Tuesday 6 September 2011

လိုင်ရိုးတော်ဓါတ်သမိုင်း အခန်း (၁၂) (၁၃)

လိုင်ရိုးတော်ဓါတ်ကို ခေတ်အဆက်ဆက် ပြုပျင်မွမ်းမံလာခြင်း

လိုင်ရိုးတော်စေတီမြတ်ကြီး၏မူလအစ ကုသိုလ်သျှင်မှာ တတိယဓည၀တီခေတ် သူရိယစက္ကမင်းကြီးပင်ဖြစ်သည်။ 
သူရိယစက္ကမင်းကြီးနှင့် မိဖုရားရုဓိတာရို့သည် သီရိဓမ္မာသောကမင်းကြီးထံမှ ပီးပို့လာသော ဓါတ်တော်များအနက်မှတဆူဖြစ်သော ဓါတ်မွီတော် (လိုင်ရိုးတော်) ကို ဗျာဒိတ်ဝင်တောင်ရင်းကျွန်းအရပ် ကပေါတဂီရိတောင်ပေါ်တွင် တည်ထားခသည်။ 
ယင်းနောက်တွင်ကား ဝေသာလီ (ကျောက်လှကား) ခေတ်သို့အရောက်တွင် ကပေါတဂီရိတောင်ပေါ်မှ လိုင်ရိုးတော်စေတီမြတ်ကို စန္ဒြားမင်းအဆက်ဆက်ရို့သည် ထပ်မံ၍ မွမ်းမံပူဇော်ခသည်။ 
အထူးသဖြင့် ဝေသာလီခေတ်ကထွန်းကားမှုဆိုင်ရာ သမိုင်းရုပ်ကြွင်း အထောက်အထားများကို ဤအရပ်၌တွိရ၍ ဝေသာလီခေတ်က စန္ဒြားမင်းရို့သည် မြတ်ဗုဒ္ဓ၏ သရီရဓါတ်တော်ဖြစ်သော လိုင်ရိုးတော်ဓါတ်ကိုလည်း ပြုပျင်ဆောင်ရွက်ခမည်သာဖြစ်သည်။

ဝေသာလီခေတ်မှတခါ လေးမြို့ခေတ်သို့ ပြောင်းလဲရောက်ဟိလာသည့်အခါ လေးမြို့ခေတ်တွင် ဘာသာရေးကို များစွာဆောင်ရွက်လုပ်ကိုင်ခသော ဒဿရာဇာမင်းသည် မဟာမုနိသွန်းစက်တော်ကြီးကို ပြန်လည်ရှာဖွေ၍ တည်ထားခသည်။
ဤမင်း၏အလှူဒါနသည်များပြားရကား သီရိဓမ္မာသောကမင်းနှင့် ခိုင်းနှိုင်းရလောက်အောင် ဘုရား၊ ပုထိုး၊ စေတီ၊ ရီတွင်း၊ ရီကန်၊ ဇရပ်များစွာရို့ကိုတည်ထားခသည်။
တောင်ရင်းကျွန်းအရပ်မှနီ၍ မြို့တော်ပုရိန်ကိုဖြတ်ကာ မဟာမုနိလမ်းကိုဖောက်လုပ်သည်။

