ ဝေခွဲနိုင်လင့်ကစား ချိုတကူး၏ဇာတ်လမ်းသည် ကျနော့စိတ်အစဉ်တွင်အဆုံးမသတ်နိုင် သေးချေ။ သင်္ဘောကြီးကမ်းကခွါသွားရုံမျှဖြင့် ချိုတကူးသည်ဘဝကိုစုံးစုံးအမြှုပ်ခံလိုက်လေ သလော။
အောင်လံမြို့တွင်ပင် အရွယ်ရောက်ကာအိမ်ထောင်ရက်သားကျသွားလေသ လော။ ချိုတကူ၏သားစဉ်မြေးဆက်တို့သည် အောင်လံမြို့တွင်ယခုတိုင်ရှိနေသေးသလော။ သို့တည်းမဟုတ် မဟာဇနက္ကထုံးနှလုံးမူလျှက် ရရာအလုပ်ကိုလုပ်ကိုင်လျှက် ငွေကြေးစု ဆောင်းကာ လုံလောက်သည့်တနေ့တွင် မိသားစုရှိရာအိန္ဒိယပြည်ကြီးသို့ တမူး၊ မိုးရေး လမ်းမှဖြတ်သန်းပြန်သွားနိုင်ခဲ့လေသလော။
ချိုတကူးသည် သက်ရှိထင်ရှားရှိအုံးမည်ဆိုပါက ယခုအချိန်တွင်အသ်က(၇ဝ)ကျော် ဝန်းကျင်ဖြစ်ပေရော့မည်။ 
ချိုတကူးသည် မြေလတ်မြို့ကလေးတွင်ပင် အောင်မြင်ထွန်းပေါက် သောဘဝကိုတည်ဆောက်နိုင်ခဲ့သည်ဆိုပါက ချိုတကူးနေထိုင်ရာမြေလတ်မြို့သားတို့က လည်း နိုင်ငံကျော်ချိုတကူ၏ဇာတ်လမ်းနောက်ဆက်တွဲကို စကားလက်ဆင့်ကမ်းကြပေလိမ့် မည်။ ထိုသို့သောအသံကိုလည်း ဆက်လက်ကြားရခြင်းမရှိချေ။
သို့တည်းမဟုတ် ချိုတကူး သည်၊ တမူး၊ မိုးရေးမှတဆင့်ပြည်တော်ဝင်၍ အိန္ဒိယတိုက်ကြီး၏ တနေရာတွင်အောင်မြင် သောဘဝတခုကို ထူထောင်နိုင်ခဲ့ပါကလည်း “မြန်မာပြည် အထက်တန်း ကျောင်းသုံးမြန် မာစာ” စာအုပ်တွင်ရေးဖွဲ့ထားခဲ့သည်အထိ ကျော်ကြားခဲ့လေသောသူ့ဘဝ၏အခန်းဆက် ကို သူသည်သော်လည်းကောင်း၊ သူ့အနီးဝန်းကျင်မှသူတို့သည်လည်းကောင်း၊ စာတစောင် ပေတဖွဲ့ရေးပြပေလိမ့်မည်။
ယခုမူ ချိုတကူးနှင့်ပတ်သက်၍ သတင်းနောက်ထပ်အစအနမရသည်ကို ထောက် ရှုပါက ဇာတ်လမ်းအစပိုင်းကရေးဖွဲ့ခဲ့သကဲ့သို့ ချိုတကူးသည်သာမန်ဒုက္ခသည်တဦးကဲ့သို့ ပင် ဘဝကိုအဆုံးသတ်သွားခဲ့ဟန်ရှိလေသည်။ 
မေသစ်၏ “ဂုဏ်ရည်မတူ”ကို ကြည့်၍ငို သည့်နည်းတူ ရွှေဘ၊ တင်ညွန့်တို့၏ဘိုင်စကုပ်များကိုကြည့်ကာ လက်သီးထိုးခန်းများကို အားကျနေခဲ့ပေလိမ့်မည်။ 
သာဂေါင်၊ သာဆန်း၊ အေးကိုတို့၏ဟာသများကိုကြည့်ကာ ရယ် မောပျော်ရွှင်နေခဲ့သည်ဟုပင် တွေးစရာရှိပေတော့သည်။
