Sunday 16 October 2011

မြန်မာနိုင်ငံဒုတိယလွတ်လပ်ရေးတိုက်ပွဲ

ခိုင်လင်း(မေဃဝတီ)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြောသလို ဒုတိယအကြိမ်လွတ်လပ်ရေး တိုက်ပွဲကို ဆင်နွဲလာလိုက်ကြတာ ဒီနေ့အချိန် အထိ မပြီးဆုံးသေးပါဘူး။ ဒီတိုက်ပွဲတွေထဲမှာ ဘဝတွေ အသက်တွေ မျက်ရည်တွေ သွေးတွေ ချွေးတွေ မြောက်များစွာ ပေးဆပ် ခဲ့ကြ တာကို အားလုံးသိပြီးသား နားလည်ပြီးသားဖြစ်မှာပါ။ ရှေ့ဆက်လို့လည်း ပန်းတိုင်မရောက်မချင်း ဆက်လက်တိုက်ပွဲ ဝင်နေကြ တာကိုလည်း အားလုံးသိတဲ့အတိုင်းပါဘဲ။
မျိုးဆက်တွေ တဆက် ပြီးတဆက် လက်ဆင့်ကမ်းတိုက်ပွဲဝင်နေခြင်းသည်ပင်လျှင် ကျ နော်တို့ရဲ့ အောင်ပွဲတရပ်ဖြစ်ပါတယ်။ 
ပန်းတိုင်ရောက်ဖို့အတွက် တိုက်ပွဲသဏ္ဍာန်တွေ ပြောင်းလဲတိုက်ပွဲဝင်ခြင်းဟာလည်း ကျနော်တို့ဖက်က အားသာချက်တခုလို့ မြင်မိပါတယ် ။
ကျနော် ဒီနေရာမှာ အဓိကဆွေးနွေးတင်ပြချင်တာက အမျိုးသားဒီမိုကရေစီိအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီတွေရဲ့ တိုက်ကွက် ပုံဖော်မှု ကို အားသွန်ခွန်စိုက် မောင်းနှင်ရင်ကောင်းမလား လို့ တွေးကြည့်ရင်း ဆွေးနွေးဖြစ်တာပါ။ ဗိုလ်အောင်ကျော်လမ်း ထုတ်ပြန်ကြေငြာချက်ဟာ စစ်တပ်ခေါင်းဆောင်တွေအနေနဲ့ အတော့်ကို ပြင်းပြင်းထန်ထန် တုန်လှုပ်ခြောက်ခြားခဲ့တယ်ဆို တာ အားလုံးသိပြီး သားပါ။ အဲဒီ ဗိုလ်အောင်ကျော်လမ်း ထုတ်ပြန်ကြေငြာချက်ဟာ ဘယ်လောက်ထိနက်ရှိုင်းတယ်ဆိုတာ အာဏာသိမ်း စစ်တပ်ခေါင်း ဆောင်တွေ သဘောပေါက်ပါတယ်။ 
ဘာကြောင့်လဲဆိုတော့ ဗိုလ်အောင်ကျော်လမ်း ထုတ်ပြန်ကြေငြာချက်ဟာ ၁၉၉ဝပြည့် နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲရလာဒ်အရ ပြည်သူ့လွှတ်တော် ခေါ်ယူပေးရန် တခုထဲမဟုတ်လို့ပါဘဲ။ 
အဲဒီရဲ့နောက်ကွယ်မှာ အာဏာသိမ်း စစ်တပ်ခေါင်းဆောင် အဆက် ဆက်လုပ်သလို အတုအယောင် တိုင်းရင်းသား စည်းလုံးညီညွတ်မှုမျိုးမဟုတ်ဘဲ နက်ရှိုင်း ကျယ်ပြန့်ပြီး အနှစ်သာရရှိတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ဖော်ဆောင်နိုင်ခဲ့လို့ ဖြစ်ပါ တယ်။