ဤဒဿရာဇာမင်းကြီး၏ ကောင်းမှုတော်များအထဲတွင် တောင်ရင်းကျွန်းအရပ်မှ လိုင်ရိုးတော် (ဂီဝှါ) ဓါတ်တော်တဆူလည်း ပါဝင်သည်။ 
ဒဿရာဇာမင်းကြီးသည် လိုင်ရိုးတော်စေတီမြတ်ကြီးကို ပြန်လည်ပြုပျင်ခြင်း၊ ထီးတော်များကို တင်ဆောင်ခြင်းရို့ ပြုလုပ်သည်။ 
မြောက်ဦးခေတ်သို့အရောက်တွင်ကား တောင်ရင်းကျွန်းအရပ်၌ မြောက်ဦးခေတ်နှင့်သက်ဆိုင်သော အထောက်အထားများစွာကို တွိရသည်။
အထူးသဖြင့် မင်းဗာဘုရင် အိမ်ရှိမင်းသားဘ၀ဖြင့် တောင်ရင်းကျွန်းအရပ်၌ နီထိုင်ဖူးခသည်။
မင်းသားဘ၀မှ ဘုရင်ဖြစ်လာသည့်အခါမှာ တောင်ရင်းကျွန်းအနှံ့ ဘုရားပုထိုးစေတီများကို ကောင်းမှုပြုသည်။ 
မင်းဗာဘုရင်တည်ထားခသော ကျောက်ထွင်းဂူ (၃) ဂူမှာ အထင်အရှားဟိသည်။

ကပေါတဂီရိတောင်ပေါ်မှ လိုင်ရိုးတော်ဓါတ်ကိုလည်း မင်းဗာဘုရင်သည် ရှိဘေးတော်ဘီးတော်များလက်ထက်ကဲ့သို့ ပူဇော်သည်။ 
မွမ်းမံသင့်သည်များကို မွမ်းမံသည်။
ထို့နောက် သားတော်မင်းဖလောင်း နန်းရလာသည့် အခါတွင်လည်း ဓါတ်မွီတော် (၁၇) ဆူကို ပြန်လည်ပြုပျင်မွမ်းမံခရာ၌ ကပေါတဂီရိတောင်ပေါ်မှ လိုင်ရိုးတော်ဓါတ်တော်လည်း တဆူအပါအ၀င်ဖြစ်သည်။ 
မင်းဖလောင်းသည် ပွဲကြီးခမ်းနားကြီးကျယ်စွာဆင်ယင်၍ လိုင်ရိုးတော်ဓါတ်ကို ပူဇော်မွမ်းမံသည်။

တခါ မင်းရာဇာကြီးလက်ထက်တွင်လည်း စေတီဟောင်း (၂၅) ဆူနှင့် စေတီအသစ် (၂၂) ဆူကို တည်ထားခရာ စေတီဟောင်း (၂၅) ဆူကို ပြန်လည်မွမ်းမံရာ၌ လိုင်ရိုးတော်ဓါတ်ကြီးကိုလည်း ပြုပျင်ခသိမ့်သည်။ 
ယင်းနောက်တွင် ကျိန်းဒုံးညိုခေါ် (စန္ဒ၀ိဇယရာဇာ) မင်းသည်လည်း သက္ကရာဇ် (၁၀၇၂) ခုနှစ်တွင် လိုင်ရိုးတော်ဓါတ်အားကြည်ညိုပြီး လိုအပ်သည်များကို စီမံဆောင်ရွက်ခသည်။ 
ဤမင်းသည် ဘုရားဆင်းထုတော် သျှစ်ရာ၊ စေတီပုထိုးပေါင်းသျှစ်ရာ၊ ရီကန်ပေါင်းသျှစ်ရာစသည်ရို့ကို လှူဒါန်းခသည်။

အင်္ဂလိပ်ခေတ်အရောက်တွင်ကား ငွေကြေးချမ်းသာသောသူများကစုစည်းမတည်၍ စေတီတော်ကို ပြုပျင်ခသည်။ 
ခရစ် (၁၉၀၈) ခုနှစ်တွင် လိုင်ရိုးတော်ဓါတ်သည် ရောင်ခြည်တော်ကွန့်မြူးသဖြင့် ယင်းကို ဖူးမြော်လိုက်ရသော ရွာချောင်းကြီးရွာမှ လယ်သူဌေး အုံးဒုံနှင့် မယားထွန်းမေရို့ ဦးစီးဦးဆောင်လျှက် ငွေကြေးကုန်ကျခံကာ ဓါတ်တော်ကို ပြုပျင်ခသည်။ 
ယခုမျက်မှောက်ကာလတွင်လည်း ဂေါပကအဖွဲ့ အဆက်ဆက် ဓါတ်တော်ကြီးအပြင် စောင်းတန်း၊ ဇရပ်၊ ဓမ္မာရုံ၊ အုတ်လှကားစသည်ရို့ကို တိုးချဲ့လုပ်ကိုင်သည်။

