Sunday 16 October 2011

ယုံကြည်ချက်အတွက်ဘဝကိုမြှုပ်နှံထားသူ (သို့) ရခိုင်ပြည်လွတ်မြောက်ရေးပါတီဥက္ကဌ ခိုင်ရဲခိုင်



ဘစောတင်

ကျနော်တို့ ရခိုင်လူငယ်တွေအကြားမှာ “တော်လှန်ရေး “ “နိုင်ငံရေး“ “ အမျိုးသားရေး “ “လွတ်လပ်ရေး“ ဆိုတဲ့ စကားလုံးတွေကို မကြာခဏကြားနေရတယ်။ 
ဒါပေမဲ့ ရခိုင်ပြည် တော်လှန်ရေး သမိုင်းရဲ့ အတိတ်နဲ့ ပစ္စုပ္ပန်မှာ လှုပ်ရှားနေတဲ့ ရခိုင်အမျိုးသား တော်လှန်ရေး ၊နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အကြောင်းကို ဂဃနဏသိသူ သိပ်ရှားပါတယ်။ သိနိုင်တဲ့ အခွင့်အရေးနည်းလို့၊ စံနစ်တကျ ရေးသားပြုစုထားတဲ့ မှတ်တမ်း၊ ဘဝ အတ္ထုပ္ပတ္တိ တွေ မရှိလို့ ဖြစ်ရတယ်ထင်ပါတယ် ။ ကုန်ကုန်ပြောရရင် ဒီနေ့မျက်မှောက် မြန်မာ့နိုင်ငံရေးမှာ ထိပ်တန်းက ပါဝင်လှုပ်ရှားနေတဲ့ ဦးအေးသာအောင် အကြောင်းကိုတောင် ကျနော်အနေနဲ့ ကျကျနန မှတ်တမ်းမတွေ့ဖူး သေးပါဘူး ။ ရေးချင်စိတ်ကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားပေမဲ့ အချက်အလက် ပြည့်ပြည်စုံစုံ မရနိုင်လေတော့ အခက်အခဲ ကြုံပြန်ပါတယ်။


ဒီလိုအချိန်မျိုးမှာ အိန္ဒိယနိုင်ငံ အခြေစိုက် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ဥက္ကဌဖြစ်တဲ့ ဦးခိုင် ရဲခိုင်ဟာ ရခိုင်အမျိုးသားသတင်းစာရုံးခန်းကို မထင်မှတ်ပဲ အလည်ရောက် လာခဲ့ ပါတယ်။ ဒီမှာတင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီနဲ့ သူပါဝင်ခဲ့တဲ့ အခန်း ကဏ္ဍတွေကို သိခွင့်ရခဲ့ ပါတယ်။

ဦးခိုင်ရဲခိုင်ဟာ ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် ဇာတိပါ။ ၁၉၆၇ခုနှစ် ကနေ ဒီနေ့အထိ နှစ်ပေါင်းလေးဆယ်ကျော် ကြာခဲ့ပြီဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီစတင်တည်ထောင် ကတည်းက ပါဝင်လာခဲ့သူဖြစ်ပါတယ်။
ပါတီရဲ့ ကံကြမ္မာမည်သို့ပင် ဆိုးဆိုးရွားရွား ညှိုးနွမ်းခဲ့သည်ဖြစ်စေ ပါတီနှင့်ပါတီ၏ လမ်းစဉ်တွေကို ယုံယုံကြည်ကြည် ဦးထိပ်ပန်ဆင်ခဲ့သူပါ။
နုပျိုသော လူငယ်ဘဝကနေ အခုအခါ ဇရာအရွယ်ကို ရောက်နေပြီဖြစ်ပေမဲ့ တော်လှန်ရေး အတွက် သူပုန်စခန်း တော်လှန်ရေးရပ်ဝန်းမှာ ကျန်း မာသန်စွမ်းစွာ လှုပ်ရှားနေဆဲပါ။
ထင်ပေါ်ကျော်ကြားမှုကို အလျဉ်းဂရုမပြုဘဲ သာမန်ပြည်သူတဦး လို ရိုးရိုးကုပ်ကုပ် နေထိုင် တတ်သူဖြစ်ပါတယ်။ တွေ့ဆုံသူအားလုံးကို တလေးတစားဆက်ဆံတတ်တဲ့ အလေ့ ရှိလို့ လေးစားချစ်ခင်ဖွယ် အမူအရာသူ့မှာ အပြည့်ရှိ နေပါတယ်။ 
သူရဲ့ထူးခြားချက်ကတော့ သူယုံကြည်ရာကို အသက်ထက်ဆုံး ဆုပ်ကိုင်ပြီး ဘဝကိုပုံအပ်၍ တော်လှန်ရေးလုပ်သူဆိုတဲ့ အချက်ပါပဲ။ 
ဘယ်လို အခက်အခဲကမှ သူ့ယုံကြည်ချက် သူ့ရည်တည်ချက်ကို ဖြိုဖျက်နိုင်စွမ်း မရှိခဲ့ပါဘူး။
……………………………

အောက်ပါဖော်ပြထားတဲ့ ဦးခိုင်ရဲခိုင်ရဲ့ ပြောပြချက်တွေ၊ ကျနော်နဲ့ အပြန်အလှန် အမေးအဖြေတွေဟာ ကျနော်တို့ ရခိုင် တော်လှန်ရေး သမိုင်းနဲ့ မြန်မာ့နိုင်ငံရေး အတွက် အဖိုးတန်မှတ်တမ်းတွေ ဖြစ်နေတာ ကြောင့် ဒီနေ့ခေတ် ရခိုင်လူငယ် တွေ သိရှိနိုင်ဘို့ လက်ဆင့်ကမ်း မျှဝေလိုက်ရပါတယ်။

(က)

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် အုတ်ကျင်း ၊အမှတ်(၁၅)ရပ်ကွက် သိပ္ပမဉ္ဇူအမည်ရှိတဲ့ ရခိုင်ဘုန်းတော်ကြီး ကျောင်းတကျောင်းမှာ အသက်(၂ဝ)ကျော် ဝန်းကျင်လောက်သာရှိမဲ့ ရခိုင်လူငယ်တချို့နဲ့ အသက်သုံးဆယ်ကျော် ဝန်းကျင်၊ ရခိုင်သောတုဇန စာသင်သား ရဟန်းငယ်တချို့ဟာ တိတ်တဆိတ် အစည်းအဝေးပြုလုပ်ပြီး၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီကို ထူထောင်ခဲ့ကြတယ်။

အချိန်ကာလကတော့ ၁၉၆၇ခုနှစ် ပူပြင်းလှတဲ့ ဧပြီလထဲမှာပေါ့။ ၁၉၆၂ခုနှစ် အာဏာရှင် ဦးနေဝင်း မြန်မာပြည်ကို စစ်ဖိနပ်အောက်သို့ သွတ်သွင်းပြီး ၊များမကြာမီ မှာ အန္တရယ်ထူပြော လှတဲ့ တော်လှန်ရေးခရီးကြမ်းကို ချီတက်ဖို့ တူညီတဲ့စိတ်ထားတွေနဲ့ စတင်ခဲ့ကြတယ်။
“မြန်မာပြည်မှာ နေဝင်း အာဏာသိမ်းလိုက်တဲ့ နောက်ပိုင်းမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဟာ လုံးဝဆိတ်သုဉ်းသွားခဲ့တာကြောင့် ရခိုင်ပြည် ၊ ရခိုင်အမျိုးသားများ လွတ်မြောက်ရေးအတွက် လက်နက်ကိုင် တော်လှန်ရေးမှအပ အခြားနည်းမရှိ”ဟု ပါဝင်သူအားလုံး စိတ်တူ ကိုယ် တူ ဆုံးဖြတ်ခဲ့ကြတယ်။

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (Arakan Libration Party) A.L.P ပထမဆုံး ဥက္ကဌဟာ ခိုင်ပြည်သိမ်း ဖြစ်တယ်။
အတွင်းရေးမှူးက ခိုင်စိုးနိုင်၊ တွဲဘက်အတွင်းရေးမှူး ကတော့ ရခိုင်တော်လှန်ရေးရဲ့ ကြယ်တပွင့်ဖြစ် တဲ့ ခိုင်မိုးလင်းပါဘဲ။ 
စုစုပေါင်းလူငယ် (၁၅)ယောက် ပါဝင်တယ်။ အဲဒီလူငယ်တစုဟာ မျိုးချစ်စိတ်ဓါတ်ကို အခြေခံပြီး စစ်ဖိနပ်အောက်က မိမိတို့အမျိုးသားတွေကို ကယ်တင်လိုစိတ်နဲ့ လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို ရွေးခဲ့ပေမဲ့ သူတို့မှာ လက်နက်ဆိုလို့ အပ်တိုတောင် မရှိခဲ့ဘူး။
ယုံကြည်ချက် လက်နက်တွေကိုသာ ခိုင်မာသော စိတ်ဓါတ်ရဲ့ အတွင်းပိုင်းမှာ တပ်ဆင်ထားခဲ့ကြတယ်။
ဒါကြောင့် လက်နက် ရရှိရေးအတွက် နည်းလမ်းကို ကြံစည်ကြတယ်။ အဲဒီတုန်းက အကူအညီပေးနိုင်မယ်လို့ မျှော်လင့်ရတဲ့ ထားဝယ်အမတ် ဦးကံညွန့် ကို ရှာဖွေဆက်သွယ်ဘို့ ဥက္ကဌ ခိုင်ပြည်သိမ်းကို တာဝန်ပေးခဲ့ကြတယ်။
ဒါပေမဲ့ တော်လှန်ရေးပါတီတရပ်ကို ခံယူချက် တခုတည်းနဲ့ တည်ထောင်သူ အားလုံး ဟာ အဲဒီအချိန်က စာသင်သားတွေ အလုပ်သမားတွေ သာဖြစ်နေလို့ ရန်ပုံငွေရယ်လို့လည်းမရှိ။ ငွေပိုငွေလျှံလည်းမရှိတာကြောင့် ခိုင် ပြည်သိမ်း ခရီးထွက်ဘို့ တောင်စရိတ် လုံလုံလောက်လောက် မရှိခဲ့ပါဘူး။
………………………

