Wednesday 19 October 2011

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ


10/1/2010
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသား အင်အားစုပါတီ ဥက္ကဌ ဦးအေးကြိုင်က ၎င်းတို့ ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၂၇ ရက် ညပိုင်းတွင် နအဖပိုင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့သည်။
-----------------------------------------------------------------------------------

အဆိုပါ ဟောပြောတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ကျွန်တော်တို့ ပါတီရဲ့ လမ်းစဉ်သဘောထားများကတော့ အရာခပ်သိမ်း ကိစ္စရပ်များအပေါ် ဖြစ်နိုင်လျှင်လည်း ခံမည်။ မဖြစ်နိုင်လျှင် ချမည်ဆိုတဲ့ ပုတီးတစ်ဖက် ဓားတစ်ဖက်မဟုတ်ဘဲ မိမိကိုယ်တိုင်လည်း ဝေဖန်၊ သူတစ်ပါးကိုလည်း ဝေဖန်ကာ အများပြည်သူ အေးချမ်းစွာဖြင့် အကျိုးဖြစ်ထွန်းမည့် ငြိမ်းချမ်းရေးလမ်းစဉ်ပင် ဖြစ်ပါတယ်။

ရှေးလွန်ခဲ့တဲ့ အင်္ဂလိပ်ထံမှ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပါတီစုံစနစ်ပေါ် ပေါက်ကာ ပါတီများမှိုလို ပေါက်လျက် သူ့ပါတီ အနိုင်ရရှိရေး၊ ငါ့ပါတီ အနိုင်ရရှိရေး အတိုက်အခိုက် နေရာဒေသ အနှံ့ဖြစ်ပွားကာ အပြစ်မဲ့ပြည်သူ၊ ပြည်သား ဖြစ်ကြသည့် သက်ကြီးသူအိုများ၊ ကလေးသူငယ်များ၊ အမျိုးသမီးများ သေကျေ ပျက်စီးခဲ့ရသည့် အပြင် တိုင်းတစ်ပါး နိုင်ငံခြားအသီးသီးနှင့် နှိုင်းယှဉ်လျှင်လည်း ဖွံ့ဖြိုးတိုးတက် မှုမှာ အလွန်တရာမှ နောက်ကျ ကျန်နေခဲ့ ရသည်ကို သင်ခန်းစာတစ်ရပ် အဖြစ်ရယူလျက် ကျဉ်းမြေင်း သည့် အစွန်းရောက်ခြင်းများကို ရှောင်ရှားကာ ယခုအခါ ကော်မရှင်ဥပဒေနှင့် အညီ ပေါ်ပေါက်လာ သည့် ပါတီမှန်သမျှကို မဟာမိတ်အနေဖြင့် ဆက်ဆံသွားမည်ဖြစ်ပြီး ပါတီအရေးနှင့် အများပြည်သူ အရေးယှဉ်လာလျှင် အများပြည်သူ အရေးကို ဦးစား ပေးသွားမည် ဖြစ်ပါတယ်။

ကျွန်တော်တို့ပါတီဟာ ရခိုင်ပြည်နယ်ကို ကိုယ်စားပြုဖွဲ့စည်းထားသည် ဖြစ်သည့်အတွက် ရခိုင်ပြည်နယ် အတွင်း မှီတင်းနေထိုင်ကြသည့် လူမျိုးပေါင်းစုံကိုလည်း ကိုယ်စားပြုတာဖြစ်ပါတယ်။ ယင်းကြောင့် မည်သည့်လူမျိုးမဆို ဘာသာစကား ယဉ်ကျေးမှု ဓလေ့ထုံးစံများကို လွတ်လပ်စွာ တန်းတူ ရည်တူရရှိ ရေးနှင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းစွာဖြင့် ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကို တစိုက်မတ်မတ် ဆောင်ရွက် သွားမည်ဖြစ်ပါတယ်။ အသေးစိတ် ပါတီ၏ အခြေခံမူများအနက် အကျဉ်း ချုပ်ပြီး အနည်းငယ်ဖော်ပြလိုပါတယ်။

