Monday 15 August 2011

မျိုးစောင့်တရား

အမျိုးလီလ နှစ်ဌာနကို
ပြည့်ဝမဏ္ဍိုင် စောင့်စွမ်းနိုင်သည့်
ရက္ခိုင်နာမ ဘွဲ့မည်လှဖြင့်
အန္ဓတ္တသညာ ခေါ်အပ်ရာတည်း
ရခိုင်ဆိုသည်မှာ အမျိုးကို စောင့်ထိန်းသူ၊ ကိုယ်ကျင့်တရားကိုကောင်းမွန်စွာ စောင့်ထိန်းသူဟု မော်ကွန်းအလင်္ကာက ဆိုထားပါသည်။ 

သို့ဖြစ်ရာ ရခိုင် လူမျိုးတို့ အနေဖြင့် မိမိတို့၏ မျိုးရိုး ဂုဏ်သက္ခာ အစဉ်အလာကို ကိုယ်ချင့်တရား ကောင်းမွန်စွာဖြင့် ထိန်းသိမ်း စောင့်ရှောက်ခြင်း (သို့) မျိုးစောင့် တရားနှင့် ပြည့်စုံ မှသာလျှင် ရခိုင်ပီသမည် ဖြစ်ကြောင်းကို ရှင်းလင်းစွာ သိနိုင်ပါသည်။

မျိုးစောင့်တရားဟုဆိုရာတွင် လူအများစုက မိမိတို့ မျိုးနွယ်အတွင်းသို့ တခြား လူမျိုးနွယ်များ၏ သွေးရောနှောခြင်း (သို့) ရခိုင် လူမျိုးများသည် တခြား လူမျိုးခြားများနှင့် အိမ်ထောင် ပြုခြင်း၊ မျိုးဆက် ပွားခြင်းဖြင့် မျိုးရိုး တိမ်ကော ပျော်ကွယ်ခြင်း မရှိစေရန် ကိုယ်စီ လိုက်နာ ကျင့်သုံးအပ်သည့် စည်းကမ်း တရပ်ဟုသာ လက်ခံ ယုံကြည် ကြပါသည်။ 

ထိုအချက်သည် ရခိုင်လူမျိုး ထာဝရ ရှင်သန် ရပ်တည်ရေးအတွက် အဓိက အရေးအကြီးဆုံး အချက်ဖြစ်သည်ကို မည်သူမျှ မငြင်းနိုင်ပါ။ 
သို့သော် မျိုးစောင့်တရား၏ အဓိပ္ပါယ်က အဆိုပါ အကြောင်းအရာထက် ပိုမိုကျယ်ပြန့် နက်နဲလှပါသည်။

ယခုခေတ် မြန်မာ နိုင်ငံအတွင်း ပြည်နယ် တခုအဖြစ် ရပ်တည်နေရသော ရခိုင်ပြည်တွင်းရှိ ရခိုင်အမျိုးသားတို့သည် မိမိတို့ ဘဝ တိုးတက်ရာ တိုးတက်ကြောင်း အတွက် ဖွံ့ဖြိုးမှု နည်းပါးလှသည့် မွေးရပ်မြေကို စွန့်ခွာ၍ မြန်မာပြည်မနှင့် နိုင်ငံ ရပ်ခြားသို့ ပြောင်းရွေ့ အခြေချကြရပါသည်။

တချို့သော ပုဂ္ဂိုလ်တို့မှာ ဖိနှိပ်မှု များပြားလှသော မိမိတို့ဒေသ အခြေအနေကြောင့် နိုင်ငံ ရပ်ခြားသို့ အပြီးတိုင် ထွက်ခွါ သွားကြရရှာပါသည်။ 

ဒေသတွင်း နေထိုင်နေဆဲဖြစ်သည့် ရခိုင်များမှာလည်း အနယ်နယ် အရပ်ရပ်မှ စီးပွားရေးနှင့် ဌာနဆိုင်ရာ ကိစ္စများကြောင့် ပြောင်းရွေ့လာသော လူမျိုးခြားများနှင့် ဒွေးရော ယှက်တင်နေထိုင်ကြရသည့် အချိန်ဖြစ်နေသည်။ 
ထိုသို့ သော အခြေအနေအရပ်ရပ်သည် ရခိုင်တို့၏ မည်သည့်လူမျိုးနှင့်မျှ သွေးမရော လိုသည့် အမျိုးသား ဇာတိမာန်ကို ပြင်းထန်စွာ ခြိမ်းခြောက်လျက် ရှိပါသည်။ 