ဒါကြောင့် ဗဟိုကော်မတီအဖွဲ့ဝင် ခိုင်ရဲခိုင်၏ အိမ်ကိုပေါင်နှံပြီး ခရီးစရိတ်လုပ်ခဲ့ရတယ်။ ဒါပေမဲ့ ခိုင်ပြည်သိမ်းရဲ့ရည်မှန်းချက် မအောင်မြင်ခဲ့ပါဘူး။ ဦးကံညွန့်ကိုရှာမတွေ့ပဲဝါတွင်းကာလမှာ ရန်ကုန်မြို့ကို ပြန်ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ တွဲဘက်အတွင်းရေးမှူးဖြစ်သူ ခိုင်မိုးလင်းဟာ ရန်ကုန် သန်လျှက်စွန်းမှာရှိတဲ့ ရေတပ်စခန်းမှာ စစ်သင်တန်း တက်နေတဲ့ ရေတပ်က အမှုထမ်း စစ်သည်တဦး ဖြစ်ပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ ရည်မှန်းချက် ထဲမှာ မြန်မာ့တပ်မတော် ကြည်း ရေ လေ အတွင်းမှာရှိကြတဲ့ မျိုးချစ်စိတ်ဓါတ်ရှိတဲ့ ရခိုင်လူငယ် တပ်မတော်သားများကို စည်းရုံးပြီး“ ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော်ကို တည်ထောင် ရမယ်။ စစ်ရေးကျွမ်းကျင်သူများကို ပါဝင်လာအောင် စည်းရုံးနိုင်ရမယ်“ဆိုတဲ့ ရည် မှန်းချက် လည်းရှိခဲ့ပါတယ်။
ဒါကြောင့် ရေတပ်က ခိုင်မိုးလင်းအပါအဝင် လေတပ်ကြည်းတပ်က စစ်သားတွေကိုပါ လျှို့ဝှက် စည်းရုံးပြီးအဖွဲ့ဝင်ဖြစ်အောင်လုပ်ဆောင်နိုင်ခဲ့တယ်။ 
တချိန်တည်းမှာပဲ ဥက္ကဌဖြစ်သူ ခိုင်ပြည်သိမ်းဟာ လက်နက်ရရှိရေးအတွက် ကေအဲန်ယူနယ်မြေကို သွားရောက်ခဲ့ပါတယ်။ 
ကေအဲန်ယူ ဥက္ကဌ မန်းဘစံနဲ့တွေ့ဆုံပြီး ကရင်အမျိုးသား အစည်းအရုံးနှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီတို့ အကြား နှစ်ဖက် သဘောတူစာချုပ်တခု အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ တယ်။
စာချုပ်ပါ အရေးကြီးတဲ့အချက် တွေကတော့ “အေအဲလ်ပီအနေနဲ့ ရခိုင်ပြည်မှာ ကိုယ်ပိုင် လှုပ်ရှားတဲ့နေရာကို ဖော်ထုတ်ရမယ်၊ အဲဒီ နေရာမှာ အခြေခံပြီး လှုပ်ရှားနိုင်အောင် ကေအဲန်ယူအနေဖြင့် လက်နက်အင်အား လူအင်အား များဖြင့် အတတ်နိုင်ဆုံး ရခိုင်ပြည်လွတ် မြောက်ရေးပါတီ အကောင်အထည် ပေါ်ပေါက်လာရန် ကူညီမယ်လို့ပါရှိပါတယ်။
ဒါကြောင့် ဘယ်ဒေသကို အခြေခံမလဲလို့ ရွေးချယ်ကြတဲ့အခါမှာ ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော်ကို ပေါ်ထွက်လာမဲ့ အချိန်ကျရင် ဦးစီးချုပ်ဖြစ်လာမဲ့ ခိုင်မိုးလင်းက သူ့ဇာတိမြေ ရသေ့ တောင်နယ်ကို ရွေးချယ်ခဲ့တယ်။ ရှေ့ပြေးအနေနဲ့ ခိုင်ရဲခိုင် နဲ့ခိုင်စိုးနိုင်တို့ကို စစ်တွေနဲ့ ရသေ့တောင်နယ်မှာ တိတ်တဆိတ် လှုပ်ရှား ဘို့ တာဝန်ပေး ခြင်းခံရတယ်။
ခိုင်ရဲခိုင်နှင့် ခိုင်စိုးနိုင်တို့ဟာ စစ်တွေနဲ့ရသေ့တောင် နယ်တဝိုက်မှာ လူငယ်တချို့ကိုစည်းရုံး သိမ်းသွင်းနိုင်ခဲ့သလို စစ်တပ်ထဲက ရခိုင်လူငယ်အချို့နဲ့လည်း ချိတ်ဆက်နိုင်ခဲ့တယ်။ ဒါပေမဲ့ သူတို့ကံမကောင်းခဲ့ပါဘူး။ 
လောင်းချောင်းဆိုတဲ့အရပ်က စစ် သားတချို့နဲ့ ချိတ်ဆက်မိရာက သူတို့ရဲ့အစီအစဉ်အားလုံးကို ပျက်စီးစေခဲ့ပါတယ်။
…………………

အကြောင်းကတော့ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ပါမယ်ဆိုတဲ့ စစ်သားတွေဟာ ထောက်လှမ်းရေး တွေဖြစ်နေလို့ ခိုင်ရဲခိုင်အပါအဝင် ခိုင်စိုးနိုင်၊ မောင်ဖြူ ၊သာထွန်း ၊သန်းကျော်၊ တိမ်ပျံ စတဲ့ အမာခံစည်းရုံး လှုပ်ရှားနေသူအားလုံး စစ်တွေထောင်ထဲကို ရောက်သွားခဲ့ရတယ်။ 
နောက်မှ သိရတာကတော့ “ကေအဲန်ယူ ဥက္ကဌ မန်းဘစံနှင့် အေအဲလ်ပီ ဥက္ကဌ ခိုင်ပြည်သိမ်းတို့ရဲ့ သဘောတူညီချက်” စာချုပ် ပေါက်ကြားသွားလို့ “ရခိုင်ပြည်လွတ်မြောက်ရေးပါတီဝင် အားလုံးနီး ပါးကို ဖမ်းဆီးမိလိုက်ကြောင်း“ ကြေးမုံသတင်းစာမှာ အကျယ်တဝင့်ရေးသား ထားတယ်ဆိုတာကိုပါဘဲ။
သတင်းအရ မီးခိုးကြွက်လျှောက် လိုက်တော့ ပါတီဖွဲ့စည်းပုံကအစ မှတ်တမ်းတွေပါမိသွားလို့ ရေတပ်က ခိုင်မိုးလင်း ခိုင်ဘကျော် အောင်သာကျော်တို့ကို ဖမ်းဆီးခံရသလို လေတပ်က ကျော်ထွန်း သာထွန်း တို့လည်းအဖမ်းခံရတယ်။ 
ဒါ့ပြင် ကြည်းတပ်က ကျော်ခိုင်တို့လည်း ထောင်ထဲကို ရောက်ကုန်တာဘဲ။
စစ်တွေကို အခြခံတဲ့အုပ်စုက စစ်တွေမှာ ထောင်နန်းစံရသလို ရန်ကုန်ကိုအခြေခံ လှုပ်ရှားတဲ့သူတွေကတော့ အင်းစိန်မှာ ချုပ်နှောင်ထား ခြင်းကို ခံခဲ့ရတယ်။ အဖမ်းမခံရသူတွေထဲမှာတော့ ဥက္ကဌ ခိုင်ပြည်သိမ်းနဲ့ လက်ရှိဒုဥက္ကဌ တာဝန်ယူနေသူ ခိုင်စိုးနိုင်အောင်တို့ပါ ဘဲ။
အဲဒီတုန်းက ခိုင်ပြည်သိမ်းက ကေအဲန်ယူ နယ်မြေမှာရှိနေသလို ခိုင်စိုးနိုင်အောင်က ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့ တယ်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ ပထမအကြိမ် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ် အစီအစဉ်ဟာ ဘာမှအကောင်အထည် မ ဖော်ရခင်မှာ ပါတီဝင်အားလုံး သိမ်းကျုံးဖမ်းဆီးခံလိုက်ရလို့ တစခန်းရပ်လိုက်ရတယ်လို့ ပြောလို့ရတယ်။
(ခ)
၁၉၆၈ကနေ ၁၉၇၄ခုနှစ်အထိ ခိုင်ရဲခိုင်တို့ အုပ်စုဟာ စစ်တွေထောင်ထဲမှာ အကျဉ်းချခံခဲ့ရသလို ခိုင်မိုးလင်းတို့ အုပ်စုကတော့ ၁၉၇၃ခုနှစ်အထိ အင်းစိန်အကျဉ်းထောင်မှာ နေခဲ့ကြရတယ်။
ခိုင်မိုးလင်းတို့ လွတ်သွားပြီးတဲ့နောက်ပိုင်းမှာ ခိုင်ရဲခိုင်တို့ရှိရာ စစ်တွေ ထောင်အတွင်းကို အဆက်အသွယ်တွေကတဆင့် စာတိုကလေးတရွက် ရောက်လာတယ်။ အဲဒီစာပါအကြောင်းအရာကတော့ “အပြင်ကိုရောက်နေပြီဖြစ်တဲ့ ခိုင်မိုးလင်းတို့ အုပ် စုဟာ မပြီးသေးတဲ့တော်လှန်ကို ဆက်လက်လုပ်ဆောင်နေကြောင်း၊ အပြင်ကိုရောက်တာနဲ့ အမြန်ဆုံးဆက်သွယ်ကြဖို့“ အကြောင်းကြားလာခဲ့ ခြင်းဖြစ်တယ်။
စစ်တွေထောင်က သူတို့ကို လွှတ်ပေးတဲ့အချိန်မှာ မဆလ အာဏာပိုင်များက “အခုအချိန်ခါ တိုင်းပြည်တိုး တက်အောင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ဦးဆောင်ပြီး ခေတ်သစ်စနစ်သစ်ကို ထူထောင်နေပြီဖြစ်လို့ နိုင်ငံရေးလုပ်လိုက သူတို့ နှင့်လက်တွဲ ကာ ပူးပေါင်းဖို့ဖိတ်ခေါ်ကြောင်း” စည်းရုံးပြောဆိုခဲ့ပေမဲ့် ရခိုင် တော်လှန်ရေးသမားတွေကတော့ မဆလရဲ့ အနှစ်မပါသော စကားလုံးများကို နားမယောင်ခဲ့ပါဘူး။ 
ထောင်ကလွတ်လာပြီးနောက် ခိုင်မိုးလင်းတို့ရှိရာ ကေအဲန်ယူနယ်မြေကို မရောက်ရောက်အောင် လိုက်သွားခဲ့ ကြပါတယ်။
………………….