NLD နဲ့ တိုင်းရင်းသားပါတီ (၂၁)ပါတီ ပေါင်းစည်းထားတဲ့ UNLD တို့ရဲ့ ပူးတွဲထုတ်ပြန် ကြေငြာချက်ဟာ ၁၉၉ဝပြည့်နှစ် ရွေးကောက်ပွဲရလာဒ်ကို အခြေခံပြီး အဲဒီ ဗိုလ်အောင်ကျော် လမ်း ထုတ်ပြန်ကြေငြာချက်ဟာလည်း မြန်မာနိုင်ငံရှိ တိုင်းရင်းသားပေါင်းစုံရဲ့ အနှစ်သာရရှိတဲ့ ညီညွတ်မှုပြယုဂ်ဖြစ်ခဲ့လို့ပါဘဲ။ 
ဒါကြောင့် စစ်တပ်ခေါင်းဆောင်တွေဟာ သူတို့ပေးခဲ့တဲ့
(၁) ရွေးကောက်ပွဲဥပဒေ နည်းဥပဒေများကို ဆောင်ရွက်ပြီးသည့်အခါ ပြည့်သူ့လွှတ်တော် ကို ခေါ်ယူကျင်းပပေးမည်။
(၂) ပြည့်သူ့လွှတ်တော်ကို ရွေးချယ်ခံရသည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းမည် ။
(၃) ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရေးဆွဲ ရန်တာဝန်ရှိသည် -
ဆိုတဲ့ လူမျိုးပေါင်းစုံ ပြည်သူလူထုကြီးအပေါ် ပေးထားသောကတိတွေကို ဗြောင်ကျကျ ချိုး ဖောက်ပြီး ၁/၉ဝကို ထုတ်ပြန်ခဲ့ပါတယ်။
အနှစ်သာရရှိတဲ့ တိုင်းရင်းသားပေါင်းစုံညီညွတ်မှုကို စစ်တပ်ခေါင်းဆောင်တွေအနေနဲ့ တုန်လှုပ်ခြောက်ခြားစွာဖြင့် ၁/၉ဝ ကို ထုတ်ပြန်ခဲ့တယ်ဆိုတာ ထင်ရှားလှပါတယ်။ အဲဒီအချက် ကို ကျနော်တို့ပြည်သူလူထုတွေရော သက်ဆိုင်ရာအဖွဲ့အစည်းတွေရော နား လည်သဘော ပေါက်ပြီးသားဖြစ်မှာပါ။ 
စစ်တပ်ခေါင်းဆောင်တွေအနေနဲ့လည်း ဗိုလ်အောင်ကျော်လမ်း ထုတ် ပြန်ကြေငြာချက်ကို ဆက်လက် အကောင်အထည်ဖော်တိုက်ပွဲဝင်လာမှာကို အရမ်းစိုးရိမ် ခဲ့တယ်ဆိုတာ သိသာထင်ရှားပါတယ်။ 
ဒါကြောင့် óကိတင်ကာကွယ်တဲ့ အနေနဲ့ အတုအ ယောင် အမျိုးသားညီလာခံကို တရွတ်တိုက် တဖက်သတ်ကျင်းပလာခဲ့တာကို သတိထားရမှာ ပါ။ 
အတိုက်အခံ အင်အားစုတွေဘက်ကလည်း ဒါကို နားလည်သဘောက်ပေါက်ပြီးသားပါ။ ဗိုလ်အောင်ကျော်လမ်း ထုတ်ပြန်ကြေငြာချက်မူကို ဆက်လက် စွဲကိုင်ပြီး နောက်တဆက်တိုး မြင့်လိုက်တာကတော့ ၁၉၉ဝပြည့်နှစ်အထွေထွေရွေးကောက်ပွဲမှ တင်မြှောက်လိုက်သော ပြည် သူ့လွှတ်တော်ကို ကိုယ်စားပြုသည့်ကော်မတီ(ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ)ကို ၁၉၉၈ ခုနှစ် ၊ စက်တင်ဘာ(၁၆)ရက်မှာ ဖွဲ့စည်းပြီး တိုက်ပွဲဝင်လိုက်ခြင်းပါဘဲ ။
C.R.P.P ