Tuesday 6 September 2011

လိုင်ရိုးတော်ဓါတ်သမိုင်း အခန်း (၆) (၇)

ရခိုင်လူမျိုးနှင့်မြို့ဆက်နန်းဆက်

ရခိုင်လူမျိုးရို့၏ဗုဒ္ဓဘာသာအကြောင်းကို ရွီးသားမတင်ပြခင် ယင်းနှင့်ဆက်စပ်လျှက်ဟိသည့် ရခိုင်လူမျိုး တွင်ခေါ်ခြင်း၊ ရခိုင်ပြည်ဟူ၍တွင်ခေါ်ခပုံ၊ ရခိုင်လူမျိုးဆင်းသက်လာရာဒေသ၊ စသည်ရို့၏ အကြောင်းကိုလည်း သိဟိထားဖို့လို သည်ဟုထင်ပါသည်။
သို့ဖြစ်၍ ဤအခန်း၌ ယင်းရို့၏အကြောင်းကို အကျဉ်းချုံ့၍ အနည်းငယ် တင်ပြလိုပေသည်။

သုဝဏ္ဏပူရပြည်၊ ရမ္မသုဝဏ္ဏပူရပြည်၊
အယုဇ္ဈပူရပြည်၊ ရက္ခပူရပြည် (သို့မဟုတ်)ဓည၀တီပြည်ဟူ၍ အမည်ဟိလတ်သည်။ 
“မဟာဝိဟိံကတိုင်း” ဟူ၍လည်း ခေါ်ဆိုသည်။ 
ယင်းသို့ နာမတံဆိပ်ခပ်နှိပ် တည်ဟိသောကြောင့် ရခိုင်သမိုင်းမှာ ကာလရှည်ဝီးလာလတ်ပြီ။ 
ရခိုင်ပြည်သည်ကား သီးခြားပထ၀ီရီမြီဖြင့် နိုင်ငံတနိုင်ငံလူမျိုးတမျိုးအဖြစ် အခြီချနီထိုင်စံပျော်ရာ ဌာနတခုဖြစ်သည်။
အီးမြသာယာဝပြောရကား နတ်ပြည်တမျစံနှိုင်းခံရကြောင်းဆိုသည်။
ရခိုင်လူမျိုးရို့မှီတင်း နီထိုင်လာသည်နှင့်အမျ အုပ်ချုပ်မှုမှာလည်း ရှည်ကြာညောင်းခသည်။ 
ထို့ကြောင့် သမိုင်းမတင်မှီခေတ်ကပင် ထီးနန်းမြို့ပြတည်ထောင်ခသဖြင့် မြို့သက်၊ နန်းသက်မင်းဆက်ရို့မှာလည်း များပြားလှသည်။
ရခိုင်သမိုင်းအဆိုအရ ရခိုင်ရှိဦးဝေသာလီမြို့တွင် ဗြဟ္မာဏရာဇာကစ၍ ဗြဟ္မာသိဒ္ဓိမင်း (၂၆) ဆက်။ 
(တနည်း -၂၉- ဆက်)။ နန်းသက် (၁၉၉၀) ရှည်လျှားသည်။ 
ခရစ်မပေါ်မီ ဘီစီ (၅၃၁၅) မှ ဘီစီ (၃၃၂၅) အထိကာလတိုင်သည်။