ကေအဲန်ယူနယ်မြေကို ခိုင်ရဲခိုင်တို့ရောက်သွားတော့ ခိုင်မိုးလင်း ခိုင်စိုးနိုင်အောင်နဲ့ လုပ်ဖော်ကိုင်ဖက်တွေ အသစ်ပါဝင်လာတဲ့ ရဲဘော်တွေကိုတွေ့ရတယ်။
အားလုံးဟာ ခါးသီးကြမ်းတမ်းတဲ့ မဆလ စစ်အကျဉ်းစခန်းတွေကိုဖြတ်သန်းခဲ့ဖူးကြသူတွေဖြစ်လို့ တော်လှန် ရေးကို ပိုမိုစိတ်အားထက်သန်နေကြတယ်။
အင်အား(၇ဝ)လောက်ကို စုစည်းထားပြီးဖြစ်တယ်။
၁၉၇၄ခုနှစ်အထိ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီနဲ့ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် ကို ပြန်လည်မဖွဲ့စည်းရသေးပါဘူး။ ပထမဆုံးဖွဲ့စည်းစဉ်က ဥက္ကဌတာဝန်ကိုယူခဲ့သူ ခိုင်ပြည်သိမ်း မှာလည်း အသက်အရွယ်ကြီးရင့်တာကတကြောင်း သူရောက်ရှိနေသော မြန်မာပြည်မြောက် ဖျား ကချင်ပြည်တော်လှန်ရေးနယ်မြေမှာ ရှိနေတာက တကြောင်းကြောင့် အသစ်ပြန်လည် ဖွဲ့စည်းမဲ့ “ရခိုင်ပြည်လွတ်မြောက်ရေးပါတီနှင့် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်” မှာ မပါဝင်နိုင်တော့ပါဘူး။
ဒုတိယအကြိမ်မြောက်ဖွဲ့စည်းသော ပါတီနဲ့ တပ်မတော်ရဲ့ ဥက္ကဌနဲ့ စစ်ဦးစီးချုပ်ဟာ ခိုင်မိုးလင်းဖြစ်လာခဲ့ပြီး အောင်သာကျော်က အတွင်းရေးမှူးဖြစ်လာခဲ့တယ်။ အောင်သာကျော်မှာ ခိုင်မိုးလင်းနှင့်အတူ မြန်မာ့တပ်မတော်ရေတပ်မှာ အတူတူ တာဝန်ထမ်း ဆောင်ခဲ့ဖူးတယ်။
ခိုင်ဘကျော်က တွဲဘက်အတွင်းရေးမှူးတာဝန်ယူခဲ့တယ်။ ခိုင်ရဲခိုင်ကတော့ အဖွဲ့ဝင်ကိုးယောက်ပါဝင်တဲ့ ဗဟိုကော်မတီမှာ စတုတ္ထမြောက်နေရာက ပါဝင်ခဲ့တယ်။
………………….

ကေအဲန်ယူနယ်မြေကို ခိုင်မိုးလင်းခြေချလာတဲ့အချိန် အစောပိုင်းကာလမှာ ကြိုတင် ထင်ထားသလို ချောချောမွေ့မွေ့ အဆင်ပြေခဲ့တာ မဟုတ်ပါဘူး။ ကေအဲန်ယူတွေကအစပိုင်းမှာ လိုလိုလားလားသိပ်ရှိတဲ့ လက္ခဏာမပြခဲ့ဘူး။ 
ဒါကြောင့် ခိုင်မိုးလင်းက “ခင်ဗျားတို့ အကူ အညီမပေးရင်လဲ ကျနော်တို့လမ်းစဉ်နဲ့ ကျနော်တို့တော်လှန်ရေးကို ဆက်လက်ဆောင်ရွက် သွားမယ်။ 
တကယ်လို့ ခင်ဗျားတို့ဆီက အကူ အညီမရရင် မွန်ပြည်သစ်ပါတီနဲ့ ပူးပေါင်း ဆောင်ရွက်မယ်လို့” ပြတ်ပြတ်သားသားပြောမှသာ ကေအဲန်ယူက အေအဲလ်ပီကို အကူအညီ ပေးမယ့်သဘောတူစာချုပ်တွေကို လက်မှတ်ထိုးခဲ့တယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီက စစ်သည်(၃ဝဝ)လောကို စစ်သင်တန်း ပေးတာ လက်နက် တပ်ဆင်တာတွေကို လုပ်ပေးနိုင်ခဲ့ တယ်။ 
နောက်ပိုင်းမှာ ဗိုလ်ချုပ်မြကိုယ်တိုင် ယုံကြည်မှုများစွာရှိလာခဲ့ ပြီး ကေအဲန်ယူနှင့် အေအဲလ်ပီရဲဘော်တွေကို ပူးတွဲစစ်ဆင်ရေးတွေ လုပ်စေခဲ့တယ်။ 
ရဲဝံ့ပြောင်မြောက်သော တိုက်ရဲခိုက်ရဲသော ရခိုင် ကွန်မန်ဒိုများရဲ့ ရဲစွမ်းသတ္တိ အကြောင်းကို သက်ရှိထင်ရှား ရှိနေတဲ့ ကရင်အဖိုးအဖွါးတွေ ယနေ့တိုင် အိပ်ရာဝင်ပုံပြင်ပမာ ပြောဆိုနေကြဆဲ ပါဘဲ။ 
ရှေ့တန်းထွက်ရင်း ရောက်ရာအရပ်မှာရှိတဲ့ ကရင်ရွာတွေအတွက် မခိုမကပ် မငြီးမငြူ ကူညီဆောင်ရွက်ပေးတတ်တဲ့ ရခိုင်စစ်သည် တွေကိုလည်း ကရင်အဖိုးအဖွါးတွေ ကနေ့ထက်တိုင် သတိရနေကြဆဲပါ။
သိပ္ပမဉ္ဇူ ရခိုင်ဘုန်းတော်ကြီးကျောင်းမှာ သန္ဓေတည်ခဲ့တဲ့ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီနဲ့ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်” ဟာ ၁၉၇၄ခုနှစ် ဇွန်လမှာ လက်နက်တပ် ဆင်ထားတဲ့ ပြည်သူအတွက် အလုပ်အကျွေးပြုမဲ့ ပါတီနဲ့တပ်မတော်အဖြစ် အသက်ဝင်လာခဲ့ တယ်။ 
အင်အား၂ဝဝကျော်ခန့်ရှိတဲ့ ရခိုင် တော်လှန်ရေးသမားတွေဟာ တနှစ်လောက် အကြာမှာ ရခိုင်ပြည်မှာ ပြန်အခြေချဘို့ ဆုံးဖြတ်ခဲ့ကြတယ်။ 
ကေအဲန်ယူကိုတင်ပြတော့ သူတို့က “ခင်ဗျားတို့တွေဟာ အင်မတန် နုနယ်သေးတယ်။ အတွေ့အကြုံတွေ အများကြီး လိုသေးတယ်၊ အခုနေခါမှာ မသွားသင့်သေးဘူး” လို့ ဟန့်တားပါသေးတယ်။ 
သို့သော် ငယ်ရွယ်သော ရဲဘော်များက “ငါတို့အဖရခိုင်ပြည်အတွက် တိုက်ပွဲဝင်လိုလှပြီ။
ပြန်မယ်။
ငါတို့ပြည်ကို ပြန်မယ်” ဟူသော အသံများက ကျယ်လောင်နေ၍ ခေါင်းဆောင်တွေက ရခိုင်ပြည်ကိုပြန်ဘို့ ဆုံးဖြတ်ချက်ချလိုက်ရ ပါတယ်။