အခန်း (၁၃)

မင်းဖလောင်းလက်ထက်မွမ်းမံပူဇော်ခြင်း

မင်းဖလောင်း (ကောဇာ ၉၃၃-၉၅၅)

ဘုရင်မင်းဖလောင်းကို ကောဇာသက္ကရာဇ် ၈၉၆ ခုနှစ်တွင် ဘခမည်းတော် ဒုတိယမြောက်ဦးမြို့တည် ဘုရင်းမင်းဗာကြီးနှင့် အိမ်နိမ့်မျောက်သားတော်ဖြစ်သော မယ်တော်စောသျှင်စောရို့မှ ဖွားမြင်သည်။ ငယ်နာမည်ကား “ဖွားတော်ထွီး” ဟူ၍လည်းကောင်း၊ “ချစ်နှောင်း” ဟူ၍လည်း ခေါ်သည်။ ဖခင်တိုင်းပြည်အုပ်ချုပ်မင်းလုပ်နီစဉ်ကာလအတွင်း ဘုရင်ဂျီဖလောင်း (ပေါ်တူဂီ) လူမျိုးရို့သည် မြောက်ဦးမြို့သို့ စစ်ချီလာရာ မင်းဗာကြီးတပ်များက ပြန်လည်စစ်ဆင်တိုက်ခိုက်မှုကြောင့် အနိုင်ရသည်။ ဤအချိန်ကာလ၌ မွီးဖွားခသောကြောင့် “မင်းဖလောင်း” ဟူ၍ အမည်ရသည်။

ဖခင်၏ညီဖြစ်သူစကြ၀တေးမင်းသည် ကျောက်ရောဂါဖြင့် ကွယ်လွန်ပြီးနောက် ယင်းအရိုက်အရာကိုဆက်ခံကာ မင်းဖလောင်းမင်းဖြစ်လာ၏။
“သီရိသူရိယ စန္ဒမဟာဓမ္မရာဇာ” ဘွဲ့အမည်ကိုခံယူလျှက် သက္ကရာဇ် (၉၃၃) ခု၊ တပို့တွဲလဆုတ် (၈) ရက် ကြာသားပတီးနိတွင် စကြ၀တေးမင်း၏သမီးဖြစ်သူသျှင်လတ်နှင့် ဘိသိက်သွန်း၍ နန်တက်၏။ 
ထိုအချိန်က မင်းဖလောင်း၏အသက်မှာ (၃၇) နှစ်ဖြစ်သည်။