ထို့နောက် မာရယုမင်းသည် ပထမဓည၀တီမြို့ကို တည်ထောင်၍ မင်းဆက် (၅၇) ဆက်နှစ်ပေါင်း (၁၈၁၆) ခုနှစ် (ဘီစီ ၃၃၂၅ မှ ဘီစီ ၁၅၀၈) အထိဖြစ်သည်။ 
ပြီးနောက် ဒုတိယဓည၀တီခေတ်တွင် ကမ္မရာဇာမင်းမှ သီရိရာဇာမင်းအထိ မင်းဆက် (၂၈) ဆက် နှစ်ပေါင်း (၉၂၇) နှစ်ဖြစ်၍ (ဘီစီ ၁၅၀၇ မှ ၅၈၀) အထိ ကာလတိုင်သည်။ 
တတိယဓည၀တီခေတ်ကို စန္ဒသူရိယမင်းအစ သူရိယကေတုမင်းအထိ (၂၅) ဆက်၊ နန်းသက် (၉၀၆) နှစ် (ဘီစီ ၅၈၀ မှ အေဒီ ၃၂၆) ထိ ကာလတိုင် ကြာသည်။
ထို့ကြောင့် ရခိုင်ရှိဦး ဝေသာလီခေတ်ကစ၍ ရခိုင်မင်းများသည် လွန်ခသောနှစ်ပေါင်း (၇၀၀၀) ကျော်ကစ၍ မြို့ပြထီးနန်းများတည်ခသည်။

ဓည၀တီမြို့ကို စတင်တည်ထောင်ခသော မာရယုမင်းဆိုလျှင် ဆူမာရီယံရို့ပေါ်ချိန် ဘီစီ (၃၃၂၆) ခုနှစ်နှင့် ခေတ်ပြိုင်ကျသဖြင့် ထိုခေတ်မြို့ပြတည်ထောင်မူကာလကို ကမ္ဘာ့သမိုင်းနှင့်ချိန်ဆကြည့်နိုင်သည်။ ထို့ကြောင့် ရှိဦးမြို့ပြထီးနန်းမှာ သာမန်ရပ်စုအဆောက်အအုံမျှ ဟိနိုင်မည်ဟု ခန့်မှန်းယူဆရသည်။ ဓည၀တီခေတ် ကုန်ဆုံးလားပြီးသည့်နောက်မှာကား ဝေသာလီ ကျောက်လှကားခတ်ပေါ်ထွန်းလာခသည်။ အေဒီ (၃၂၇) မှ (၈၁၈) အထိဖြစ်သည်။
ဤခေတ်၌စန္ဒြားမင်းများ စိုးစံခကတ်သည်။ 
တိုင်းပြည်အလွန် စည်ပင်ဝပြောသာယာခကြောင်းကို အထောက်အထားများအရသိနိုင်သည်။

ဝေသာလီခေတ် ကုန်ဆုံးပြီးနောက် လေးမြို့ခေတ်သို့ရောက်သည်။ 
လေးမြို့ခေတ်သည် အေဒီ (၈၁၈) မှ (၁၄၃၀) အထိဖြစ်သည်။
လေးမြို့ခေတ်တွင် စမ္ပ၀က်၊ ပဉ္စာ၊ ပုရိန်၊ ခြိတ်၊ နေရဉ္စရာ၊ လောင်းကြက်စသည့် မြို့များထွန်းကားသည်။ 
အေဒီ (၁၄၃၀) ခုနှစ်သို့ ရောက်ဟိလာသည့်အခါမှာ မင်းစောမွန်သည် လောင်းကြက်မြို့မှ ရွှိပြောင်း၍ မြောက်ဦးမြို့ကို စတည်ထောင်သည်။ 
မြောက်ဦးခေတ်ကို ပထမမြောက်ဦး၊ ဒုတိယမြောက်ဦး၊ တတိယမြောက်ဦးဟူ၍ သုံးပိုင်းခွဲဖော်ပြသည်။ 
မြောက်ဦးခေတ်၌ မင်းပေါင်း (၄၉) ဆက်နန်းစံနှစ်ပေါင်း (၃၅၄) နှစ်ရှည်ကြာပြီး (၁၇၈၄) ခုနှစ်တွင် ရခိုင်ထီးနန်းအရေးနိမ့်သည်။ ယင်းနောက် (၁၈၂၄) ခုနှစ်တွင် ဗြိတိသျှလက်အောက်သို့ ကျရောက်သည်။

အခန်း (၇)