သို့သော် တော်လှန်ရေး တပ်တတပ်အနေနဲ့ မြန်မာပြည်အရှေ့တောင်ဘက်ခြမ်းမှ အနောက်ဘက်ခြမ်းသို့ ပြန် လည်ရွှေ့ပြောင်းဘို့ဆိုတာ ကလေးကစားသလို လွယ်လွယ်ကူကူ ရွှေ့နိုင်တဲ့ အရာမျိုးမဟုတ်ပါဘူး။ 
ကေအဲန်ယူထံ ရွှေ့ဘို့ပြောင်းဘို့တင်ပြတဲ့ အခါ ကေအဲန်ယူက ပထမဆုံး ရေကြောင်းမှပြန်ရန် အကြံပေးတယ်။ 
ကပ္ပလီပင်လယ်ကိုဖြတ်ပြီး ဘင်္ဂလားပင်လယ်မှဝင်ရန်ဖြစ်တယ်၊ ယင်း ခရီးစဉ်အတွက် လှေ သင်္ဘော စရိတ်ဟာ ထိုင်းဘတ် သိန်းလေးဆယ်ကုန်ကျမှာဖြစ်လို့ အေအဲလ်ပီအနေနဲ့ ဒီလောက်များပြားတဲ့ ငွေကြေးကို ဘယ်နည်းနဲ့မှ မတတ်နိုင်ပါဘူး ။ တသိန်းတည်းနှင့် ပို့ပေးမည်ဆိုရင်တောင်မှ အဲဒီတုန်းက ပေးစရာမရှိခဲ့ပါဘူး။
ဒါကြောင့် နောက်တနည်းအဖြစ် ပဲခူးရိုးမကိုဖြတ်ပြီး ဧရာဝတီမြစ်ဝကျွန်း ပေါ်ကနေ ဝင်နိုင်ဘို့စီစဉ်ကြပြန် တယ်။ 
ကံမကောင်းချင်တော့ မဆလက အဲဒီတုန်းက ပဲခူးရိုး မကို စိုးမိုးထား တဲ့ ဗကပတွေကို ဖြတ်လေးဖြတ်စနစ်နဲ့ မီးကုန်ယမ်းကုန် ဗုံးကြဲချေမှုန်းနေချိန် ဆိုတော့ ကိုယ့်ရဲ့မဟာမိတ် ကရင်တပ်တွေတောင် ပဲခူးရိုးမက ဆုတ်ခွာ လာနေကြရတယ်။ 
ဒါကြောင့် ဗမာပြည်ကို ခါးလယ်ကဖြတ်ပြီး ပြည်တော်ပြန်မဲ့ ရခိုင်လွတ် မြောက်ရေးတပ်မတော် ရဲ့ အစီအစဉ်တွေ ကို ဖျက်လိုက်ရပြန်တယ်။
ဒီလိုနဲ့ ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော်သားတွေဟာ ကရင်တွေနဲ့လက်တွဲကာ မဆလ စစ်သားတွေကို တိုက်ရင်း လက် ရည်သွေးနေခဲ့ကြရာက နောက်တကြိမ်ရခိုင်ပြည် ကိုပြန်ဝင်နိုင်ရေးအတွက် စီစဉ်ကြပြန်တယ်။ 
ဒီတခေါက်တော့ ရှမ်းပြည် ကချင်ပြည်နဲ့ ချင်း တောင်တန်းကြီးကို ဖြတ်ကျော်ပြီးချီတက်မဲ့ မဟာခရီးရှည် စီမံကိန်းလည်းဖြစ်တယ်။ 

၁၉၇၆မှာ လူအင်အား(၁၂ဝ)ပါဝင်တဲ့ ရခိုင်ပြည်လွတ် မြောက်ရေး တပ်မတော်သားတွေဟာ ခက်ခဲ ကြမ်းတမ်းလှတဲ့ ခရီးရှည်ချီတက်ပွဲကို ဆင်နွှဲခဲ့ကြတယ်။
မြန်မာပြည် အရှေ့တောင်ဘက်ကနေ ချီ တက်လာခဲ့ကြတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးတပ်ဖွဲ့ဝင်တွေဟာ ၁၉၇၇ခုနှစ် မိုးတွင်းမှာ ချင်းပြည်ကနာဂတောင်တန်းကို ရောက်ခဲ့တယ်။
……………………

ဒီနေရာမှာ ဦးခိုင်ရဲခိုင်က မှတ်မှတ်ရရ ပြောတာကတော့ …
“ ကျနော်တို့ ဥက္ကဌ ခိုင်မိုးလင်းခေါင်းဆောင်တဲ့ အေအဲလ်ပီ တပ်သားတွေဟာ ချင်းတွင်းမြစ် ကိုဖြတ်ကူးခဲ့ကြတယ်။ 
အတွေ့အ ကြုံရှိတဲ့သူတွေ အပြောအရ ခုနစ်ရက် လောက်ဆက်သွားရင် ချင်းပြည်အစပ်ကရွာကို ရောက်တော့မယ်လို့ ဆိုပေမဲ့ လမ်းမကျွမ်း ကျင်တာကြောင့် ကျနော်တို့ နာဂတောင်တန်းပေါ် ရောက်သွားကြတယ်။ ပြီးတော့ ကျနော်တို့ ရခိုင်ပြည်ကို သွားနေတယ်ဆိုတာကို ရန်သူ မဆလ စစ်တပ်က သတင်းရထားပြီးဖြစ်နေတယ်။ 
ဘယ်နေရာရောက်နေတယ်။ ဘယ်ပုံချီတက်နေတယ်ဆိုတာ အတိအကျမသိပေမဲ့ ရခိုင်လွတ်မြောက်ရေးတပ်မတော်ဟာ ကချင်ပြည်နဲ့ ချင်းတောင်တန်းကိုဖြတ်ပြီး ရခိုင်ပြည်ကို ဝင်မယ်ဆိုတာကိုတော့ သူတို့သိနေပြီ။ သိရတာက ဒီလိုဗျ။ ကျနော်တို့ရှေ့က ရခိုင်အဖွဲ့တခုဖြစ်တဲ့ အေအိုင်အိုက အရင်သွားနှင့်ရာမှာ အစိုးရစစ်တပ်တွေနဲ့ တိုက်ပွဲဖြစ်တယ်။ 
သူတို့ထဲက ကျသူကျ အဖမ်းခံရသူခံရ ဖြစ်ခဲ့တယ်။ တကယ်တော့ အစိုးရတပ်တွေက သူတို့နဲ့ တိုက်ပွဲဖြစ်တာဟာ ခိုင်မိုးလင်းရဲ့ အေအဲလ်ပီလို့ ထင်နေတာ။
ဒါပေမဲ့ သူတို့ထင်တဲ့ အဖွဲ့မဟုတ်တော့ အေအဲလ်ပီ ဘယ်ရောက်နေလဲ၊ ဘာလုပ်နေလဲဆိုတာကို ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကိုစစ်မေးဖော်ထုတ်တယ်။ သတင်း တွေကို မရရအောင်စုဆောင်းတယ်။
ဒါကြောင့် ကျနော်တို့ ကျိန်းသေပေါက် လာကိုလာမယ်ဆိုတာကို သိထားတယ်။ 
အဲသလိုခရီကြမ်း ကြီးကိုချီတက်ရင်းနဲ့ ကလေးမြို့နယ်တနေရာမှာ ကျနော်တို့မဆလစစ်တပ်နဲ့ရင်ဆိုင် တိုးခဲ့ကြတယ်။
ကျနော်တို့ကို သူတို့ဝိုင်းထားမိတဲ့ အချိန်မှာ ကျနော်တို့တွေအတွက် တကဲ့ကိုဘေးကျပ်နံကျပ်ကာလပေါ့။
ကျနော်တို့က အဓိကစားတာက ဆန်ထမင်း။ 
အဲဒီဒေသကလူ တွေရဲ့ ရိက္ခာက ပြောင်းဖူးစေ့။ လက်နက်ခဲယမ်းမီးကျောက်ဆိုတာကလည်း ကျနော်တို့မှာက ကိုယ်နဲ့မကွာပါလာတဲ့ လက်နက်ပဲရှိတာ။
စစ်ကူရစရာလဲမရှိ။ ပိုဆိုးတာက နယ်မြေက ကိုယ့်နယ်မြေမဟုတ်တော့ ဘာသာစကားကအစ သူပြောတာကိုယ်နားမလည် ကိုယ်ပြော တာ သူသဘောမပေါက်နဲ့ လှုပ်ရှားရတဲ့အခြေ။
ရိက္ခာကလည်းပြတ်ပြီ။
ကျနော်တို့ ဘယ်နည်းနဲ့မဆို ရိက္ခာအတွက် အရဲစွန့်ကြရတော့ မယ်။ 
စစ်ရေးအတွေ့အကြုံ ရင့်ကျက်တဲ့ အစိုးရစစ်တပ်တွေက ကျနော်တို့ကို ရိက္ခာရှာဖို့ လမ်းကိုဖွင့်ပေးတယ်။ 
အဲဒီမှာတင် ကျနော်တို့ အားလုံး ကျုံးသွင်းခံရသလို ဖြစ်သွားတယ်။ 
ညတိုက်ပွဲဖြစ်ခဲ့တယ်။ 
ကျနော်တို့က အဲဒီအချိန်မှာ အင်အားတရာ ဝန်းကျင်လောက်ဘဲ ကျန်တော့တယ်။ လမ်းမှာ ရောဂါဖြစ်လို့ ကျဆုံးခဲ့တဲ့လူ၊ ထွက်ပြေးတဲ့လူနဲ့ အင်အားလျော့နေချိန် ခရီးပန်းလို့ ရိက္ခာပြတ်နေချိန်မှာ ကျနော် တို့ထက် လက်နက်အင်အား လူအင်အား လေးဆလောက်သာလွန်တဲ့ စစ်အစိုးရတပ်က အသေအချာနေရာယူပြီး ဝိုင်းရံတိုက်ခိုက်ခဲ့လို့ ကျနော်တို့ရဲ့ ဥက္ကဌကြီးနဲ့ စစ်ဦးစီးချုပ် ခိုင်မိုးလင်းဟာ ချင်းတောင်ပေါ်မှာ ကျဆုံးခဲ့ရတယ်။
ရန်သူက အညံ့ခံရန် အမိန့်ပေးသည်ကို လက်မခံ လက်နက်မချလို့ ပစ်သတ်လိုက်တယ်လို့ တဆင့်စကားကြားရတယ်။ အာဇာနည်ပီသစွာ အဖရခိုင်ပြည်နဲ့ ရခိုင်လူမျိုးအတွက် အသက်ကို စွန့်လွှတ်သွားခဲ့သူပါ။ 
ကျနော်တို့ပါတီ ကျနော်တို့ တပ်မတော်အတွက် တကဲ့စံပြ ခေါင်းဆောင် တကဲ့အာဇာနည်ပါဘဲ လို့ ဆိုပါတယ်။
……………………..