လူမျိုးခြားများနှင့် အိမ်ထောင်ပြုကာ မိမိတို့၏ ရိုးရာ ယဉ်ကျေးမှုနှင့် ဘာသာစကားကိုကျောခိုင်းသွားကြသည့် ရခိုင်အမျိုးသား၊ အမျိုးသမီး အရေအတွက်မှာလည်း တစတစ များပြားလာပါသည်။ 
ထိုသို့ အဖက်ဖက်မှ ပျက်စီးယိုယွင်းနေသော အချိန် အခါတွင် ရခိုင်သားတို့ အနေဖြင့် ထိုအဖြစ် အပျက်တို့ကို လက်မခံချင်သော်လည်း ရှောင်လွဲ၍ မရနိုင်သော အခြေအနေသို့ ဆိုက်ရောက်နေပြီးဖြစ်ပါသည်။

မျိုးစောင့်တရား ဆိုသည်မှာ မိမိတို့၏လူမျိုးကို လူမျိုးခြားများနှင့် သွေးရောစပ်၍ တိမ်ကော ပျော်ပျက်မသွားအောင် ကိုယ်စီ စောင့်ထိန်းခြင်း၊ မိမိတို့ လူမျိုးအချင်းချင်း ရိုင်းပင်းကူညီ ဖေးမစောင့်ရှောက်ခြင်းနှင့် မိမိတို့ ရခိုင်လူမျိုးတစ်ဦးချင်းစီ၏ ကိုယ်ကျင့်တရားကို ကောင်းမြတ် တည်ကြည်စွာ စောင့်ထိန်းခြင်းဖြင့် မိမိလူမျိုး၏ အမျိုးသားဂုဏ်သိက္ခာကို ထိန်းသိမ်း စောင့်ရှောက်ခြင်း စသည်တို့ကို ဆိုလိုသည်ဟု စာရေးသူ ထင်မြင်ယူဆမိပါသည်။

 ယနေ့ ခေတ် ရခိုင် လူမျိုးများထဲတွင် အများစုမှာ အမျိုးကို ချစ်သူ၊ မိမိလူမျိုး၏ သမိုင်း အစဉ်အလာကို ဂုဏ်ယူ ဝင့်ကြွား ကြသူများ ဖြစ်ကြပါသည်။
သို့ရာတွင် မိမိတို့ ခေတ်တွင် ပုဂ္ဂလိက ကြိုးပမ်း အားထုတ်မှုဖြင့် မျိုးရိုးဂုဏ် ဆောင်နိုင်ရန် ကြိုးပမ်းသူ အရေအတွက်မှာ ရှိသင့် ရှိထိုက်သည်ထက် နည်းပါး လှပေသည်။

အမျိုးချစ်သူ၊ သမိုင်းကြောင်း အစဉ်အလာနှင့် ယဉ်ကျေးမှုတို့ကို တန်ဖိုး ထားသူများ ရှိသကဲ့သို့ တဖက် တွင်တွင်း လူမျိုးကို ချစ်ရကောင်းမှန်း မသိ၊ မိမိလူမျိုး၏ သမိုင်းကြောင်း ဂုဏ်သိက္ခာနှင့် ယဉ်ကျေးမှုတို့ကို တန်ဖိုး ထားရ ကောင်းမှန်း မသိ၊ မိမိကိုယ် မိမိ ရခိုင်လူမျိုး ဆိုသည်မှ လွဲ၍ တခြားဘာကိုမှ မသိသော သူများလည်း ရှိကြသည်။