ရခိုင်သို့ဗုဒ္ဓသာသနာဝင်ရောက်လာခြင်းနှင့် ခေတ်အဆက်ဆက်ထွန်းကားမှု

ရခိုင်ပြည်သို့ ဗုဒ္ဓသာသနာတော်ဝင်ရောက်လာခြင်းသည် မြတ်ဗုဒ္ဓဂေါတမ ရခိုင်ပြည်သို့ရောက်ဟိလာသည့်အချိန်မှ စတင်သည်။ 
ဘုရားသျှင်သည် မဟာသက္ကရာဇ် ၁၂၃ခု ကဆုန်လ္ဆန်း (၈) ရက်။
အချို့ကျမ်း၌ တပို့တွဲလပြည့်နိ၌ နောက်ပါရဟန်း ၅၀၀ ခြံရံလိုက်ပါလျှက် ဓည၀တီရခိုင်ပြည်သို့ကြွရောက်ပြီး ဂစ္ဆပနဒီမြစ်၏အရှိဘက်ကမ်းဖြစ်သော သေလာဂီရိကျောက်တော်တောင်၌ ဆင်းသက်ရပ်တန့်သည်။ 
စန္ဒသူရိယမင်းကြီးသည် ဓည၀တီမြို့မှ (၅) မိုင်ခန့်ဝီးသော သေလာဂီရိတောင်၌ ဘုရားမြတ်သျှင်ကြွရောက်၍ ရပ်တန့်နီသည့်သတင်းကိုကြား၍ ခရီးဦးကြိုဆိုရန် လားရောက်သည်။ 
ဘုရားသျှင်၏တရားဒေသနာ နာကြားရသဖြင့် ဘုရင်မင်းမြတ်အပါအ၀င် ယောက်ျားမိန်းမ (၁၀၀၀) သောတာပန်တည်သည်။
မင်း၏နှမတော် မိဖုရားဥဒုမ္ဗရဒေ၀ီ (ပဒုမ္ဗ၀တီ)၊ သမီးတော်သုရုမာရို့ ဘိက္ခုနီထေရီ ရဟန္တာမဖြစ်သည်။ 
ဘိက္ခုထေရာ ရဟန္တာယောက်ျားလည်း (၂၀၀) ကျော်ဖြစ်သည်။ 
ထို့နောက် စန္ဒသူရိယမင်းက ဘုရားသျှင်အား ဓည၀တီနန်းတော်သို့ပင့်ဖိတ်လျှက် ခုနှစ်ရက်ပတ်လုံး မြို့တော်သီရိဂုတ်တောင်၌ မဏ္ဍပ်ဆောက်လုပ်၍ပူဇော်သည်။ 
ဘုရားသျှင်က တရားဟောသဖြင့် တိုင်းနီပြည်သူတသိန်းရို့မှာ သရဏဂုံ ပဉ္စသီတရားတည်ကုန်သည်။

နန်းတော်တောင်ဘက်မနီးမ၀ီးအရပ်၌ ကျောင်းဆောက်လုပ်လှူဒါန်းရန် လျှောက်ထားသည်ကိုပယ်မြစ်လျှက် နုစဉ်ဘ၀ကကျင်လည်ခဖူးရာ ၀က်သတိုးတောင်ကိုညွှန်ပြ၏။ 
ထိုတောင်၌ပင် ရွှေကျောင်းဆောက်လုပ်လှူဒါန်း၏။
ဘုရားသျှင်က မကြာမှီ ပြန်ကြွရမည်ဖြစ်သဖြင့် စန္ဒသူရိယမင်းသည် ဘုရားသျှင်အားကိုးကွယ်ရန် ကိုယ်စားဆင်းထုတဆူ သွန်းလုပ်ခွင့်ပြုရန် လျှောက်ထားသည်။
ဘုရားသျှင်လည်းခွင့်ပြုသဖြင့် ဘုရားသျှင်၏ ရင်ငွေ့တော်ဖြင့် မဟာမုနိရုပ်သျှင်တော်ကို သွန်းလုပ်ပြီးစီးသည်။
မဟာမုနိရုပ်သျှင်တော်မှာ ဗုဒ္ဓ၏ရင်ငွေ့တော်ဓါတ် ထည့်သွင်းခသောကြောင့် မဟာမုနိရုပ်သျှင်တော်ဓါတ်ဟူ၍လည်းကောင်း၊ မဟာမုနိသွန်းစက်တော်ဟူ၍ လည်းကောင်း ယခုတိုင်ခေါ်တွင်သည်။

