Monday 17 October 2011

"ထူးမခြားနား နိုင်ငံရေးပွဲစားများ"

“စိန်ဝင်းမှတပါး တခြားလူမရှိ” လို့ ဆောင်ပုဒ်တွင်လောက်တဲ့ ထူးမခြားနား နိုင်ငံရေးပွဲစားများနဲ့ ထပ်မံဖွဲ့ စည်းလိုက်ကြ တဲ့လူတစုဂိုဏ်းရဲ့ ထုတ်ပြန်ကြေငြာချက်ကိုအွန်လိုင်းစာမျက်နှာတခုပေါ်မှာဖတ်လိုက်ရတယ်။အပြင်ပန်းအားဖြင့် လူတစု အပေါ်မှာပဲ အခြေတည်ထားပါစေ ပြည်ပအစိုးရဖြစ်လာတာကို အငြင်းပွါးစရာမရှိပေမဲ့ အနှစ်သာရအားဖြင့်တော့ အစိုးရ တရပ်ရဲ့ အင်္ဂါရပ်များနဲ့ ကိုက်ညီပြည့်စုံမှုမရှိတဲ့ ထိုကဲ့သို့ သော အဖွဲ့ အစည်းများဟာ အနာဂတ်ကာလမှာ စိန်ခေါ်မှုများ စွာနဲ့  ရင်ဆိုင်ကြုံတွေ့ လာနိုင်တာတော့သေချာတယ်။ ဝေ့လည်ကြောင်ပတ်နိုင်တဲ့ နိုင်ငံရေးပွဲစားဥာဉ်နဲ့  တာဝန်ခံ တာ ၀န်ယူမှုကင်းမဲ့ပြီးပွင့်လင်းမြင်သာမှုမရှိခြင်းများကြောင့်လူတွေရဲ့ ယုံကြည်မှုများပျောက်ရှနေချိန်မှာ အခုလိုခေါက်ရိုးကျိုး နေတဲ့ မဲပြာပုဆိုးကို ထပ်ပြီးဝတ်ပြလိုက်တော့ ပြောစရာနည်းနည်းရှိလာတယ်။


ဖြစ်သင့်တာက

(၁) ပြည်ပလူထုကို အခြေပြုတဲ့ ဒီမိုကရက်တစ်အစိုးရပီသတဲ့ ပြည်ပအစိုးရ

နိုင်ငံတကာအဖွဲ့  အစည်းများရဲ့ အချက်အလက်တွေအရ ပြည်ပမှာ မြန်မာနိုင်ငံသား ၅ သန်းကျော်လောက် ပုံစံ အမျိုးမျိုးနဲ့  ရောက်ရှိနေထိုင်နေကြတယ်။
ဒီလူတွေထဲမှာ ၉၀ ခု ရွေးကောက်ပွဲကာလတုန်းက မဲမပေးခဲ့ဖူးတဲ့ လူတွေ လည်းအများကြီးပါဝင်နေတယ်။
၁၉၉၀ ကာလနဲ့ ၂၀၀၉ ကာလဟာထပ်တူမကျဘူးဆိုတာတော့ မျက်နှာသစ်များနဲ့  ကမ္ဘာ့အခင်းအကျင်းအပြောင်းအလဲများကို ကြည့်ရင်သိနိုင်တယ်။ 
တကယ်လို့  ဒီလူတွေကို ကိုယ်စားပြုတဲ့ အစိုးရမျိုးဖွဲ့  စည်းမယ် ဆိုရင်တော့ ပြည်ပရွေးကောက်ပွဲလုပ်ရလိမ့်မယ်။ 
အိုင်တီနည်းပညာ တိုးတက်နေတဲ့ ခေတ်ကြီးမှာ လူဦးရေ ငါးသန်းလောက်ရဲ့ သဘောထားဆန္ဒများကို ကောက်ခံယူဖို့  ဆိုတာ သိပ်ပြီးတော့ မခဲယဉ်းပါဘူး။ လူထုဆန္ဒကို အမှီ သဟဲပြုတာကြောင့် လူထုရဲ့ ပံ့ပိုးမှုနဲ့  ထိရောက်ခိုင်မာတဲ့ အစိုးရမျိုးဖြစ်လာနိုင်တယ်။ 
လူထု၊ နိုင်ငံရေးနဲ့ နိုင်ငံရေးသမား များကြားမှာ အရင်ဆုံးအမျိုးသားရင်ကြားစေ့ရေး လုပ်ခြင်းမျိုးဖြစ်လာနိုင်ပြီး သွေးစစ်တဲ့ညီညွတ်ရေးအင်အားကြောင့်
တချိန်ချိန်မှာစစ်အုပ်စုနဲ့ စစ်စနစ်ကို အပြီးသတ်နိဂုံးချူပ်ဇာတ်သိမ်းပေးလာနိုင်မယ်။