နိုင်ငံတော်အာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ရမည်ဟု ယုံကြည်လျက် ရခိုင်ပြည်နယ် အတွင်း လူမျိုးဘာသာမရွေး တစ်မြေတည်းနေ တစ်ရေတည်းသောက် ပြည်သူတစ်ရပ်လုံး စည်းလုံးညီညွတ် စွာဖြင့် ပါဝင်သည့် အရပ်သားနိုင်ငံရေး အခန်းကဏ္ဌကို ဦးတည်လျက် အမျိုးသား အကျိုးစီးပွားနှင့် ဒီမိုကရေစီနိုင်ငံ ထူထောင်ရာတွင် ပုဂ္ဂိုလ်စွဲ၊ ဆန္ဒစွဲ၊ ဂိုဏ်းဂဏစွဲ၊ ဝါဒစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲတင်းပြီး အမျိုးသားပါတီရေး အကျိုးစီးပွားကို သယ်ပိုးထမ်းဆောင်ရာတွင် ကိုယ်ကျိုးစွန့် အနစ်နာခံသူများ ဖြစ်ရ မည်ဟူသည့် ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်ဖြင့် လူနေမှုဘဝ စနစ်တကျမြှင့်မားလာနိုင်ရန် ရည်ရွယ်ပါတယ်။ ကဏ္ဍအလိုက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ပညာရေး၊ တောင်သူလယ်သမား အရေး၊ အမျိုးသမီး၊ ကလေး သူငယ်၊ မသန်စွမ်းသူ၊ ကျောင်းသားသူငယ် အရေးတို့ကိုလည်း ချပြဆွေးနွေးဖို့ ဖြစ်ပါတယ်။

၁။ နိုင်ငံရေးနှင့် ပတ်သက်လို့ ပါတီသည် အရပ်သားနိုင်ငံရေးကို အားပေးမြှင့်တင်ပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအရ စည်းကမ်းပြည့်ဝသည့် ပြည်သူလူထု လွတ်လပ်ခွင့်များကို ဖော်ဆောင်မည်။

၂။ စီးပွားရေးနှင့် ပတ်သက်လို့ စီးပွားရေးလုပ်ငန်းများတွင် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံနိုင်မှုနှင့် အသိပညာရှင်၊ အတတ်ပညာရှင်များကို ဖိတ်ခေါ်နိုင်လျက် လွတ်လပ်စွာ ပြိုင်ဆိုင်ခွင့် ရှိသည့် ဈေးကွက် စီးပွားရေးစနစ်ကို ဖော်ဆောင်ဖို့ ဖြစ်ပါတယ်။

၃။ လူမှုရေး။ ပါတီသည် အမျိုးသားစာရိတ္တ မဏ္ဍိုင်မြှင့်မားရေးနှင့် ဝံသာနု ရက္ခိတ တရားများပြန့်ပွားကာ စာပေ အနုပညာ အမျိုးသား ယဉ်ကျေးမှုများကို မပျောက် မပျက် ဖော်ထုတ် ထိန်းသိမ်းလျက် ရခိုင်ပြည်နယ်ရှိ လူမျိုးတိုင်း အမျိုးဘာသာ သာသနာကို လွတ်လပ်စွာ ကိုးကွယ်နိုင်ရန် စောင့်ရှောက် သွားမည် ဖြစ်ပါတယ်။

၎။ ကျန်းမာရေး။ ပါတီသည်
(က) အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်
(ခ) စရိတ်မျှပေး ကျန်းမာရေးစောင့်ရှောက်မှုစနစ်
(ဂ) ရန်ပုံငွေထူထောင်ရေးနှင့် အာမခံထားရှိကုသနိုင်ရေး စနစ်များကို ကျင့်သုံးလျက် ကျန်းမာရေးမြှင့်တင်မှု လုပ်ငန်းများကို ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။