အေအဲလ်ပီရဲ့ အဖရခိုင်ပြည်မှာ ခြေကုပ်ရယူရေး စီမံကိန်းခရီးရှည် ချီတက်ပွဲဟာ ၁၉၇၇ခုနှစ် ဇွန်လမှာ ကြီးမားသော ဆုံးရှုံးမှု တွေနဲ့အတူ ချင်းတောင်တန်းကြီးပေါ်မှာ တစခန်းရပ်ခဲ့ပြန်ပါတယ်။ 
တန်ဖိုးမဖြတ်နိုင်တဲ့ ဥက္ကဌ ခိုင်မိုးလင်းကို ရခိုင်လွတ်မြောက်ရေး တပ်မ တော် အနေနဲ့ရော ရခိုင်ပြည်သူတွေအနေနဲ့ပါ ဆုံးရှုံးလိုက်ရတယ်။
ဒါ့အပြင် ကေအဲန်ယူ ဆီမှာ စစ်ရေးသင်တန်းတွေကို အသေအချာသင် ယူပြီး ကေအဲန်ယူနဲ့လက်တွဲကာ တိုက်ပွဲ အတွေ့အကြုံရှိပြီးသား စစ်သည်တွေကိုလည်း ဆုံးရှုံးလိုက်ရတယ်။ 
အလွန်အထိနာပြီး ဝါးအ စည်းပြေသလို တစစီဖြိုခွဲခံလိုက်ရတာပါဘဲ။ ဆယ်စုနှစ်တခုလောက် ပင်ပန်းဆင်းရဲမျိုးစုံ ကိုခံပြီးတည်ဆောက်ခဲ့ရတဲ့ ထွန်းသစ်စ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်ဟာ ဒုတိယ အကြိမ်အကြွေစောခဲ့ရပြန်ပါတယ်။
(ဂ)
ချင်းတောင်တန်းပေါ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော်သားတွေဟာ စုစုပေါင်း(၅၄)ယောက် ဖြစ်ပါ တယ်။
အားလုံးကို ကလေးမြို့က အကျဉ်းစခန်းတခုမှာ ဆယ့်တလတိတိ ချုပ်နှောင်ထားပြီးမှ စစ်တပ်မှ တာဝန်ရှိသူတွေဟာ ရခိုင်တော် လှန်ရေးသမား အကျဉ်းသားတွေကို လာရောက် စည်းရုံးရေးဆင်းလာတယ်။
တော်လှန်ရေးလုပ်တာ မဆလကို ဆန့်ကျင်တော်လှန်တာ ကိုယ့်လူမျိုး လွတ်မြောက်ရေးလုပ်တာဟာ မှားယွင်းကြောင်း ပြည်သူ့ထံ ဝန်ချတောင်းပန်ခိုင်းတယ်။ ဒါပေမဲ့ ဘယ်သူတယောက်ကမှ မဆလတို့ ရဲ့ ဖျားယောင်းမှုကို လက်မခံခဲ့ပါဘူး။ 
အဲဒါနဲ့ပတ်သက်လို့ “အဲဒီတုန်းက ကျနော်တို့ကို မဆလ တွေက အတော်လေးကို ဖျားယောင်းသွေး ဆောင်ခဲ့ကြတယ်။ 
ဒါပေမဲ့အံ့သြစရာ ကောင်းတာ ကတော့ ခေါင်းဆောင်ပိုင်းကိုမပြောနဲ့ လက်အောက်ငယ်သားတွေတောင် ကျနော်တို့ လုပ်ရပ် မှားတယ်လို့ မဆိုခဲ့ကြဘူး။
ဒါကြောင့်ထင်တယ် ကျနော်တို့အားလုံးကို မန္တလေးထောင်ကို ရွှေ့ပြီး စီရင်ချက်ချတယ်။ 
ကျနော်အပါ အဝင် ဗဟိုကော်မတီဝင်တွေကို သေဒဏ်စီရင်ခဲ့တယ်။ 
အခုအတွင်းရေးမှူး တာဝန်ယူနေတဲ့ ခိုင်မျိုးမင်းတို့ကတော့ တသက်တကျွန်းစီရင် ချက်ချခံခဲ့ ရတယ်” လို့ နောက်ကြောင်းပြန် ပြောပြပါတယ်။
………………….

ဒီတခေါက် ထောင်ချခံခဲ့ရတာကတော့ ရဲဘော်အားလုံးဟာ ထောင်တခုတည်းမှာ အတူတကွကျနေခဲ့ရတာမို့ ဆွေးနွေးပွဲ တွေကို ကြိတ်ပြီးလုပ်နိုင်ခဲ့တယ်။ ထောင်ကလွတ်ရင် တော်လှန်ရေးဆက်လုပ်မယ်ဆိုတဲ့ ယုံကြည်ချက်ကိုမပျက်သွားအောင် ပိုမိုခိုင်မာ အောင် လုပ်ဆောင်ခဲ့ကြတယ်။ ၁၉၈ဝပြည့်နှစ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး ကျင်းပတော့ နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အတူ ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော်သားအားလုံး ပြန်လည်လွတ်မြောက်လာခဲ့တယ်။
သေဒဏ်ကျသူရော တသက်တကျွန်းကျသူပါ အားလုံး ကျန်းမာစွာနဲ့ မိမိတို့အရပ်ဒေသကို ပြန်လည်ရောက်ရှိခဲ့တယ်။ 
အဲဒီလို ၁၄နှစ်နီးပါးတော်လှန် ရေး လောကဓံတရားကို ခါးခါး သီးသီး နက်နက်ရှိုင်းရှိုင်း ခံစားခဲ့ရဖူးလို့ တော်လှန်ရေး ယုံကြည် ချက် ပိုမိုခိုင်မာစေခဲ့တယ်။ 
ပါတီအမြုတေကာလကတည်းက ပါလာခဲ့တဲ့ ခိုင်ရဲခိုင်ဟာလည်း တော်လှန်ရေး မုန်းတိုင်းကြားထဲက မကြွေလွင့်ဘဲ ကျန်ရစ်ခဲ့တဲ့ ရဲရဲနီတဲ့ ခေါင်းဆောင်အဖြစ် ပေါ်ထွက်လာခဲ့တယ်။
………………………….