ထိုအချိန်မှစ၍ ရခိုင်လူမျိုးများသည် ဗုဒ္ဓဘာသာဝင်များဖြစ်လာသည်။
ဓည၀တီ ရခိုင်ပြည်၌ သာသနာပြုရန် ရဟန္တာအသျှင်ဗာကုလာအပါအ၀င် (၂၁) ပါး မဟာရာဇ၀င်၌ အရိယာသံဃာ (၂၀၀) ကိုလည်း ထားခသည်ဆို၏။ 
သူရိယစက္ကမင်းလက်ထက် သွန်းလုပ်ခသည့် စန္ဒမုနိဆင်းထုတော်ကိုကား ကနိတိုင်ဖူးမြင်နိုင်ပေသည်။

သာသနာတော်ပြန့်ပြောစီခြင်းငှာ ဓည၀တီခေတ်၌ မဟာမုနိဘုရားအရပ်၌ ၀ိနည်းဓိုရ်ကျောင်းဟိကြောင်းသိရ၏။
ထိုကျောင်း၌သီတင်းသုံးနီသော နန္ဒသီရိမထေရ်သည် ၀ိနည်းထေရ်ဆရာတော်ဖြစ်၏။
ဓည၀တီခေတ်၌ သီဟိုဠ် (သီရိလင်္ကာ) သို့ သာသနာပြုခကြောင်းကိုလည်း မှတ်တမ်းများအရသိရ၏။ 
သူရိယသီရိမင်းလက်ထက် အေဒီ (၂၀၁) ခုတွင် ဇိနမာန်အောင် ဆရာတော်သည် အဖော် (၁၂) ပါး ဖြင့် သီဟိုဠ်သို့သာသနာပြုရန် ကြွရောက်ဖူး၏။ 
အထူးသဖြင့် စန္ဒသူရိယမှ အနွယ်ခြောက်ဆယ်မြောက် သူရိယစက္ကမင်းလက်ထက်တွင် အာသောကမင်းကြီး ပီးပို့သည့် မြတ်ဗုဒ္ဓ၏ဓါတ်မွီတော်ရို့ကို လက်ခံရဟိသဖြင့် ယင်းအချိန်ကပင် ရခိုင်ပြည်အနှံ့ စေတီပုထိုး ကိုးကွယ်မှုစတင်ခ၏။ 
ဝေသာလီမြို့တော်ကို တည်ထောင်သော မဟာစန္ဒြားမင်းကြီးလက်ထက်တွင် သီလ၀န်၊ ဂုဏ၀န်၊ ထေရ်မွန်၊ မထေရ်ကြီးရို့မှာ (၁၀၀၀၀) မျ ဟိသည်ဆိုသဖြင့် ဝေသာလီခေတ်ဦး သာသနာတော် စည်ပင်ခသည်ကို သိသာပါသည်။