၅။ တောင်သူလယ်သမားအရေး။ ပါတီသည် တောင်သူလယ်သမားနှင့် ပတ်သက်၍ လိုအပ်သော အရင်းအနှီး စရိတ်စက ရရှိနိုင်ရေးအတွက် အတိုးနည်းချေးငွေ ပံပိုးမှုနှင့် ခေတ်မီ စိုက်ပျိုးရေး ကိရိယာများ၊ ဓာတ်မြေသြဇာ မျိုးစေ့၊ ပိုးသတ်ဆေး၊ ခေတ်မိနည်းပညာ ပံ့ပိုးနိုင်ရေးနှင့် တောင်သူ လယ်သမားတို့၏ အခွင့်အရေး အကျိုး စီးပွားကို ပေါ်ထွန်းလာရန် ကြိုးပမ်းကာကွယ်ကာ စောင့်ရှောက် အားပေးမြှင့်တင်သွားမည်ဖြစ်သလို မိမိတို့ လယ်ယာမြေနှင့် ကိုက်ညီသည့် သီးနှံအမျိုးအစားကို လွတ်လပ်စွာ ရွေးချယ်စိုက်ပျိုးနိုင်ရေး ထွက်ရှိလာသော သီးနှံများကို သိုလှောင်ခြင်း၊ ကြိတ်ခွဲခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ပြီး တောင်သူလယ်သမားတို့ဘဝ တိုးတက်နိုင်ရေးအတွက် မိမိတို့ ကံကြမ္မာကို မိမိတို့ကိုယ်တိုင် ဖန်တီးနိုင်ရန် တောင်သူလယ်သမားအစည်းအရုံး (သို့မဟုတ်) သမဂ္ဂများ ဖွဲ့စည်းထူထောင်နိုင်ရေး တို့ကို စွမ်းဆောင်သွားမည် ဖြစ်ပါတယ်။

၆။ အလုပ်သမားအရေး။ ပါတီသည် ပြည်နယ်အတွင်း အလုပ်လက်မဲ့ ပြသာနာမျိုး ဖြေရှင်းနိုင်ရေးနှင့် ထိုက်တန်သော အခကြေးငွေများ ရရှိနိုင်ရေး၊ မိမိဆန္ဒမပါသော ခိုင်းစေခြင်းနှင့် ထိုက်တန်သော အခကြေးငွေ မရရှိခြင်း၊ သတ်မှတ်ချိန်မရှိဘဲ ခိုင်းစေခြင်းများကို စောင့်ရှောက်ကာကွယ် သွားမည်ဖြစ် ပြီး အလုပ်သမားတို့ရဲ့ လူမှုရေး၊ ပညာရေး၊ လူမှုသက်သာ ချောင်ချီရေးစနစ်များနှင့် အလုပ်သမားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်သမားအစည်းအရုံး (သို့မဟုတ်) အလုပ်သမားသမဂ္ဂများ ဖွဲ့စည်း၍ ပြည်နယ်အတွင်းရှိ လူမျိုးမရွေး ဘာသာမရွေး ပါဝင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါတယ်။

၇။ အမျိုးသမီး။ မိခင်နှင့်ကလေးသူငယ်၊ မသန်စွမ်းသူ၊ လူငယ်နှင့် ကျောင်းသာများအရေး၊ အမျိုးသားများ နှင့် တန်းတူရည်တူ အခွင့်အရေးရရှိနိုင်ရေးနှင့် အိုမင်းမစွမ်းသူ အမျိုးသမီးများ၊ မိခင်နှင့် ကလေးသူငယ် များ၊ မသန်စွမ်းသူများတို့၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို မြှင့်တင်ပေးနိုင်ရန် မိမိတို့ အမျိုးသမီးရေး ကို မိမိတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက် နိုင်ရေးအတွက် အမျိုးသမီးရေးရာအသင်း အဖွဲ့အစည်းများကို စနစ်တကျ ဖော်ဆောင်နိုင်အောင် ကြိုးပမ်းသွားဖို့ ဖြစ်ပါတယ်။