ထောင်ကပြန်လွတ်ပြီး ခိုင်ရဲခိုင်တို့အပါအဝင် နရသိန်ပြန်ရဲဘော်တွေနဲ့အပြင်မှာ လွတ်မြောက်နေသော ခိုင်စိုးနိုင်အောင်တို့ ဟာ ၁၉၈၁ခုနှစ်တွင် ကေအဲန်ယူနယ်မြေမှာ ပြန်ဆုံခဲ့ကြပြန်တယ်။ 
ဒီအကြောင်းကို သူဆက်ပြောပြတာကတော့ ..
“ဒီတကြိမ်မှာတော့ အရာအားလုံးဟာ ပြောင်းလဲသွားခဲ့ပါပြီ။ 
ကျနော် တို့အားကိုးရာ ကေအဲန်ယူကိုယ်တိုင်က “ခင်ဗျားတို့ကို ကျနော်တို့ပြောခဲ့သားဘဲ။ ခင်ဗျားတို့နားမထောင်ခဲ့လို့ အခုတော့ တည်ဆောက် ထားတာတွေအားလုံး ပျက်စီးခဲ့ရပြီ။ ကျနော်တို့အကူအညီပေးဖို့ မဖြစ်နိုင်တော့ဘူး။ 
ကျနော်တို့ကိုယ်တိုင်လဲ ရုန်းကန်နေရတယ်” ဟုဆိုလာခဲ့တယ်။ 
ဒီတော့ အေအဲလ်ပီရဲ့ တာဝန်ရှိသူ ခိုင်ရဲခိုင်က “ခင်ဗျားတို့ပြောတာမမှား ပါဘူး။ 
ဒါပေမဲ့ ခင်ဗျားတို့က အဲသလို လျစ် လျူရှုလိုက်မယ်ဆိုရင် ရခိုင်နဲ့ကရင်ကြားမှာရှိမဲ့ အနာဂတ်သမိုင်းဟာ မကောင်းဘူးဖြစ်သွားပါလိမ့်မယ်။ 
ကျနော်တို့ကလည်း ခင်ဗျားတို့ဆီက လက် နက်ခဲယမ်းမတောင်းဘူး၊ ကျနော်တို့ထဲက လူ(၃ဝ)လောက်ကိုသာ စစ်သင်တန်း တက်ခွင့်ပြုပါ။ 
ကျနော်တို့ ကိုယ့်ဘာသာကိုယ် လက်နက် စုဆောင်းမယ်။
ကိုယ့်ရိက္ခာကို ကိုယ်ရှာမယ်။ အဲဒါတော့ သဘောတူပါ” လို့တောင်းဆိုတယ်။ 
အဲဒီအနေအထားကို သဘောတူတဲ့အ တွက် တတိယအကြိမ်မြောက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီနဲ့ တပ်မတော်ကို ပြန်လည်တည်ထောင်ကြတယ်။ 
ဒီအကြိမ်မှာတော့ ခိုင် ရဲခိုင်က ပါတီဥက္ကဌနဲ့ စစ်ဦးစီးချုပ်ဖြစ်လာခဲ့ပါတယ်။
အတွေ့အကြုံအရ ရခိုင်ပြည် တော်လှန်ရေးအတွက် ရခိုင်နယ်စပ်မှာလည်း ရခိုင်တပ်ဖွဲ့မလွဲမသွေရှိရန် လိုအပ်တာကြောင့် ခိုင်ရဲခိုင် ကိုယ်တိုင် အနောက်ဘက်ခြမ်းမှာ တာဝန်ယူအုပ်ချုပ်ပြီး တပ်ထောင်ဖို့ အိန္ဒိယပြည်ကို သွားခဲ့တယ်။ ထိုင်းမြန်မာနယ်စပ်မှာ ခိုင်စိုးနိုင် အောင်နဲ့ ခိုင်မျိုးမင်းတို့ကို ထားခဲ့တယ်။ ထောင်နဲ့အကျိုးပေးသူ ခိုင်ရဲခိုင်ဟာ အိန္ဒိယနဲ့ ရခိုင်ပြည်နယ်စပ်မှာ တပ်ထောင်ဖို့နည်းလမ်းရှာ ရင်း အိန္ဒိယအစိုးရရဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံခဲ့ရပြန်တယ်။ ဆယ့်တလတိတိ အိန္ဒိယထောင်ထဲမှာ နေခဲ့ရပြီး အိန္ဒိယအစိုးရက သူတို့ကို အန္တရာယ်ပေးမဲ့သူ မဟုတ်ဟု ယူဆကာ ပြန်လွှတ်ပေးခဲ့တယ်။ ပိုမိုကံကောင်းတာကတော့ ဗမာအစိုးရလက်ထဲကို မအပ်ခဲ့ခြင်းပါဘဲ။

၁၉၈၁ခုနှစ်က ပြန်လည်တည်ဆောက်ခဲ့တဲ့ ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော်ကို ဆယ်စုနှစ်တခုအကြာ ၁၉၉၁ခုနှစ်ကျမှ သာ လက်နက်တပ်ဆင်နိုင်တဲ့ အခြေအနေကို ရောက်ခဲ့တယ်။ 
အဲဒီဆယ်စုနှစ်တခုအတွင်း ကေအဲန်ယူနဲ့ စစ်အစိုးရတို့အကြား ဆင်နွှဲခဲ့တဲ့ တိုက်ပွဲအတော်များများမှာ ရခိုင်တွေပါဝင်ခဲ့တယ်။ 
မဖြစ်နိုင်တော့ဘူးဆိုတဲ့ အနေအထားမှာ အသေခံ ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ကြတဲ့ ရခိုင်ကွန် မန်ဒိုတွေရဲ့ ရဲစွမ်းသတ္တိကိုဖော်ပြနိုင်ခဲ့တယ်။
“ဝမ်ခ” တိုက်ပွဲကတော့ ရာဇဝင်တွင်ခဲ့တဲ့ တိုက်ပွဲပါဘဲ။
ယခုလက်ရှိအနေအထားနဲ့ သူကိုယ်တိုင် ဦးစီးပဲ့ကိုင်လုပ်ခဲ့ရတဲ့ ကာလအခြေအနေကို ခိုင်ရဲခိုင်က အခုလိုပြောပြခဲ့တယ်။
“ကျနော်တို့ တပ်ကိုပြန်လည်ဖော်ထုတ်ဖို့ ဆယ်စုနှစ်တခု ကြာ အောင် အချိန်ယူခဲ့ရတယ်၊ ၁၉၉၁ခုနှစ်ရောက်မှ ရုပ်လုံးပေါ်တဲ့အဆင့်ကို ရောက်တယ်။
ပြီးတော့ တပ်မတော်တခုနဲ့တူလာအောင် အခြေခိုင်လာအောင် တည်ဆောက်ရတာကိုက နောက်ထပ် ၁၅နှစ်လောက် အချိန်ပေးရသေးတယ်။ 
၂ဝဝ၆ခုနှစ်ကုန်သည်ထိ ကျနော်တို့ဘာထိုးစစ်ကိုမှ မဆင်နွှဲနိုင်ခဲ့သေးဘူး။
အဲဒီကာလကို တည်ဆောက်ရေး ကာလအဖြစ် ကျနော်တို့ သတ်မှတ်ထားတယ်။ ၂ဝဝ၇ခုနှစ်ကစလို့ ကျနော်တို့ ရန်သူစခန်းတွေ ရန်သူခြေကုပ်ယူတဲ့ရွာတွေကို စတင်ထိုး စစ်ဆင်ခဲ့တယ်။
လစ်ရင်လစ်သလို ပြောက်ကျားစစ်ကို ဆင်နွှဲခဲ့တယ်။ 
ကျနော်တို့ကို အားမရတဲ့သူတွေကလည်း မေးတာကို ခဏခဏခံရပါတယ်။