မင်းဖလောင်းမင်းဖြစ်လာသောအခါ ဘင်္ဂါ (၁၂) မြို့ကို ဖခင်နည်းတူ ပိုင်ဆိုင်သောကြောင့် ကုလားဘွဲ့ အမည်အားဖြင့် သျှောက်စန္ဒြာသျှာ (သို့မဟုတ်) သီကွန်ဒါသျှာဟူ၍တွင်၏။ 
မင်းမဖြစ်မီက မင်းဖလောင်းမှာ ဖခင်မင်းဗာကြီးလက်ထက်တွင် သားတော်အိမ်ရှိမင်းသား သျှင်နှောင်း၊ သံတွဲစားအဖြစ် အမှုထမ်းရွက်ခ၏။ 
ဖခင်မင်းဗာကြီးက ဘင်္ဂါ (၁၂) မြို့သို့စစ်ချီလားသည့်အခါ လှံကိုင်ဓားကိုင် သူရဲတသောင်း၊ ကမန်လေးကိုင် သူရဲတသောင်း၊ ဒိုင်းကိုင်ကာစွဲသူရဲတသောင်း သိုင်းသမား သူရဲတသောင်းရို့ကိုဦးစီး၍ မယူမြစ်ကိုထွက်ကာ ပင်လယ်ပြင်ဘက်မှ စစ်ချီ၏။ 
မင်းဖလောင်းနန်တက်၍ မင်းဖြစ်လာသည့်အခါငယ် မျောက်သားတော်စောမိတော်ကို မိဖုရားခေါင်ကြီးအဖြစ်ဖြင့်လည်းကောင်း၊ စောသန္တာကိုမူ တောင်မိဖုရားအဖြစ်ဖြင့်လည်းကောင်း၊ ဘိသိက်သွန်းဖက် သျှင်လတ်ကိုကား နန်းတက်မိဖုရားအဖြစ်ဖြင့် လည်းကောင်း၊ မျောက်သားတောစောဦးကိုကား မြောက်မိဖုရားအဖြစ်ဖြင့်လည်းကောင်း အသီးသီးအပ်နှင်းခြင်းဖြင့် မိဖုရားလေးယောက်ဟိ၏။

တဖန် မင်းဖလောင်းသည် သားတော်သမီးတော်ရို့အားလည်း ဥာဏ်ပညာဖြင့်ချင့်ချိန်ပိုင်းခြားလျှက် ရာထူးဌာနန္တရများ အသီးသီးပီးအပ်သည်။ 
မင်းဖလောင်း၏သားအကြီးဆုံးဖြစ်သူ သတိုးဓမ္မရာဇာကိုကား အိမ်ရှိမင်းအဖြစ် ဆောင်ရွက်စီ၏။ 
သားတော်အလတ် သတိုးမင်းစောကိုကား စစ်သူကြီးခန့်၏။ 
သမီးတော်ကြီး အဉ္စနဒေ၀ကိုကား ညီတော်မင်းရဲရန်အောင်နှင့် ပီးစားထိမ်းမြား၍ လောင်းကြက်မြို့စားရာထူးကိုခန့်၏။ 
သမီးတော်အလတ် အသျှင်မကိုကား ညီတော်မောင်ကြီးထွီးနှင့်ထိမ်းမြား၍ တောင်ဘက်စားရာထူးကိုပီး၏။ သမီးအထွီးဖြစ်သူ စလပ်ဒေ၀ီကိုကား အစ်ကိုမင်းတိက္ခာ၏သား ဘစောမင်းညိုနှင့် ထိမ်မြား၍ ရာဇသင်္ကြန် ရာထူးကိုပီး၏။ 
ဘင်္ဂါ (၁၂) မြို့ကိုလည်း ဘိုးတော်ဘီးတော်များ လက်ထက်အခါကအတိုင်း အုပ်ချုပ်သည်။

သက္ကရာဇ် (၉၃၆) ခု တပို့တွဲလဆန်း (၂) ရက်စနီနိတွင် မင်းကြီးသည် ကမ္ဘောဇဟုအမည်ရသော သက်တိုင်းပြည်သို့ တကြိမ်ရီကြောင်း၊ ကုန်းကြောင်းချီတက်တော်မူသည်။ 
သက်မင်းရို့၏နိုင်ငံဖြစ်သော မူလပါဒရံ၊ သက္ကလာ၊ ရှတ်ရှာ၊ ကောက်ကတန်း၊ စုတ္ကရားအစဟိသောမြို့များကို မပြိုမကွဲစီဘဲ မြို့စား၊ ရွာစားများကို ခန့်အပ်လျှက်အုပ်ချုပ်သည်။
မင်းကြီးသည် ယင်းမှတဖန် စစ်တကောင်းမြို့သို့ ခရီးထွက်လီရာ ဦးစီစလာ (ဦးဇိတ်ဂျတ်ဇလာ) သည် မင်းကြီး၏သတင်းစုံကိုကြားရသဖြင့် လက်ဆောင်ပဏာများဖြင့် လာရောက်ဖူးမြော်၏။ 
မင်းဖလောင်းသည် လက်အောက်ခံဘင်္ဂါ (၁၂) မြို့တွင် မျိုးတော်ဆွေတော်အပေါင်းရို့အား အသီးသီးရာထူးခန့်အပ်လျှက် နီရာချထားခသည်။ 
မင်းကြီး၏သားတော်ရင်းဖြစ်သော သတိုးမင်းစောကိုလည်း (အနောက်ဘုရင်) ဟူ၍ ရာထူးတံဆိပ်ခပ်နှိပ်လျှက် ဆင်၊ မြင်း၊ ရဲမက်ဗိုလ်ပါများနှင့်တကွ အုပ်ချုပ်စီသည်။