ချိုတကူးတယောက် ဘိုင်စကုပ် ကြည့်လိုက် ငိုလိုက် ရီလိုက် အားတက်လိုက် စိတ်ဓါတ်ကျလိုက်ပုံစံနှင့် ဘဝကိုဖြတ်ကျော် နေမည်ဆိုလျှင်တော့ ချိုတကူးကားအတုကိုမြတ်နိုးရင်း ငိုလိုက်ရီလိုက်နှင့်ပင် ဘဝကိုအဆုံး သတ်သွားသူပေတကား။
အတွေးစဤနေရာသို့ရောက်သောအခါ ကျနော်သည်ချိုတကူးဖြစ်နေသည်ကို အ လန့်တကြားတွေ့ရှိရလေသည်။
ကျနော်သည် ဆွေမရှိ မျိုးမရှိ ဖူးခက်မြို့သို့ အိတ်တလုံးဆွဲ ကာ တကောင်ကြွက်တမျက်နှာရောက်လာခဲ့သူတည်း။ 
ထမင်းတလုပ်အတွက် ရေခပ် ထင်း ခွဲ တောက်တိုမယ်ရအလုပ်မျိုးမလုပ်ရသည့်တိုင် ကျနော့ဘဝမျက်နှာငယ်ရသောအခြေအ နေတွင် ချိုတကူးသည်ကျနော့ထက်မသာချေ။ မြေလတ်မြို့လေးနှင့် ဖူးခက် ကွာမည်။
မျက် နှာငယ်ရ တကြောင့်ကြကြဘဝကား ထပ်တူပင်။
ရောက်စကသော် ဆိပ်ကမ်းမှသင်္ဘောဥသြသံကြောင့် ခွါလေသည်တွင် ချိုတကူးတို့ သားအဖ မြေလတ်မြို့ကလေးတွင်ယောင်နနကျန်ခဲ့သည့်ခံစားမှုနှင့် တူတန်ကောင်း၏။ တ ဖြည်းဖြည်း လမှနှစ်သို့တိုင်သော် --ကျနော်သည်ထိုင်းရဲနှင့်ပလဲနံပသင့်အောင် ပေါင်းရ သင်းရသည်။ 
ကွတ်တီယိုလေးနှင့်ရင်းနှီးပြီ။ 
စူပါမားကတ်တကာ။ ကုန်တိုက်အနှံ့မှာ ဈေး ဝယ်ရင်းစိတ်ဖြေသည်။
ကွန်ပြူတာတလုံးနှင့် စာတိုပေစလေးတွေရေးသည်၊ ပါတောင်၊ ကမလာ၊ ကရွန်ကတကမ်းခြေအလှတွေမှာ ယစ်မူးသည်။
ဖူးခက်မြို့မှာနေရင်း အင်တာနက်မှလည်းကောင်း၊ ရေဒီယိုမှလည်းကောင်း မြန်မာ ပြည်ကြီးအကြောင်းအဖြစ်သနစ်စုံကို ကျနော်နားထောင်မြဲဖြစ်သည်။ 
ဒေါ်အောင်ဆန်းစု ကြည် ချောင်းမြောင်းရိုက်နှက်ခံရသည်ကိုကြားသော် ကျနော့အမျိုးအတွက်ရှက်သည်။
နာ ဂစ်မုန်တိုင်းကြောင့် အလောင်းတို့ပင်မြေမမြှုပ်နိုင်သောအဖြစ်တို့ကြောင့် မျက်ရည်ပေါက် ပေါက် ကျရလောက်အောင်ဝမ်းနည်းသည်။ ကျောင်းသားခေါင်းဆောင်များ နိုင်ငံရေးလှုပ် ရှားတက်ကြွသူများကို ဥပဒေလက်လွတ်မတရားထောင်ချမှုများ နယ်ဝေးထောင်များသို့ပို့ရုံ မက မိသားစုနှင့်ပင်တွေ့ခွင့်မပေးသည်အထိ ရက်စက်ယုတ်မာမှုများကိုကြားရသည့်အခါ ဝမ်းနည်းပက်လက်ဒေါသထွက်ကာ ပေါက်ကွဲရသည်။
ဘန်ကီမွန်းကိုလည်း အားကိုးတကြီး မျှော်လင့်၏။
ဂန်ဘာရီကိုလည်းတိတ်တခိုးမှီခိုသည်။ 