“ခင်ဗျားတို့လက်နက်ကိုင်တပ်ဖွဲ့ထောင်ထားပြီး တခါမှလည်း သေနတ်တချက် ပေါက်သံမကြားပါလား။
ရခိုင်ပြည်ကို မတရား ဖိနှိပ် နေတဲ့ နအဖတပ်တွေ အလိုတော်ရိတွေ အာဏာပါးကွက်သားတွေကို တိုက်ခိုက်တာမကြားရပါလား “
စသဖြင့်မေးတတ်ကြတယ်။ 
သူတို့ မေးတာ တကယ့်ကိုမေးသင့်တဲ့ မေးခွန်းဖြစ်တယ်။ ကျနော်တို့ကိုယ်တိုင်လည်း သဘောပေါက်ပါတယ်။ 
ကျနော်တို့ တိုက်ပွဲမဆင်နွှဲနိုင်ရင် နိုင်ငံတကာကလည်း အာရုံမထားနိုင်သလို ကိုယ့်ပြည်သလူထုကလည်း စိတ်ဝင်စားမှာ မဟုတ်ဘူးဆိုတာကို သိပါတယ်။
အခု ကျနော်တို့ တည်ဆောက်ရေးကာလ ပြီးသွားတဲ့အခါမှာ ကျနော်တို့တိုက်ပွဲဆင်နွှဲရမဲ့ ကာလကိုစတင်နေပါပြီ။ တော်လှန်ရေးဆိုတာ စိတ်ကူးယဉ်လို့ ကောင်းတဲ့ ရုပ်ရှင်ဇာတ်လမ်းမဟုတ်ဘူး အသက်တွေ သွေးတွေ ဘဝတွေ မျက်ရည်တွေနဲ့ လိမ်းကျံနေတဲ့ အကြီမားဆုံးသော စွန့်လွှတ် စွန့်စားရတဲ့အလုပ်ဆိုတော့ အပြောနဲ့မရပါဘူး။ 
တိုက်ပွဲဝင်မဲ့ တော်လှန်ရေးရဲဘော်တွေ သူရဲကောင်းတွေလိုအပ်သလို အဲဒီ ရဲဘော်တွေ ကို ထောက်ခံအားပေးမဲ့ ပြည်သူလည်းလိုအပ်ပါတယ်။
တော်လှန်ရေးသမားနဲ့ပြည်သူ အပြန်အလှန်ယုံကြည်မှုရှိမှ တကဲ့တော်လှန်ရေးကို ဆင်နွှဲနိုင်မှာဖြစ်တယ်။ 
ဒါကြောင့် ပြည်သူကိုနှိုက်စက်နေတဲ့ နအဖစစ်တပ်နဲ့ သူတို့ရဲ့လက်ကိုင်တုတ်တွေကို မြို့ပေါ်မှာဖြစ်ဖြစ် ကျေးလက် မှာဖြစ်ဖြစ် ကျနော်တို့ပြောက်ကျားစစ်ကို ဆင်နွှဲမယ်” လို့ တက်ကြွစွာ စကားဆိုပါတယ် ။
လက်နက်ကိုင်တော်လှန်ရေးလုပ်ရာမှာ ကြုံနေရတဲ့ အခက်အခဲတွေက ဘာလဲလို့မေးတဲ့အခါမှာ သူက “ဟိုတုန်းက ကျနော်တို့ လက်နက်ကိုင် တော်လှန်ရေးလုပ်တာကို အမျိုးသား လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်နေတာလို့ဆိုပြီး နိုင်ငံတကာက အထောက်အပံ့ တွေ ပေးကြတယ်။ အခုနောက်ပိုင်းမှာ ခင်ဗျားတို့သိကြတဲ့အတိုင်းဘဲ၊ လက်နက်ကိုင်တော်လှန်ရေးသမားတွေကို အကြမ်းဖက်သမားတွေ နဲ့ တဂိုဏ်းထဲစာရင်း အသွင်းခံရလို့ ရပ်တည်ရေးအတွက်ပိုမိုခက်ခဲလာခဲ့တယ်။ 
ကျနော်တို့က ကျနော်တို့ပြည်သူတွေဆီကလည်း ဆက် ကြေး ကောက်တာမျိုးမလုပ်ဖူး။ ဒီတော့ ရပ်တည်ရေးခက်ခဲတယ်။
ဒါကြောင့် တည်ဆောက်ရေးကာလမှာ ရဲဘော်တွေဟာ တောင်ယာ ခုတ်ကာ အသက်မွေးရတယ်။ 
အရှေ့ဘက်ခြမ်းမှာရှိတဲ့ အေအဲလ်ပီတပ်ဖွဲ့ဝင်တွေကို ခေတ်နဲ့အညီ တတ်သင့်တဲ့ အိုင်တီသင်တန်းတွေ မဟာမိတ်တွေနဲ့အတူ လက်တွဲလုပ်ကိုင်နိုင်ဖို့ လေ့ကျင့်ပျိုးထောင်တာတွေ လုပ်ရတယ်။
မြန်မာနိုင်ငံအတွက်ရော ကျနော်တို့ရခိုင်ပြည်အ တွက်ပါ ၂ဝ၁ဝရွေးကောက်ပွဲဟာ အဖြေမှန်မဟုတ်တဲ့အတွက် ကျနော်တို့ရဲ့တော်လှန်ရေးဟာ ဆက်ပြီးလုပ်နေရဦးမယ်။ နှလုံးရည်နဲ့ နိုင်ငံ ရေးသမားတွေက တိုက်ပွဲဝင်နေသလို ကျနော်တို့ တော်လှန်ရေးသမားတွေကလည်း လက်နက်ကိုင် တော်လှန်ရေးကို မလွဲမသွေ ဆင်နွှဲနေရ ဦးမှာဖြစ်တယ်။
လက်နက်ကိုင် တော်လှန်ရေးဆိုတာ စိတ်ကူးယဉ်လို့မရဘူး လေနဲ့တိုက်လို့ မရဘူးဆိုတာတော့ လူတွေနားလည်မှာပါ။ 
အခုခေတ်မှာ အေကေ(၄၇)တလက်ကို မြန်မာငွေ သိန်းလေးဆယ်လောက်မှရတယ်ဆိုတာကိုတော့ တချို့ကသိချင်မှသိမယ်။
အေကေ ကျည်တတောင့်ကို မြန်မာငွေ လေးထောင်ကျော်ကျတယ်ဆိုတာကိုလည်း သိမှဖြစ်မယ်။ 
တော်လှန်ရေးလုပ်ဖို့အတွက် ယုံကြည်သူများရဲ့ တကဲ့အထောက်အကူလိုအပ်တယ်ဆိုတာ ကမ္ဘာမှာငြင်းမရတဲ့ အစဉ်အလာပါ။
ကျနော်တို့ဟာ ပြည်သူလူထုထောက်ခံတဲ့ တော်လှန်ရေး သမားဖြစ်အောင် ကျင့်ကြံရမယ်။
ပြည်သူဘက်ကရပ်တည်ပြီး တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ချက်ချထားတယ်” လို့ သူက အကျယ်တဝင့် ရှင်းပြပြန်ပါတယ်။

သူကဆက်ပြောတာကတော့ “အခုဘဲစဉ်းစားကြည့်လေတဲ့။ 
ရခိုင်ပြည်က လူငယ်တွေ ကိုယ့်ဇာတိမြေကို စွန့်ခွါလာတာ ဘယ် လောက်များပြားနေပြီလဲ။ မြန်မာပြည်အနှံ့အပြားကို ထွက်သွားရုံမက ထိုင်း မလေးရှား ဘင်္ဂလားဒေ့ရှ် အပါအဝင် နိုင်ငံတကာကို ရောက်သွားတာဘဲ မနည်းလှတော့ဘူး။ ဒီလူတွေဘာကြောင့် ကိုယ့်ဇာတိကိုစွန့်ခွါရတာလဲ။ 
အဖြေကရှင်းပါတယ်။ ကိုယ့်ရပ်ကိုယ့်ရွာမှာ တဝမ်းတခါးစာ ရှာစားရတာမလွယ်ကူလို့။ အုပ်ချုပ်သူတွေက ဖိနှိပ်ချုပ်ချယ်လို့။
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးမရှိလို့ ဆိုတဲ့ များပြားလှ တဲ့ အကြောင်းပြချက်တွေနဲ့ ထွက်ခွါလာခဲ့ကြတာဖြစ်တယ်။ 
အဲဒီလိုထွက်သွားကြလို့ကော ဘဝအခြေတင့်သွားသလားဆိုတော့ ခင်ဗျား တို့ အမြင်အသိပါဘဲ“ တဲ့။ “သူများပြည် သူများရွာမှာ ဘယ်လောက်ထိ ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှားရတယ်ဆိုတာ စာဖွဲ့စရာမလိုတော့ ပါ ဘူး“တဲ့။
ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးလွတ်မြောက်ရေးအတွက် ကိုယ်ကိုယ်တိုင်တိုက်ပွဲဝင်မှဖြစ်မယ်လို့ ပြောပါတယ်။
အခုအခါမှာ ရခိုင် ပြည်က သဘာဝသယံဇာတတွေ အလျှံပယ်ထွက်နေပေမဲ့ ရခိုင်ပြည်ရဲ့ကြမ္မာကို ရခိုင်တွေ ကိုင်တွယ် ဖြေရှင်းခွင့်မရတော့ တိုင်းပြည်ကချမ်း သာပေမဲ့ အဲဒီပြည်က လူငယ်တွေဟာ အိမ်နီးချင်း တိုင်းပြည်တွေမှာ ကျွန်သဘောက်ဘဝကို ရောက်နေကြရတယ်။
နောက်တခါ ပိုမို အန္တရာယ်ကြီးတာကတော့ ဘင်္ဂလားဒေ့ရှ်ကလည်း သူတို့လူမျိုးလို့လက်မခံ မြန်မာ့သမိုင်းမှာလည်း တခါမှမရှိခဲ့ဖူးတဲ့ လူဦးရေနဲ့ဖိပြီး ကျနော်တို့မြေတွေကို တတိတိသိမ်းပိုက်နေတဲ့ အရေးပါဘဲ။ 
သူတို့ကိုသူတို့ ရိုဟင်ဂျာပါလို့ နာမည်အသစ်ထွင်ပြီး ရခိုင်သမိုင်းတွေကို သူတို့သမိုင်းထဲမှာ ပုံတူကူးချတယ်။ 
သမိုင်းကိုလိမ်တယ်။ စစ်တကောင်းနယ်က ဘင်္ဂါလီတွေဟာ အာရေဗျသစ်ကလားအုပ်တွေလို အေးလွန်းလို့ နှာခေါင်းဖျားလေး ဝင်ပါရစေလို့ အခွင့်အရေးတောင်းပြီး တကိုယ်လုံးလည်းဝင်မိရော အိမ်ရှင်ကိုမောင်းထုတ်တဲ့ပုံပြင်လို ရခိုင်ပြည်က ဘူးသီးတောင် မောင်းတောနဲ့ ရသေ့တောင်နယ်တွေကို ရိုဟင်ဂျာပြည်နယ်အဖြစ် ပြောင်းလဲပစ်ဖို့ မဟာဗျူဟာတွေရှိနေတယ်။ 
လူ့အခွင့်အရေး သမားတွေက အဲဒါတွေကိုမကြည့်ဘဲ သနားစရာအဖြစ် ကရုဏာစကားတွေဆိုကြတယ်။
လူသားဒုက္ခရောက်တာကို လူသားချင်း စာနာတာ အင်မတန်ကောင်းပါတယ်။ ဒါပေမဲ့ သူတပါးနယ်မြေကို လာရောက်ခိုနားပြီး သူတပါးပိုင်နက်ကို လုယူဖို့ဆင်ကြံကြံစည်၊လုပ်ဆောင်နေတာ ကို အဲဒီပြည်သူပြည်သားက အသာတကြည် ခေါင်းငုံ့ခံနေလောက်အောင် ကျနော်တို့ရခိုင်တွေ သွေးမနည်းသင့် သေးဘူး။ သူတို့အရေးဟာ စစ်အာဏာရှင်ထက် ပိုမိုဆိုးတဲ့အန္တရယ်လို့ ကျနော်တို့ခံယူတယ်။ ရိုဟင်ဂျာဆိုတာ ရခိုင်ပြည်နဲ့ ရခိုင်ဗုဒ္ဓဘာသာကို ဖယ်ရှားဖျောက်ဖျက် ပစ်ဖို့ အစီအစဉ်ရှိရှိလုပ်နေတဲ့အန္တရာယ်ကလည်းရှိနေသေးတယ်။
အခုလို ရခိုင်လူငယ်လေးတွေ ဇာတိမြေကို စွန့်ခွါပြီး သူများနိုင်ငံတွေမှာအခြေချတာတွေများလာရင် ကိုယ့်ပြည်မှာနေတဲ့ သူနည်း လာမယ်။ အဲဒီကွက်လပ်မှာ တခြားလူမျိုးတွေ ဝင် ရောက်ပြီး အစားထိုးရင်း အစားထိုးရင်း ကျနော်တို့ရခိုင်ပြည်ဟာ သူတပါးလက်ကို အလိုလို လွှဲအပ်ပြီး သားဖြစ် သွားမယ်။ ဒါကြောင့် ရခိုင်တွေမှာ “ဆုတ်လည်းစူးစားလည်းရူး” ဆိုသလို ဖြစ်နေပြီ။ 
ဒီအရေးကို ရခိုင်သူ ရခိုင်သားအားလုံး အလေးတနက်တွေးသင့်တယ်။
အလားတူ မြန်မာ့ ဒီမိုကရေစီ အင်အားစု၊ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများကလည်း လက်သည်းဆိတ် လက်ထိပ်နာ တတ်စေချင်တယ်။