အာနန္ဒစန္ဒြကျောက်စာအရ ဝေသာလီခေတ်သာသနာသည် သီဟိုဠ်နှင့်ကူးလူးဆက်ဆံဟိသည်။
သီဟိုဠ်နိုင်ငံ သံဃအစည်းအဝေးတခုအတွက် ဝေသာလီနိုင်ငံမှ တရားဟောပလင်၊ ဆင်မယာဉ်သာ၊ ပိုးသင်္ကန်းရို့ကို ပီးပို့လှူဒါန်းခဖူးသည်။
ထို့အပြင် သီရိစန္ဒြားမင်းလက်ထက် အေဒီ (၆၃၈) တွင် ဝေသာလီမြို့၏ အရှိမြောက်ဖက်ရွှေထော့င်၌ သင်္ဂါယနာတင်ခြင်းကို ပြုလုပ်သည်။
ဤသင်္ဂါယနာတင်ခြင်းသည် ရခိုင်ပြည်တွင် ပထမဦးဆုံးသော သင်္ဂါယနာတင်ခြင်းဖြစ်ပြီး မူအားဖြင့် သီဟိုဠ်မူအတိုင်းဖြစ်သည်။ 
သင်္ဂါယနာတင်ပွဲကို သီဟိုဠ်မှကြွရောက်သည့် စူဠရေ၀၊ မထေရ်က နာယကအဖြစ်ဆောင်ရွက်သည်။ သီဟိုဠ်မှသံဃာအပါး (၁၀၀၀) နှင့် ရခိုင်မှသံဃာအပါး (၁၀၀၀) ပူးပေါင်းဆောင်ရွက်သည်။ 
ကာလအား ဖြင့် (၃) နှစ်ကြာသည်။

“အကျွန်ုပ်၏ဒါနပါရမီသည် သတ္တ၀ါရို့အပေါ်၌ မချို့တဲ့စီသတည်း” ဟူသောကျောက်ကမ္ဗည်းစာက အာနန္ဒစန္ဒြမင်းကြီး၏ဒါနကို သိနိုင်ပေသည်။ 
ထိုမင်းလက်ထက်အခါက ရွှေ၊ ငွေ၊ ကြီးရို့ဖြင့် ပြုလုပ်သော ဆင်းထုတော်များ၊ အင်္ဂတေ ကျောက်များဖြင့်ပြုလုပ်သော ဆင်းထုတော်များ၊ စေတီပုထိုးတော်များ ပြုလုပ်လှူဒါန်းသည်။ လောကီလေကုတ္တရာဆိုင်ရာ ကျမ်းဂန်မြောက်များစွာ ရွီးကူးပျံနှံ့စီသည်။ 
ထို့ကြောင့် ဝေသာလီခေတ်က ဗုဒ္ဓသာသနာတော်သည် လျှမ်းလျှမ်းတောက်စည်ပင်ခပြီး ဝေသာလီခေတ်ကဘုရား၊ ပုထိုးစေတီများကို “ပိတောက်ရွှေဝါ၀င်းဝင်းဝါ” ဟု မှတ်တမ်းတင်ဟိသည်။ ဂဏန်းသင်္ချာအလိုအားဖြင့် (၅၇၄၄၄၄၄) ရသည်။

ဝေသာလီခေတ်ကုန်ပြီးသည့်နောက်တွင်ကား ရခိုင်တွင်လေးမြို့ခေတ်ပေါ်ထွန်းလာသည်။
လေးမြို့ခေတ် ပဉ္စာမြို့တော်ကို တည်ထောင်သည့် မင်းရင်ဖြူသည် သီဟိုဠ်နိုင်ငံ ၀ဋဂါမဏီမင်းလက်ထက် ပီထက်အက္ခရာ စတုတ္တသင်္ဂါယနာမူကို ရဟန္တာ (၈၀၀) ဖြင့် ယခင်အတိုင်းရွီးကူး၍ ရွှေပုရပိုဒ်ပေါ်တွင် တင်ထားခသည်။ 
ဤသင်္ဂါယနာကို ရဟန္တာအသျှင်နန္ဒိယနှင့် အသျှင်ဘဒ္ဒိယ မထေရ်ရို့အမှူးပြု၏။ 
လေးမြို့ခေတ်တွင် ဝေသာလီခေတ်မှ စူဠရေ၀တမထေရ်၏တပည့် အဆက်အနွယ်ဖြစ်သော သုမနရဟန္တာ၊ ယင်းအသျှင်၏တပည့် သစ္စကဗဏ္ဍ၀မထေရ်နှင့် သီလ၀န်၊ ဂုဏ၀န်၊ ထေရ်အသျှင်မြတ်ရို့မှာ ထင်ရှားသည်။ ပုရိန်မြို့ ကောလိယလက်ထက်တွင် လောင်းကြက်တောင်မော်ဘုရားကြီးကို ကုသိုလ်ပြု၏။ ဤမင်းလက်ထက် တည်ထားခသော ဆင်းထုတော်၊ စေတီ၊ မွီတော်များမှာ များပြားလှ၏။
ကောင်းမှုအစုစုကို အသဒိဿဒါနအဖြစ် ကျောက်ကမ္ဗည်းစာရွီးထိုးခ၏။
ဤမင်းရွီးထိုးကျောက်စာ၌ (ဆင်ကိုတခုမကြွင်း၊ မြင်းကိုတခုမကြွင်းလှူ၏။) ဟူ၍ တွိရသည်။