အမေရိကန်၊ အာဆီယံ၊ ဥရောပသမဂ္ဂ တို့ကိုလည်းထိုနည်းနှင်နှင်။ ဘင်္ဂလာပင်လယ်ကိုလှေဖြင့်ဖြတ်ပြေးကြသော မြန်မာပြည်အ နောက်ဘက် ဘင်္ဂလားဒေ့ရှ်နယ်စပ်က ဘင်္ဂါလီမူဆလင်များသတင်းကြောင့် အထိတ်တလန့် ဖြစ်ရသည်။ အိုဗားမားသတင်းကြောင့်အားတက်သည်။
ကျနော်သည် ချိုတကူးနှင့်ဘာထူး ပါသနည်း။
တဖြည်းဖြည်း ဖူးခက်မြို့အနှံ့မှ ရွှေ့ပြောင်းအလုပ်သမားတွေနှင့် ရင်းနှီးကျွမ်းဝင်လာ သည့်အခါ အချို့မှာခဏတဖြုတ်ဟူ၍သာလာလိုက်ကြသည်မှာ အနှစ်နှစ်ဆယ်ဝန်းကျင်ပင် ရှိခဲ့ကြပြီ။ 
ထိုင်းရဲများနှင့်ဆုံသော် ပြေရာပြေကြောင်းဘတ်ထိုးလာဘ်ထိုးညှိကြသည်။
များ သောအားဖြင့်မူ မတွေ့အောင်ရှောင်ကြတိမ်းကြ ဂျက်ဆီဂျိန်းကြသည်။ ဘဝတဝမ်းတခါး ငွေ စတချို့စုမိလေငြား ရုန်းကြကန်ကြသည်။ “ချမ်း”ဘီယာလေးနှင့်မွေ့သည်။ “ခရုန်ထစ်” စီး ကရက်ကိုလက်ကြားကမချ။
ထိုင်းအစားအစာခပ်စပ်စပ်ကို ခုံမင်တတ်နေပြီ။
တခါတခါ အ ကြာကြီးသတိမေ့မျောနေရာမှ သတိပြန်လည်လာသောလူမမာလို မြန်မာပြည်သတင်းဘာ ထူးသေးလဲ။
နှုတ်ခွန်းဟဟမေးတတ်ကြသည်။
အသက်ကိုပင်ရဲရဲဟဟ မရှူဝံ့ကြသော်ငြား ဆက်၍ဆက်ခါပျော်ကာနေမြဲဖြစ်၏။ မြန်မာပြည်ကြီးသာကြောင်းကိုကြားလျှင် လွမ်းမော၍ ချာကြောင်းကိုကြားလျှင် အမျက်ထွက်သည်။
နောင်သော် မေ့မေ့ပျောက်ပျောက်အပျော်မ ပျက်ကြပြန်။ 
ချိုတကူးပုံနှယ်သာတည်း။
ထိုမူတဝ အင်္ဂလန် အမေရိကန်နှင့်ဥရောပနိုင်ငံအနှံ့အပြားသို့ ရောက်ရှိနေကြလေ ကုန်သော မြန်မာပြည်ဖွါးတို့လည်း ကျနော်လက်လှမ်းမီသမျှ ကြားသိသမျှ ဤနည်းနှင်နှင် သာတည်း။
မြန်မာ့ရေးရာဧတဒဂ်များ အာဇာနည်တို့၏လေဟန်အပြည့်ဖြင့် ပြည်တော်ဝင် ပြည်ထောင်ခန်းတို့ကို အပြည့်အစုံရေးရသော် အကျိုးထက်အပြစ်သာမြင်၍ မရေးမဖွဲ့လို တော့ပြီ။
ဒုက္ခသည်ချိုတကူးသည် ဒုက္ခတောထဲမှနေ၍ အတုကိုမြတ်နိုးငိုကြွေးနေသူ။ ဒုက္ခနွံ ကိုမေ့လျော့နေသူ။ 
ကျနော်တို့ကား ချိုတကူး၏ခြေရာကိုနင်းသူများသာဖြစ်ကြ၏။
အတုကြောင့်ဖြစ်စေ။ 
အစစ်ကြောင့်ဖြစ်စေ။
ငိုကာရီကာမျှဖြင့်တော့ အောင်ပွဲသို့ချီ နိုင်မည်မဟုတ်ချေ။ ငိုခြင်း၊ ရီခြင်း၊ ပူဆွေးခြင်း၊ ပြုံးခြင်း၊ မဲ့ခြင်း၊ အားငယ်ခြင်း၊ တက်ကြွခြင်း။
ဗပျာ်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းကား သဘာဝတရားမျှသာဖြစ်၍ ထူးဆန်းလှသည်မဟုတ်ချေ။ 