ထိုသူများထဲတွင် တချိန် တခါက စာရေးသူ ကိုယ်တိုင် ပါဝင် ခဲ့သည်ကို ရိုးသားစွာ ဝန်ခံ လိုပါသည်။ 
မိမိတို့ ရခိုင် လူမျိုးများထဲတွင် မိမိ၏ လူမျိုးတူ အချင်းချင်း ထိမ်းမြား လက်ထပ် ယူထားသော်လည်း မိမိ၏ လူမျိုးအချင်းချင်းကို ကူညီစောင့်ရှောက်မှု မရှိသူ (သို့) နည်းပါးသူ၊ မိမိလူမျိုးကို တတ်နိုင်သမျှ ကူညီရိုင်းပင်းသော်လည်း လူမျိုးခြားနှင့် လက်ဆက်ကာ မျိုးရိုးကို မစောင့်ထိန်းနိုင်သူ၊ မျိုးရိုးကို မစောင့်ထိန်း သည့်အပြင် ကိုယ့်လူမျိုး အချင်းချင်း ကူညီ ရိုင်းပင်းခြင်း လုံးဝမရှိဘဲ တခြား လူမျိုးများကိုသာ အထင်ကြီးသောသူ စသည့် လူအမျိုးမျိုးကို တွေ့မြင်နေရပါသည်။ 

အဆိုပါ ပုဂ္ဂိုလ်အချို့ကြောင့် သမိုင်းကြောင်း အစဉ်အလာ ဂုဏ်သိက္ခာ ကြီးမားခဲ့သည့် ကျွန်ုပ်တို့ ရခိုင်ပြည်သည် အထည်ကြီးပျက် အိမ်တစ်အိမ်နှင့် တူလာရပေသည်။ 
မည်သည့် နိုင်ငံ၊ မည်သည့် လူမျိုးစုတွင် မဆို အကောင်းအဆိုး စရိုက် လက္ခဏာတို့ ဒွန်တွဲလျက်ရှိနေသည် မှန်သော်လည်း မိမိလူမျိုး၏ ကိုယ်ပိုင် ရပ်တည်ခွင့် ဆုံးရှူးကာ လူမျိုးကြီး ဝါဒတခု၏ ခြမ်းခြောက်မှုကို ခံနေရသော ရခိုင် လူမျိုးများ အနေဖြင့် မျိုးစောင့် တရားကို အစဉ်သဖြင့် နှလုံး သင်းထား သင့်ပေသည်။ 

မျိုးစောင့် တရားတွင် မိမိတို့ ရခိုင် လူမျိုးအချင်းချင်း ထိမ်းမြား လက်ထပ်၍ မျိုးရိုး မပျောက် ပျက်အောင် ထိန်းသိမ်းခြင်းသည် အဓိက အချက် ဖြစ်သော်လည်း အိမ်ထောင်တခု၏ အဓိက ကျောရိုးဖြစ်သော သစ္စာတရားနှင့် တာဝန်ယူမှုသာ မရှိခဲ့ပါလျှင် အဓိပ္ပါယ် ရှိလိမ့်မည် မဟုတ်ချေ။

အမျိုးနှင့် သီလသည် ယှဉ်တွဲ၍ မရှိပါက ထွက်ပေါ်လာသည့် ရလဒ်သည်လည်း မွန်မြတ် လိမ့်မည်မဟုတ်ချေ။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ စာရေးသူ၏ အသိုင်းအဝန်းတွင် တွေ့ကြုံခဲ့ရသည့် အိမ်ထောင်ရေး တခု အကြောင်းကို တင်ပြလိုပါသည်။

ရခိုင် အမျိုးသား တယောက်သည် ရခိုင် အမျိုးသမီး တယောက်အား မျိုးစောင့် တရားကို အကြောင်းပြ၍ လက်ထပ် ပေါင်းသင်းခဲ့သည်။

လက်ထပ်ပြီး အနည်းငယ် ကြာသောအခါ စီးပွားရှာရန် နိုင်ငံရပ်ခြားသို့ အဆိုပါ ရခိုင်အမျိုးသား ထွက်ခွာ သွားခဲ့ရပါသည်။ ထိုပုဂ္ဂိုလ် နိုင်ငံခြား၌ နှစ်အတန်ကြာ အလုပ် လုပ်ကိုင်နေစဉ် ကာလအတွင်း ဇနီးဖြစ်သူ ကလေးတဦး မွေးဖွား ခဲ့ပါသည်။ 