ဒုတိယပုရိန်မြို့တည် ဒဿရာဇမင်းလက်ထက်တွင်ကား ပျောက်ကွယ်နီသော မဟာမုနိဘုရားကြီးကို ပြန်လည်၍ ရှာဖွေတည်ထားပြုသည်။
ဤမင်း၏အလှူသည် များပြားရကား သီရိဓမ္မာသောကမင်းနှင့် ခိုင်းနှိုင်းရလောက်အောင် ဘုရား၊ ပုထိုးများကိုလှူဒါန်းသည်။
ထို့နောက် တောင်ငူနေရဉ္စရာခေတ်အရောက်တွင် မဉ္စူသင်မင်းသည် တထောင်သော ရဟန်းတော်မြတ်ရို့နှင့်တကွ ပိဋကတ်တော်များကို သန့်စင်ရွီးကူးစီလျှက် စေတီပုထိုးများနှင့် ဆင်းထုတော်များ၊ ရီတွင်း၊ ရီကန်၊ စင်္ကြံလမ်းရို့ကိုလည်း ကောင်းမှုပြု၏။ 
မဉ္စူသင်မင်းကြီး၏သားတော် ငရမံမင်းလက်ထက်တွင် ဘုရားရုပ်ထုတော်၊ ဆင်းထုတော် ရီတွင်းရီကန်ရို့ကိုလည်း ပြုလုပ်လှူဒါန်း၏။
ထိုမင်းလက်ထက် ဥတ္တရဓမ္မသင်္ဃဓိပတိသည် တပည့်ရဟန်း (၃၆) ပါးနှင့် သီဟိုဠ်သို့ သာသနာပြုရန်ကြွရောက်၏။

နေရဉ္စရာမြို့၏ (၆) ဆက်မြောက်ဖြစ်သော ဘုရင်မင်းဆူလက်ထက်တွင်လည်း မြို့တော်လေးမျက်နှာသောအရပ်၌ မဏ္ဍပ်များကိုဆောက်လုပ်ပြီးလျှင် တနိလျှင် ငွေ (၄၀၀၀) စီ လှူဒါန်းသည်။ 
အေဒီ (၁၁၂၂-၁၂၃၂) ခုနှစ်တွင် နန်းစံသော ဘုရင်သကျဝင်ငယ်လက်ထက်တွင်ကား နေရဉ္စရာမြို့တော်၌ ပိဋကတ်ကျမ်းဂန်များ အထူး ပြန့်ပွားအောင်ဆောင်ရွက်သည်။ အလောမာဖြူလက်ထက်တွင် ဗုဒ္ဓသာသနာကိစ္စဖြင့် သီဟိုဠ်သို့ကြွရောက်သဖြင့် ရခိုင်သမိုင်း၌ အလောမာဖြူကို သီဟိုဠ်ရောက်မင်းဟူ၍ ထင်ရှားသည်။
လောင်းကြက်ခေတ် တရားသီလစောင့်ထိန်းခြင်းနှင့် ထင်ရှားသော ဘုရင်မင်းထီးသည် ဘုရား၊ စေတီ၊ ပုထိုးသိမ်ကျောင်းဇရပ်ရို့ကို များစွာပြုလုပ်သည်။
လောင်းကြက်နန်းတော်အနီး၌ တိဿဘုရားကို တည်ထားသည်။ မဟာမုနိကိုထပ်မံပြုပျင်ပြီး န၀င်းကျေစေတီ (၉) ဆူကို လင်းမွီတောင်တန်း၌ တချိန်တည်းတည်ထားသည်။