သို့ကြောင့် ထိုသည်လမ်းဆုံးမဟုတ်တန်ချေ။ 
ချိုတကူးကိုကျနော်ခြေရာခံသည့်နည်းတူ နောင်လာလာတတ္တံ့သော ကျနော်တို့မျိုးဆက်တို့သည် ကျနော်တို့ကိုခြေရာခံကြပေလိမ့် မည်။ 
ထိုနံရောအခါတွင် ကျနော်တို့သည်ချိုတကူးနှင့်ဂုဏ်ရည်တူသူများစာရင်းတွင် အဝင် အပါဖြစ်နေပေလိမ့်မည်။
အလျဉ်းသင့်သည်ဖြစ်သောကြောင့် စတုတ္ထတန်းဖတ်စာပါ “သားတယောက်ကိုသာ မြင်သည်” ဟူသောပုံပြင်ကို ဤနေရာ၌ဖော်ပြလိုသည်။ 
ဇရပ်အိုတခုပေါ်တွင် အဖိုးအိုတဦး ထိုင်လျှက်နားနေသည်။ မလှမ်းမကမ်းရှိရေတွင်းတခုတွင် မိန်းမကြီးသုံးဦး ရေအိုးကိုယ်စီဖြင့် ရေငင်လျှက်ရှိကြစဉ် ပထမမိန်းမကြီးက သူ၏သားသည်သီချင်းဆိုရာတွင် အသံအလွန် ကောင်းသူဟုဆို၏။ ဒုတိယမိန်းမကြီးကမူ သူ၏သားသည်အပြေးအလွန်သန်သည်ဟု ဆို ပြန်သည်။ 
တတိယမိန်မးမကြီးကမူ သားဖြစ်သူအကြောင်းတခွန်းမျှ မဟချေ။ 
ထိုစဉ် ကလေးငယ်သုံးဦးသည် ရေတွင်းရှိရာသို့လာနေကြ၏။ 
တဦးသောကလေးမှာ အလွန်သာ ယာသောတေးသီချင်းတပုဒ်ကို သီဆိုရင်းလာနေ၏။ 

အခြားကလေးတဦးမှာမူ သံဂွေတခုကို လှိမ့်လျှက် အပြေးလာနေ၏။ 
ထိုကလေးနှစ်ဦးစလုံးမှာ ရေတွင်းဘက်သို့လှည့်၍ပင် မကြည့် ချေ။ နောက်ဆုံး ခပ်မှန်မှန်လျှောက်လာနေသောကလေးငယ်မှာ ရေတွင်းရှိရာသို့တန်းတန်း မတ်မတ်ရောက်လာကာ တတိယမိန်းမကြီး၏ရေအိုးကို ထမ်းလျှက်ထွက်ခွါသွားလေသည်။
ထိုအခါ မထမနှင့်ဒုတိယမိန်းမကြီးတို့က ဇရပ်ပေါ်ရှိအဖိုးအိုအား မိမိတို့၏သားများ ကိုမြင်လိုက်ပါသလောဟုမေး၏။ 
ဤတွင်အဖိုးအိုက “ကျွနှ်ုပ်သားတယောက်ကိုသာ မြင်ပါ သည်” ဟုဆိုသည်။ သည်လိုပုံနှင့်မိုးကြီးချုပ်ပေရော့မည်။
ပြည်ပသို့ရောက်ရှိသော မြန်မာ အားလုံးကို စောင့်ကြည့်နေသည့်အဖိုးအိုတယောက်သာရှိပါမူ “မြန်မာပြည်သားများကို မြင်မိပါသလော” မေးသူရှိသည်ဟူငြားအံ့။ 
“ကျွနှ်ုပ်ချိုတကူးတို့ကိုသာမြင်သည်” ဟုဆို မည်ထင်၏။
ကမBာ့အတန်းစားဝိညာဉ်များတွင် ပုံပန်းချီရေးခြင်းငှါ စာရင်းမဝင်သော “ချိုတ ကူး” ပုံတူစာရင်းတွင် ကျနော်သည်လည်း အဝင်အပါဖြစ်လေသည်။ 

ရခိုင်အမျိုးသားသတင်းစာဆိုဒ်မှ ကူယူထားပါသည်။

No comments:

Post a Comment