သက်မင်းပြည်ထောင်အပေါင်းရို့က အစဉ်အဆက်အကျိုးကိုမမြင်သဖြင့် ဥတ္တရပြည်ကိုအစိုးရသော မြုံမင်းရို့ထံပြီးဝင် ခိုလှုံသည်။ 
မင်းဖလောင်းလက်ထက် လက်အောက်ခံ ဘင်္ဂါ (၁၂) မြို့မှာ နည်းမျိုးစုံဖြင့် ပုန်ကန်ခြားနားသည်။ 
မင်းကြီး၏ဘုန်းတန်ခိုးကြောင့် မအောင်မြင်ဘဲ ကျဆုံးရသည်။ 
မင်းကြီးသည် အနောက်ပြည်သို့ ဒုတိယအကြိမ်လားရောက်သည်။
မြုံပြည်အားတိုက်ရာ အောင်မြင်သည်။ 
ဤနည်းအတူ အရှိပြည်မှ ကျော်ထင်အနော်ရထာသည် ယခင်မင်းဗာကြီးလက်ထက်အခါက ယောက်ဖတော် တပင်ရွှေထီး စစ်ယှုံးရသည်ကိုအရှက်ရ၍ စစ်မက်အလုံးအရင်းနှင့် မြောက်ဦးမြို့တော်သို့ သံတွဲမြို့မှတဆင့် ချီတက်လာ၏။
မင်းကြီးမှာရွှေနန်းတော်၌နီလျှက် မြို့တော်ကိုအလုံပိတ်ထားစီကာ စစ်သူကြီးများကို ရှိထွက်တိုက်ခိုင်း၏။
ကျော်ထင်နော်ရထာ၏တပ်မှာ မခံရပ်နိုင်ဘဲ ဆုတ်ခွာပြိုပျက်ရသည်။