ဤမင်းသည် သံဃဂုရုရာဇာဖြစ်သော သာသနာပိုင်ဆရာတော်အသျှင်သီရီဓမ္မရာဇာအား ပင့်ဖိတ်ပြီး အိန္ဒိယပြည် ဗုဒ္ဓဂါယာသို့ ဘုရားဖူးကြွရောက်သည်။ 
မဟာဗောဓိစေတီကို ပြုပျင်စီပြီး ကျောက်စာရေးထိုးခသည်။ 
ဘုရင်မင်းထီး၏ဆရာဖြစ်သော ကောလိတဆရာသည် မိမိ၏အလှူကို မင်းကောလိယကဲ့သို့လောက၌ မြင်မြင်သမျ အသဒီဿဒါနအဖြစ် လှူဒါန်းခကြောင်း ကျောက်စာ၌တွိရသည်။
ဤသို့ဖြင့်လေးမြို့ခေတ်၏သာသနာတော်သည် ဝေသာလီခေတ်မှ ဆက်နွယ်လာသော သာသနာတော်ဖြစ်ပြီး လေးမြို့ခေတ်တလျှောက်လုံး၌ အထူးစည်ပင်ခသည်။ 
မြောက်ဦးခေတ်သို့ ရောက်သောအခါတွင်ကား လေးမြို့ခေတ်မှ အသျှင်ဗန္ဓ၀ရန္တာရို့၏အဆက်အနွယ်ဖြစ်သော စန္ဒောရာမသာသနာပိုင် ဒီသာပါမောက္ခတက္ကသိုလ် ဆရာတော်ကြီးရို့သည် တပည့်များစွာနှင့်တကွ မြောက်ဦးမြို့စန္ဒရာမကျောင်းတိုက်ကြီးကို တည်ဆောက်သည်။
ဝိဇယရံသီဆရာတော်သည် သုံးကျိပ်တဆူ ဘုရားအနီး၌ မြို့တည်စကပင် မဟာဝိဇယရံသီကျောင်းတိုက်ကြီးကို တည်ဆောက်သည်။
ဦးတေဇာရာမ ဆရာတော်သည်လည်း တေဇာရာမကျောင်းတိုက်ကြီး၌ သီတင်းသုံးနီထိုင်သည်။

ဤသို့လျှင် မြောက်ဦးခေတ်၌ မြောက်ဦးမြို့တော်မှာပင်လျှင် ဘုန်းတော်ကြီးကျောင်းပေါင်း (၃၀) နှင့် ကျောင်းတော်ငယ်ပေါင်း (၃၇၀၀) ဟိကြောင်းကို မှတ်တမ်းများမှတဆင့်သိရရာ မြောက်ဦးခေတ်၏ သာသနာစည်ပင်မှုကို တစိတစောင်း အကဲခတ်နိုင်ပါသည်။
မင်းစောမွန်၊ မင်းခရီ၊ ဘစောဖြူ၊ မင်းဒေါလျှာ၊ မင်းခေါင်ရာဇာ၊ မင်းဗာကြီး၊ မင်းတိက္ခာ၊ မင်းဖလောင်း၊ မင်းရာဇာကြီး၊ မင်းခမောင်း၊ သီရိသုဓမ္မာရာဇာ၊ စန္ဒသုဓမ္မရာဇာ၊ စန္ဒ၀ိဇယရာဇာ၊ စသည့်မင်းရို့မှာ မြောက်ဦးခေတ်တလျှောက်လုံး၌ သာသနာတော်ကို အားပီးချီးမြှင့်ခသည့် မင်းများဖြစ်သည်။ 
မြောက်ဦးခေတ် ဗုဒ္ဓသာသနာစည်ပင်မှုကို ယခုမြောက်ဦးမြို့ဟိ သာသနိကအဆောက်အဦးများကို ကြည့်ရှုခြင်းဖြင့်သိနိုင်သည်။