(၂) ဒီမိုကရေစီအနှစ်သာရနဲ့ ကိုက်ညီတဲ့ ဦးဆောင်နိုင်စွမ်း တာဝန်ယူတာဝန်ခံနိုင်စွမ်းနဲ့ ပြည်စုံတဲ့ အစိုးရ

NCGUB၊ NCUB၊ MPU၊ NLD-LA စတဲ့ ပါတီအဖွဲ့ အစည်းတွေကြားမှာ စစ်ပထွေးမသေခင်အမွေတောင်းပြီး အချင်းချင်းလူချဖို့ စုပေးထားတဲ့ပုံစံမျိုးမဟုတ်ပဲ လက်ရှိလူထုက ရွေးကောက်တင်မြှောက်တဲ့လူထုထဲကလာတဲ့ ခေါင်း ဆောင်မှု အရည်အချင်းများရှိခြင်းကိုအခြေခံထားတဲ့လူပုဂ္ဂိုလ်များနဲ့အစိုးရမျိုးဖွဲ့ စည်းခြင်းဖြင့် မြန်မာလူမျိုးများရဲ့ ပြည်ပ နိုင်ငံရေးပုံစံသစ်တခုအဖြစ် ကမ္ဘာ့အသိုင်းအ၀ိုင်းကပါ လေးစားတန်ဖိုးထားထောက်ခံလာနိုင်တယ်။ အပြောင်းအလဲကို လိုချင်ပေမဲ့ မိမိကိုယ်တိုင်ပြုပြင်ပြောင်းလဲရမှာ ကြောက်နေတဲ့ တနပ်စာအတွေးနဲ့ နိုင်ငံရေးလှုပ်ရှားမှုကိုမှီခိုပြီး ဘ၀ ရပ်တည်နေကြတဲ့ နိုင်ငံရေးပွဲစားများကို အနားပေးပြီး တကယ်အနစ်နာခံကိုယ်ကျိုးစွန့် မယ့် လူသစ်များနဲ့  အနာဂတ် ကိုမျှော်ကာ မျိုးဆက်သစ်ကို လက်တွဲခေါ်ရဲတဲ့ အကျင့်ကို ကျင့်သုံးနိုင်မှသာ ဒီမိုကရေစီရှင်သန်ဖြစ်ထွန်းလာနိုင်သလို လူမဆန်တဲ့ နအဖစစ်အုပ်စုကိုလည်း ပြတ်ပြတ်သားသား နိုင်ငံရေးအရ စိန်ခေါ်နိုင်တဲ့ အဆင့်ကို ရောက်လာနိုင်မယ်။





ဖြစ်လာတာက

(၁) လူဦးရေ (၂၀) ၀န်းကျင်ခန့် တက်ရောက်တဲ့ လူတစုအစည်းအဝေးမှာ ထုံးစံအတိုင်း ကိုယ့်ကိုယ်ကို ဆန္ဒခံမဲပေးပြီး အစိုးရဖွဲ့ လိုက်ကြတယ်။ နိုင်ငံရေးပွဲစားအများစုက တစ်လကို ဒေါ်လာနည်းနည်းပါးပါးရနေခြင်း၌ခုံမင်နေကြသော ကြောင့် ဒီမိုကရေစီမျက်နှာကို မမြင်ချင်ယောင်ဆောင်ပြီးပရောဂျက်ရှာပေးနေကျလူကိုပဲ နေရာထပ်ပေးထားလိုက်ကြ တယ်။
လူထုနဲ့ အဆက်ပြတ်ပြီး အထီးကျန်ဖြစ်နေပါစေ လူတစုအဆင်ပြေရင် ကျေနပ်တယ်ဆိုတဲ့ မိရိုးဖလာဗမာ ပဒေသရာဇ်ဥာဉ်ဆိုးက ၂၁-ရာစုတိုင် အသက်ဝင်နေဆဲပဲ ဆိုတာ ဒီနေရာမှာ သက်သေခံပြနေတယ်။

(၂) ထုံးစံအတိုင်း NGOs များကို အခြေပြုတဲ့ အစိုးရဖြစ်လာသောကြောင့် နေရာတိုင်းမှာ ကန့် သတ်မှုတွေရှိနေမယ်။ 
လူအများရဲ့ ဆန္ဒကို မျက်ကွယ်ပြုသောကြောင့် တဖြည်းဖြည်းနဲ့ လုံးပါးပါးလာပြီး နောက်ဆုံးလူတောမတိုးတဲ့ အဆင့် အထိရောက်သွားနိုင်တယ်။ 
ပိုဆိုးတာက ဒီမိုကရေစီတော်လှန်ရေးမအောင်မြင်ရတာ ဒီလို ဒီမိုကရေစီမျက်နှာကို အိုးမဲ သုတ်နေတဲ့ နိုင်ငံရေးပွဲစားများရဲ့ ပယောဂမကင်းဘူးဆိုပြီး နောင်တချိန်မှာ သမိုင်းတရားခံဘွဲ့ ပါ အဆစ်ရလာနိုင်တယ်။
သေချာတာက စစ်အုပ်စုကို ဖြုတ်ချဖို့  အရေအတွက်ရော အရည်အချင်းပါလိုနေတယ်။ သွေးသစ်လောင်းရမယ့် ကာလ မှာ လက်ပန်းကျနေတဲ့ မျက်နှာဟောင်းတွေနဲ့ ပဲ ကျိတ်ဝိုင်းဖွဲ့ ပြီး နိုင်ငံရေးကစားနေတာကို ရပ်သင့်တယ်။