နှစ်အတန် ကြာပြီးနောက် ထိုပုဂ္ဂိုလ်သည် မိသားစုထံ ခေါက်ပြန်လာခဲ့ပါသည်။
လအနည်းငယ်ခန့် ဇနီးသည်နှင့် နေထိုင်ပြီးနောက် ကိုယ်ဝန်နှင့် ကျန်ရစ်ခဲ့သော ဇနီးဖြစ်သူမှာ မကြာမိ ကလေးနောက်တဦး ထပ်မံ မွေးဖွား ပြန်သည်။ 
အဆိုပါပုဂ္ဂိုလ် အိမ်မှ ပထမဆုံး စတင် ထွက်ခွာခဲ့သည့် အချိန်မှစ၍ ယနေ့ အချိန်ထိ နှစ်ပေါင်း (၁၅) နှစ်ကျော် (၁၆) နှစ်နီးပါး ကာလအတွင်း ဇနီးဖြစ်သူနှင့် နေထိုင် ပေါင်းသင်းခဲ့သည် အချိန်မှာ တနှစ်ပင် ပြည့်မည် မထင်ပါ။ 

ဤအဖြစ် အပျက်မျိုးသည် ယနေ့ ခေတ် ရခိုင်ဒေသတွင် ကာလအတွင်း အိမ်ထောင်ရေး ဖောက်ပြန်မှု များစွာ ရှိခဲ့သည်။
ထိုသူ၏ စီးပွားရှာစဉ် ကာလအတွင်း ဇနီးဖြစ်သူကို ပေးကမ်း ထောက်ပံ့မှုသည် လူမြင် ကောင်းရုံသာ ရှိခဲ့ပါသည်။ နှစ်ပေါင်း (၁၆) နှစ်နီးပါး ကာလအတွင်း  လင်ယောင်္ကျား၏ သစ္စာမဲ့မှုနှင့် ပျက်ကွက်မှုများကို သည်းခံ ခွင့်လွှတ် ပေါင်းသင်းခဲ့သော အဆိုပါ ပုဂ္ဂိုလ်၏ ပွဲတက် မယားသည် ထိုသူ့ အတွက် မျိုးဆက် မွေးဖွား ပေးရုံထက် ပိုသော တန်ဖိုးထားမှု၊ ချစ်ခြင်ကြင်နာမှုတို့ ကိုပိုင်ဆိုင်ခွင့်မရ ခဲ့ရှာပေ။

အထက်ပါ ပုဂ္ဂိုလ်၏ သာဓကသည် ရခိုင် အမျိုးသားတိုင်း လိုက်နာကျင့်သုံးအပ်သည့် စစ်မှန်သော မျိုးစောင့်တရား ဖြစ်ပါ၏လော။
ယနေ့ခေတ် အချိန်ခါတွင် နိုင်ငံရပ်ခြား၌ မိဘ ညီအစ်ကို မောင်နှမ များ၏ စာဝတ် နေရေအတွက် စွန့်စားအလုပ်လုပ်ကိုင် နေကြရသည့် ရခိုင် လူငယ် လူရွယ် များစွာ ရှိကြပါသည်။

ထို့အတူ မိမိလူမျိုး လွတ်မြောက်ရေး အတွက် နိုင်ငံရေး အခန်ကဏ္ဍတွင် ကျရာနေရာက ဝင်ပါရင်း အိမ်ပြန်ခွင့် ဆုံးရှံးခဲ့ကြရသည့် အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့ လည်း ရှိကြပါသည်။ မြောက်မြားစွာသော လူမျိုးခြားများ၏ အလယ်တွင် ဘဝ လိုအပ်ချက်များကို ဖြည့်စွက်ရန် ကြိုးစားရင်း နဖူးစာ ရွက်လည်၍ နီးစပ်ရာ လူမျိုးများနှင့် အိမ်ထောင် ပြုသွား ကြသူများလည်း ရှိပါသည်။ 