ကနိတိုင် မားမားမတ်မတ်တည်ဟိနီသည့် သျှစ်သောင်း၊ ကိုးသောင်း၊ ထုက္ကန်သိမ်၊ လေးမျက်နှာ၊ အံတော်သိမ်၊ မာန်ငါးပါးစေတီတော်ရို့မှာ တချိန်က မြောက်ဦးခေတ်၏ သာသနာထွန်ကားမှုကို ဖော်ပြနီသည်။ 
မင်းဗာကြီး၏သားတော် မင်းဖလောင်းကား ဘုရားဆုကို ပန်ရွယ်သည်နှင့်အညီ ရခိုင်ပြည်အနှံ့ မွီတော် (၁၇) ဆူကို ပြုပျင်သည်။ 
ယင်းရို့၌ အသဒီဿဒါနအလှူကိုလည်း ပြုတော်မူသည်။ 
ယင်း၏သားတော် မင်းရာဇာကြီး ဆိုလျှင်လည်း ရခိုင်ပြည်အနှံ့ စေတီဟောင်း အသစ်ပေါင်း (၄၇) ဆူကို ပြုပျင်ခြင်း၊ အသစ်တည်ခြင်း ပြုလုပ်သည်။ 
(ဤသည်ကိုရည်၍ ရခိုင်ပြည်၌ ဓါတ်တော် (၄၇) ဆူ ကွန့်မြူးသည်ဟု အဆိုဟိသည်။ အမှန်မှာ ဓါတ်တော်ပေါင်းကား (၂၄၇) ဆူဖြစ်ပါသည်။)

တုံးညိုခေါ် စန္ဒ၀ိဇယရာဇာမင်းသည် သိမ်ပေါင်း (၈၀၀)၊ ဆင်းထုတော်ပေါင်း (၈၀၀)၊ ရီကန်ပေါင်း (၈၀၀) ကို လှူဒါန်းခသည်။

ကျမ်းကိုး
၁။ ဦးစန္ဒမာလာလင်္ကာရ ။ ။ ရခိုင်ရာဇ၀င်သစ်ကျမ်း (ပ+ဒု)
၂။ ဦးစံသာအောင် ။ ။ အာနန္ဒစန္ဒြသျှစ်ရာစု ရခိုင်ဝေသာလီမင်း
၃။ ဦးစံသာအောင် ။ ။ အေဒီခြောက်ရာစုနှင့် ယင်းမတိုင်မှီက ရခိုင်ပြည်သုံးအက္ခရာ။
၎။ အသျှင်စက္ကိန္ဒ ။ ။ ပြည်တွင်မကိုဋ်ဓါတ်ဦးရာဇ်
၅။ ဂေါယာမြေစောဝင်း ။ ။ ရခိုင်ပြည်နှင့် ဗုဒ္ဓသာသနာ
၆။ စစ်တွေမြို့ယဉ်ကျေးမှုအဖွဲ့ ။ ။ ရခိုင်မဂ္ဂဇင်း (ဝေသာလီအထူးထုတ်)
၇။ စစ်တွေမြို့ယဉ်ကျေးမှုအဖွဲ့ ။ ။ ရခိုင်မဂ္ဂဇင်း (လေးမြို့အထူးထုတ်)
၈။ ရခိုင်ပြည်နယ်ကောင်စီ ။ ။ မြောက်ဦးလမ်းညွှန်

ရခိုင်အလင်းရောင်ဆိုဒ်မှ ကူယူထားပါသည်။

No comments:

Post a Comment