ပြည်တွင်းမှာ ဗိုလ်သန်းရွှေက မသေမချင်းသမ္မတလုပ်သွားဖို့  တာစူနေတယ်။ တဘက်မှာ မဆလလူထွက် ဘောင်းဘီချွတ်များကလည်းမသေမချင်းဗဟိုကော်မတီဝင်လုပ်နေကြတယ်။
တချိန်တည်းမှာ ပြည်ပရောက်ထူးမခြားနား နိုင်ငံရေးပွဲစားများကလည်း နှစ် (၂၀) လွန်လာပေမဲ့ ဒီမိုကရေစီတော်လှန်ရေးကြီးကို အရင်ပုံစံဟောင်းအတိုင်းပဲ အ ရောင်းအ၀ယ်လုပ်ဖို့  ကြိုးပမ်းနေကြတယ်။ မျက်မမြင်ပုဏ္ဏားခြောက်ယောက်ကြားမှာ ဒုက္ခရောက်ခဲ့ရတဲ့ ဆင်ကြီးတ ကောင်ရဲ့ ပုံပြင်လို ကိုယ့်စိတ်ကူးနဲ့ ခင်းထားတဲ့လမ်းမထက် လက်တည့်စမ်းသွားနေကြတဲ့ လူတွေကြားမှာ တိုင်းပြည် နာတာပဲအဖတ်တင်နေတယ်။
တပ်မှူးဟောင်းကြီးဦးအောင်ရွှေ ကတော့ ပြောတယ် “အနာဂတ်မှာ ဘာမျှော်လင့်ချက်မှ မရှိဘူး” တဲ့။
သေချာတယ်။ 
မျှော်လင့်ချက်ကို သူကိုယ်တိုင် အသေသတ်လိုက်မှတော့ ရက်လည်ဆွမ်းသွတ် အနုခြွေ ကြွေကြေပြီးသား ဖြစ်သွားတာပေါ့။

ဒါပေမဲ့ ဒီနေရာမှာ ဆုံးဖြတ်ပေးနိုင်တာက နိုင်ငံရေးရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ လူထုပါပဲ။လူထုထဲက ခင်ဗျားတို့ ကျနော်တို့  နဲ့  မျိုးဆက်သစ်တွေ ဘယ်လိုနိုင်ငံရေးအပြောင်းအလဲမျိုးကို လိုချင်တာလဲ။
လတ်ဆတ်လန်းဆမ်းတဲ့ ခေတ်ရနံ့ နဲ့  နိုင်ငံရေးသစ်လား ဒါမှမဟုတ် ပြန်ဆိုတေးကိုပဲ ထပ်ကာတလဲလဲနားထောင်နေလိုခြင်းလား။ 
တခုခုကိုတော့ ရွေးချယ် ရလိမ့်မယ်။

မော်ဒန်ကဗျာဆရာကြီးမောင်သာနိုး ရဲ့ ထင်းရူးပင်ရိပ် စာအုပ်ထဲက ဘာသာပြန်စာသားလေးလို “ ဒီခေတ်၊ ဒီအခြေ၊ သည်မင်း သည်စိုး သည်သူခိုးနဲ့  သည်မိုး သည်လေ သည်လူတွေ” ကို လက်ပိုက်ကြည့်နေရင်တော့ တိတ်ဆိတ်နေ ခြင်းဟာ ၀န်ခံရာရောက်တယ် ဆိုတဲ့ စကားပုံဆိုရိုးအတိုင်း ကျုပ်တို့ ကိုယ်တိုင် “စစ်စနစ်သက်ဆိုးရှည်လာခြင်းနဲ့  တိုင်းပြည်ပျက်သွားခြင်း”ကို သွယ်ဝိုက်ပြီးထောက်ခံနေတဲ့ အလိုတူအလိုပါများ ဖြစ်သွားလိမ့်မယ်။ ။ ။


ညီညီထွေး (နယ်သာလန်)
၂၆.၀၁.၂၀၀၉ 

ရခိုင်အမျိုးသားသတင်းစာဆိုဒ်မှ ကူယူထားပါသည်။

No comments:

Post a Comment