ထိုသူများထဲတွင် ထူးချွန်သောသူ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ အချို့ပင် ပါဝင်လေရာ အနာဂတ် ရခိုင်ပြည် အတွက် ကြီးစွာသော ဆုံးရှုံးမှုတခု ဖြစ်ပါသည်။ 
သို့သော် ထိုသူတို့သည် ကျွန်ုပ်တို့ လူမျိုးများ ဖြစ်သည်။
ကျွန်ုပ်တို့၏ အိမ်သားများ ဖြစ်သည်၊ ကျွန်ုပ်တို့၏ သွေးများပင်ဖြစ်ပါသည်။ လက်မခံချင်သော်လည်း လက်ခံရမည်သာ ဖြစ်သည်။ 

ယနေ့ ခေတ် ရခိုင်ပြည်၏ ရပ်တည်မှု အနေအထား အရလည်း ထိုသူတို့ကို အပြစ်တင်ရန် ခဲယဉ်း လှပေသည်။ 
ထိုသူများ အနေခြင့်လည်း မျိုးရိုးကို စောင့်ထိန်းရမည့် အမျိုးသားတာဝန်ကို အကြောင်းမလှ၍ မကျေပွန်နိုင်ခဲ့သော်လည်း မိမိ၏ အမျိုးကို တတ်စွမ်းခြင်းဖြင့် မိမိ၏ လူမျိုးတာဝန်ကို ကျေပွန်စါာ ထမ်းရွက်ခွင့်ရှိပါသေးသည်။

လူမျိုးတစ်မျိုး၏ သမိုင်းကြောင်း၊ ဘာသာ စကားနှင့် ယဉ်ကျေးမှုတို့ သည် မည်မျှပင် ကြီးကျယ်ခန့်ခြားခဲ့သည် ဆိုစေကာမှု လူမျိုးခြားများနှင့် ဆက်ဆံသည့် နေရာတွင် မိမိ၏ ကိုယ် အမှုအရာ၊ နှုတ် အမှုအရာသည် မိမိအား မွေးဖွားပေးခဲ့သည့် ကျေးဇူးရှင် မိဘ နှစ်ပါး၏ ဂုဏ်သိက္ခာကို သာမက မိမိ လူမျိုး တမျိုးလုံး၏ ဂုဏ်သိက္ခာကိုပါ ကိုယ်စား ပြုနေသည်ကို ရခိုင်လူမျိုးတိုင်း သတိပြုစေချင်ပါသည်။

မိမိ၏ လူမျိုးကို အဆင့်အတန်းရှိသည်ဟု ခံယူထားသော သူတိုင်းသည် မိမိ ကိုယ်တိုင်ကိုလည်း အဆင့်အတန်း ရှိသည်ဟု ယုံကြည်ထားသင့်ပေသည်။ 
နှစ်ပေါင်းထောင်ချီ ကြာမြင့် ခဲ့ပြီးဖြစ်သော ရခိုင် လူမျိုး၏ ယဉ်ကျေးမှု အစဉ်အလာသည် သင့်အတွက် လူမျိုးခြားများ အလယ်တွင် ဘဝမြင့်ခြင်း၊ မောက်မာခြင်း ပြုလုပ်ရန် မဟုတ်သည်ကို သတိထား စေချင်ပါသည်။

တခါတရံ၌ တချို့သော ရခိုင် အမျိုးသားများသည် တခြားလူများနှင့် ဆက်ဆံရာတွင် လိုအပ်သည်ထက် မောက်မာသည်ကို စိတ် မကောင်းစွာ တွေ့မြင် နေရသည်။
မြန်မာ တနိုင်ငံလုံး အခွင့်ထူးခံ လူတစ်စုမှလွဲ၍ ဆင်းရဲ ဒုက္ခ ရောက်နေကြရသည့် အချိန်တွင် လူ အချင်းချင်း ငြိမ်းချမ်းစွာ ပေါင်းသင်း ဆက်ဆံ နိုင်ခြင်းသည် ရှေး ယခင် ဘုရင်များ လက်ထက်က ရန်ငြိုးများထက် ပိုမို အရေးကြီးပါသည်။