ရခိုင်ပြည်မှာဖြစ်တာ ငါတို့နဲ့မဆိုင်ဘူးလို့သဘောထားရင် သိပ်မကြာခင် ငါတို့ဆီကိုလည်း ဒါမျိုးရောက်လာနိုင်တယ် ဆိုတာမျိုးကို တွေးသင့်တယ် ဟု ရင်မောဖွယ်ကောင်းလှတဲ့ တိုင်းပြည်နဲ့လူမျိုးရဲ့အနာဂတ်ကို တွေးတွေးဆဆပြီးပြောပြခဲ့တယ်၊
………………………

ထိုင်းနိုင်ငံအပါအဝင် ပြည်ပမှာ ရေကြည်ရာမြက်နုရာ ရှာဖွေစားသောက်လုပ်ကိုင်နေကြတဲ့ ရခိုင်လူငယ်လေးတွေ အများကြီးရှိ ကြတယ်။ သူတို့တွေဟာ ကျနော်တို့ ရခိုင်အမျိုးသား သတင်းစာထုတ် တယ်ဆိုတော့ ဖုန်းနဲ့မကြာခဏမေးကြတာရှိတယ်။ 
ကျနော်တို့ လက်နက်ကိုင် တော်လှန်ရေးလုပ်ချင်တယ်။ 
ဘယ်အဖွဲ့ကိုဝင်ရမလဲ၊ ဘယ်သူ့ကို ဆက်သွယ် ရမလဲလို့ မေးကြေတယ်။ 
အဲဒါကို အန်ကယ့်အနေဖြင့် သ တင်းစာကနေတဆင့် ဖြေကြားခဲ့ စေလိုတယ်လို့ ဆိုတဲ့ ကျနော့်ရဲ့ အမေးကို သူက ……

“ ကျနော်အနေနဲ့ ရခိုင်လူငယ်တွေကို ပြောလိုတာကတော့ တော်လှန်ရေးလုပ်ချင်သူ လက်နက်ကိုင် တိုက်ပွဲဝင်လိုသူတွေကို ရခိုင် ပြည်လွတ်မြောက်ရေးပါတီက အစဉ်အမြဲ လမ်းဖွင့်ပြီး ကြိုဆိုနေတယ်ဆိုတာကို အရင်ဦးဆုံးပြောလိုတယ်။ 
ထိုင်းမြန်မာနယ်စပ်နဲ့ အိန္ဒိယနဲ့ ရခိုင်ပြည်နယ်စပ်တွေမှာ တပ်သားသစ်တွေ လက်ခံနေပါတယ်။ တခုရှိတာက လက်နက်ကိုင် တော်လှန်ရေးဆိုတာ ခံယူချက်ပြင်းထန်ပြီး ယုံကြည်ချက်အတွက် အသက်ကိုပါ စွန့်ရဲတဲ့သူဖြစ်မှ တော်လှန်ရေးကို အောင်ပွဲရသည်ထိ ဆင်နွှဲမဲ့ ရဲဘော်ဖြစ်လာမယ်ဆိုတာကို သိစေလိုတယ်။ 
လက်နက်ကိုင် တော်လှန်ရေးကို ကိုယ်တိုင် အသက်ပေး မပါဝင်နိုင်သူတွေ အနေနဲ့ ကျည်တတောင့်ဘဲဖြစ်ဖြစ် သေနတ်တလက်ဘဲဖြစ်ဖြစ် တဦးချင်းဖြစ်စေ စုပေါင်းလို့ဖြစ်စေ တော်လှန်ရေးမှာ ပါဝင်လိုကပါဝင်နိုင်တယ်။
အခုအခါမှာ ကျနော်တို့ဟာ စစ်ဆင်ရေးတွေကို စတင်နေပြီဖြစ်လို့ အခုလိုကျည်တတောင့် ကူတာကအစ ပြည်သူတွေ ရဲ့ပူးပေါင်းမှုကို အများပြည်သူသိခွင့်ရအောင် ရခိုင်မီဒီယာ သတင်း စာများက ပြန်လည် အသိပေးပါ့မယ်။ ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးရဲ့ နိမ့်ကျနေတဲ့ကံကြမ္မာကို ကယ်တင်ဖို့ လက်နက် ကိုင်တိုက်ပွဲဆိုတာ မလွဲ မသွေလိုအပ်တာဖြစ်လို့ ရခိုင်လူငယ်များကို ရခိုင်ပြည်လွတ်မြောက် ရေးပါတီက ရဲဘော်အပေါင်းကို လှိုက်လှဲစွာကြိုဆိုလျှက်ရှိကြောင်းကို ရခိုင်အမျိုးသား သတင်းစာမှတဆင့် အသိပေးပါတယ်” လို့ ဖြေဆိုခဲ့ပါတယ်။
………………………

ဦးခိုင်ရဲခိုင်ပြောပြတဲ့ ရခိုင်လွတ်မြောက်ရေးတိုက်ပွဲ မှတ်တမ်းကတော့ ဒီလောက်ပါပဲ။ ဒီနေ့ခေတ် ရခိုင်လူငယ်တွေ ဘာလုပ်သင့်တယ်ဆိုတာကတော့ ကိုယ်တိုင် ပေးရမဲ့ အဆုံးအဖြတ် ဖြစ်ပါတယ်။ 
လက်နက်ကိုင်တိုက်ပွဲ ကိုဖော်ဆောင်နေပြီဖြစ်တဲ့ ရခိုင်လွတ်မြောက်ရေး တပ်မတော်အတွက် စွန့်လွှတ်စွန့်စားရဲတဲ့ ရခိုင်လူငယ်တွေ အများကြီး လိုနေတယ်ဆိုတာလေးကိုတော့ စကားလက်ဆောင် ပါးလိုက်ချင်ပါတယ်။ ။

ရခိုင်အမျိုးသားသတင်းစာဆိုဒ်မှ ကူယူထားပါသည်။

No comments:

Post a Comment