၈။ ကျောင်းသားလူငယ် အရေး၊ ဝန်ထမ်းအရေး၊ ဝန်ထမ်းအငြိမ်းစား အရေးတို့ကိုလည်း တိုးတက်မြင့် မားလာအောင် ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။ ဖော်ပြပါ အကြောင်းအချက်များအားလုံးအပေါ် ပါတီနိုင်ငံရေးထက် အမျိုးသားနိုင်ငံရေးကို အဓိကထားလျက် မပြောင်းလဲနိုင်သော ကိစ္စရပ်များကို ပရမတ္တအားဖြင့် မဟာဗျူဟာသဘောထား သတ်မှတ်လျက် အချိန်ကာလ၊ ဒေသနှင့်ကိုက်ညီသည့် အများပြည်သူလက်ရှိဘဝနှင့် ဆက်စပ်ဆောင်ရွက်ချက်အား နည်းဗျူဟာအရ လုပ်ဆောင်သွားရမည် ဖြစ်ပြီး ကမ္ဘာကြီးလည်း အမြဲတစဉ်ရပ်တန့် မနေသလို မိမိတို့ဒေသ အနေဖြင့်လည်း ပြောင်းလဲလာလျှင် ပြောင်းလဲလာသလို တိုးတက်ကောင်းမွန် ရန်အတွက် အသိပညာရှင်၊ အတတ် ပညာရှင် များအား ဖိတ်ခေါ်ကာ ရေရှည်တည်တံ့သည့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး အစရှိသော ပြည်သူ့နီတိကို ဆောင်ကြည်းသည့်ပါတီ တစ်ခုအဖြစ် အခိုင်အမာရပ်တည်လျက် တစ်လွှာချင်း၊ တစ်ထပ်ချင်း၊ တစ်ထစ်ချင်း လက်ဆင့်ကမ်းလျက် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့နှင့် တစ်ပြေးညီ တိုးတက်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက် သွားမည် ဖြစ်ပါတယ်။ ဒါမှလည်း တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး တစ်ပြေးညီ တိုးတက်မြင့်မားလာမည် ဖြစ်သလို နိုင်ငံတစ်နိုင်ငံအနေဖြင့် ကာကွယ်ရေးသည် မရှိမဖြစ်လိုအပ်သည် ဖြစ်ရာခေတ်မိကာကွယ်ရေး အခန်းကဏ္ဌများ တိုးတက်မြင့် မားလာရေးကိုလည်း အားပေးဆောင်ရွက်သွားမည် ဖြစ်ပါတယ်။

၉။ မြေသယံဇာတ၊ ရေသယံဇာတ။ မြေသယံဇာတ အရင်းအမြစ်နှင့် ရေသယံဇာတ အရင်းအမြစ်များ ကိုလည်း စည်းကမ်းစည်းမျဉ်းနှင့် အညီ တဦးကောင်း၊ တစ်ယောက်ကောင်း လက်ဝယ်ထားလုပ်ဆောင် ခြင်းမျိုး မဟုတ်ဘဲ အများပြည်သူ တစ်ရပ်လုံး လွတ်လွတ်လပ်လပ် လုပ်ဆောင်ရှာဖွေ အသုံးချနိုင်ရန် နည်းလမ်းကောင်းများကို ရှာကြံလျက် ကြိုးပမ်းဆောင်ရွက်သွားမည့် ပါတီဖြစ်ပါသဖြင့် ရခိုင်ပြည်နယ်သူ၊ ပြည်နယ်သားများ အနေဖြင့် လူမျိုးမရွေး စစ်မှန်သည့် ဒီမိုကရေစီနိုင်ငံ ပေါ်ပေါက်နိုင် ရေး ကောင်းမြတ်သော မင်္ဂလာအပေါင်းနှင့် ပြည့်စုံဖို့ သဇင်(၂)ခက် တံဆိပ်ကို ဆောင်ကြဉ်းသော ရခိုင်ပြည်နယ် အမျိုးသား အင်အားစုပါတီကို အားပေးကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။

: ----------------------------------- ----------------------------------- ----------------------------------- :

(နိရဉ္စရာ)

No comments:

Post a Comment