ဤသို့ဖြင့် မင်းဖလောင်းသည် အရှိမှကျူးကျော်လာမှု၊ အနောက်မှပုန်ကန်သူများကို နှိပ်ကွပ်နှိမ်နင်းပြီးနောက် သာသနာတော်ကောင်းကျိုး ဆကဲထမ်းပိုးဆောင်ရွက်တော်မူသည်။ ရှိဘေးလောင်းတော်၊ ဘိုးလောင်းတော်၊ ခမည်းတော်၊ နောင်တော်မင်းရို့ကတည်ထားပြုလုပ်ခသော စေတီများနှင့်တကွ ကျောင်း၊ ဘုရား၊ သိမ်၊ ဇရပ်၊ မဏ္ဍပ်၊ ရီတွင်း၊ ရီကန်နှင့်တကွ နန်းတော်အားပြုပျင်မွမ်းမံသည်။ နိုင်ငံအတွင်း ချမ်းသာဆင်းရဲမရွီး လူအားလုံးသူအားလည်း ကြီးစွာသောအလှူပီးတော်မူသည်။
ဤမင်းလက်ထက် သရက်မြို့၏အရှိဘက် ပန်းပြင်အရပ်မ ဆင်ဖြူတစီး၊ လေးမြို့ချောင်းမှ ဆင်ဖြူအမတစီး၊ ကျော်ထင်နော်ရထာကို စစ်နိုင်သောအခါ၌ ဆင်ဖြူတစီး အသီးသီးရသည်။
ပတ္တမြားတလုံးနှင့်အတူ မိဖုရားတပါးရသည်။
ယင်းသူမှာ ဦးရာဇ်တော်ဓါတ်စေတီ အနောက်ဘက်အနီး ရီပေါက်ချောင်းရွာသူမဖြစ်သော စောမဲကျီပင်ဖြစ်သည်။ စောမဲကျီမှာ ငါးရှာရာမှ ပြည်တန်ပတ္တမြားတလုံးကိုရသည်။ 
ပတ္တမြားကိုအကြောင်းပြု၍ စောမဲကျီကိုပါသိမ်းယူထားလိုက်သည်။ ဘုရင်က စောမဲကျီအား ပယ်မယားအဖြစ်ထားဟိ၏။
နောင်အခါ ရမ်းဗြဲမြို့ကို နယ်စားရာထူးပီးသနားသည်။ မျက်ရှင်ပတ္တမြားကိုကား ဦးရာဇ်တောင်၌ ဌာပနာသည်။

ဤမင်းသည် ငွေဒင်္ဂါးတကြိမ်သွန်းလုပ်သည်။
ဒင်္ဂါး၌မူ (နရာဓိပတိ ဥရီးတော် သီရိသျှာ) ဟူ၍ ပါဟိသည်။ 
ဤသို့ဖြင့် ဘ၀သျှင်မင်းဖလောင်းကြီးသည် အိမ်နိမ့် (၃၇)၊ နန်းစံ (၂၂)၊ သက်တော် (၅၉) နှစ်၊ သက္ကရာဇ် (၉၉၅) ခု၊ ၀ါဆိုလဆန်း (၆) ရက်၊ တလင်္ဂုနီနိတွင် နတ်ရွာလွန်တော်မူသည်။

ဤသို့ဖြင့် ကောဇာသက္ကရာဇ် (၉၃၃) ခုနှစ်မှ (၉၅၅) ခုနှစ်အထိ နှစ်ပေါင်း (၂၂) နှစ်အကြာအုပ်ချုပ်ပြီး မင်းကြီးသည် ရခိုင်ပြည် (၁၇) ဌာနသောအရပ်ဌာနများ၌ ဓါတ်တော်များတည်တော်မူခသည်။