သင်၏ လူမျိုးရေး မုန်းတီးမှုသည် တဖက်လူက သင့်လူမျိုးအပေါ် အထင်ကြီးလေးစားမှုကို ရယူနိုင်ခြင်းထက် ပိုမို အရေးကြီးပါသလား။
တဖက် လူမျိုးအပေါ် သြဇာလွှမ်းမိုး နိုင်ခြင်းထက် အရေးပါ အရာ ရောက်ပါ၏လော။
တချိန်က ရန်ကုန်မြို့တွင် နေထိုင်စဉ် ကာလ အတွင်း လူမျိုးခြားများနှင့် စီးပွား စပ်တူလုပ်ရင်း အငြင်းပွားကာ တရားစွဲရန် ကြိုးစားနေသည့် မိမိ၏ မိတ်ဆွေ ရခိုင် လူမျိုးတဦးကို တွေ့ခဲ့ဖူးပါသည်။ 

ပြဿနာ၏ အရင်းအမြစ်ကို စုံစမ်း မေးမြန်းကြည့်သည့်အခါ တဖက် လူများက မလွန်ကြောင်း သွားတွေ့ ရပါသည်။
သို့သော်  မိမိ မိတ်ဆွေ ကြီး ၏  စိတ်ထဲတွင် မိမိတို့ လူမျိုးအပေါ် အုပ်ချုပ် စိုးမိုးနေသည့် အဆိုပါ လူမျိုးစုအပေါ် လက် တုန့် ပြန်ချင်စိတ် အလွန်တရာ ထက်သန်နေ၍ စာရေးသူ တားဆီး မရခဲ့ပါ။ 

နှစ်ပေါင်း နှစ်ရာကျော် ဆုံးရုံးခဲ့သည့် ရခိုင်တို့၏ လွတ်လပ်ရေးအတွက်အဆိုပါပုဂ္ဂိုလ်၏ ဂလဲ့စား ပြန်ချေသည့် ခပ်ကြောင်ကြောင် လုပ်ရပ်ကြောင့် စာရေးသူ၏ စိတ်ထဲတွင် ရယ်မရလို ငိုမရလိုနှင့် အတော်မအီမလည် ခံစား ခဲ့ရဖူးပါသည်။

အမျိုးကို ချစ်သည် မှန်သော်လည်း မျက်စီ ဖွင့်ကြည့်၍ ချစ်စေ ချင်ပါသည်။ တခါတရံ၌ ရန်ကုန်မြို့ထဲတွင် မူးရူး သောက်စား၍ လမ်းပေါ်တွင် မိမိတို့ အလွန် တန်ဖိုးထား မြတ်နိုးရသည့် ရခိုင် အမျိုးသား သီချင်းတို့ကို ညကြီးအချိန်မတော် ဂုဏ်ယူစွာ ဟစ်ကြွေး သီဆို တတ်သည့်  မျိုးချစ်ရခိုင် အမျိုးကောင်းသားတို့ ကိုလည်း စိတ်ပျက်စွာ တွေ့မြင် ခဲ့ဖူးပါသည်။ 

သူများဆန်စက် မည်သို့ပင် အကောင်းအဆိုး ထွက်ထွက်၊ ကိုယ့်မောင်းဆုံးထဲက ဆန်တခွင်ကို ဖြူစေချင်လှပါသည်။
ဆယ်ပါးသီလ ခံယူသော်လည်း တပါး မြဲရန် ခက်ခဲသကဲ့သို့ ဆန္ဒနှင့်ဘဝ တစ်ထပ်တည်း မကျနိုင်ကြသော ဤကာလတွင် မျိုးစောင့် တရားကို မစောင့်ထိန်းနိုင်လျှင်တောင် ကိုယ် ကြွလိုက်သည့် ခြေတစ်လှမ်း မြေမကျခင် ကိုယ်သည် မည်သည့် လူမျိုးဖြစ်သည့် အကြောင်း တစက္ကန့်မျှဖြစ်စေ သတိရစေချင်ပါသည်။

 ငချွန်းယေ………..

2 comments:

  1. ဆောင်းပါးအား ထပ်ဆင့်မျှဝေပေးသည့်အတွက် ကျေးဇူးအထူးတင်ပါသည်

    ReplyDelete
  2. ရေးသားထားရေအတွက်ကောင်းကောင်းကျေးဇူးတင်ပါရယ်

    ReplyDelete