၁။ မိဂ္ဂတဗ္ဗတောင်၌ နဖူးသင်းကျစ်တော်ဓါတ်ကို ဌာပနာ၍ (သျှင်းကျစ်တော်စေတီ)
၂။ နန္ဒပဗ္ဗတတောင်၌ ပါးမွှေးတော်ဓါတ်ကို ဌာပနာ၍ (ပါးမွှီးတော်စေတီ)
၃။ ဝေဠုပဗ္ဗတတောင်၌ နားလိတ်တော်ဓါတ်ကို ဌာပနာ၍ (နားလိတ်စေတီ)
၎။ မဉ္စူပဗ္ဗတတောင်၌ ချက်တော်ဓါတ်ကို ဌာပနာ၍ (ချက်တော်စေတီ)
၅။ ကာကာဂီရိတောင်၌ လျှာတော်ဓါတ်ကို ဌာပနာ၍ (ဇီဝှါစေတီ)
၆။ ကပေါတဂီရိတောင်၌ လည်တော်ဓါတ်ကို ဌာပနာ၍ (ဂိဝှါစေတိ)
၇။ မုဉ္စပဗ္ဗတတောင်၌ လက်ယာပါးရိုးတော်ဓါတ်ကို ဌာပနာ၍ (ပြိုင်းတိုင်စေတီ)
၈။ ရေနုသာရတောင်၌ လက်ဝဲပါးရိုးတော်ဓါတ်ကို ဌာပနာ၍ (ပါးရိုးတော်စေတီ)
၉။ ဥရုပဗ္ဗတတောင်၌ ရင်ငုံတော်ဓါတ်ကို ဌာပနာ၍ (ရင်ငုံတော်စေတီ)
၁၀။ သေလာပဗ္ဗတတောင်၌ မေးငူတော်ဓါတ်ကို ဌာပနာ၍ (မေးငူတော်စေတီ)
၁၁။ သမ္ဗတောင်၌ အဆုတ်တော်ဓါတ်ကို ဌာပနာ၍ (အဆုတ်တော်စေတီ)
၁၂။ နေသာဒတောင်တွင် သလုံးတော်ဓါတ်ကို ဌာပနာ၍ (သလုံးတော်စေတီ)
၁၃။ တဲလမူးချောင်း ကဏ္ဏလောမတောင်၌ နားမွှီးတော်ဓါတ်ကို ဌာပနာ၍ (နားမွှီးတော်စေတီ)
၁၄။ သာလမယတောင်၌ စမြုံတော်ဓါတ်ကို ဌာပနာ၍ (စမြုံတော်စေတီ)
၁၅။ စာရုပဗ္ဗတတောင်၌ ဦးကင်းတော်ဓါတ်ကို ဌာပနာ၍ (ဦးကင်းတော်စေတီ)
၁၆။ ဒွါရာဝတီ သံတွဲမြို့ဝယ် မဏိကေသာတောင်၌ ဆံတော်စေတီကို ထပ်မံ၍တည်သည်။
၁၇။ သီလပဗ္ဗတောင်၌ ဦးရာဇ်တော်ဓါတ်ကို ဌာပနာ၍ ဦးရာဇ်တော်စေတီတည်တော်မူသည်။

တောင်ရင်းကျွန်း ကပေါတဂီရိခေါ်တွင်သောတောင်၌ လိုင်ရိုးတော်ဓါတ်ကိုတည်တော်မူသည်။ စေတီတော်၏ အောက်ဖိနပ်မှ အထက်လုံးပတ် လက်တောင် (၂၀) ဟိပြီး အမြင့်မှာ (၁၂) တောင်မြင့်သည်။ စေတီတော်တည်နီစဉ်တွင် မင်းကြီးကိုယ်တိုင်ကြွရောက်လာပြီး ခုနှစ်ရက်တိုင်တိုင် ပွဲလမ်းသဘင်ကျင်းပလျှက် အသဒီသအလှူကြီးကိုပီးတော်မူသည်။ 
လာရောက်ဖူးမြော်ကုန်သောလူရို့သည် များစွာနှစ်လိုဝမ်းသာ ပျော်ရွှင်ကတ်ကုန်သည်။

ကျမ်းကိုး
၁။ ဦးစန္ဒမာလာလင်္ကာရ ။ ။ ရခိုင်ရာဇ၀င်သစ်ကျမ်း
၂။ ရခိုင်ဆရာတော် ။ ။ ဓည၀တီအရေးတော်ပုံကျမ်း
၃။ ဦးကိတ္တိ ။ ။ ပါးတော်ဓါတ်သမိုင်း
၎။ အသျှင်စက္ကိန္ဒ ။ ။ ပြည်တွင်းမကိုဋ်ဓါတ်ဦးရာဇ်သမိုင်း
၅။ ဦးစံသာအောင် ။ ။ ရခိုင်ဒင်္ဂါးများ
၆။ မင်းပြားမင်းသိန်းဇံ ။ ။ သရီရတော်မြတ်ပါးတော်ဓါတ်သမိုင်း စာ ၁၀၁ မှ ၁၁၂ ထိ

ရခိုင်အလင်းရောင်ဆိုဒ်မှ ကူယူထားပါသည်။

No comments:

Post a Comment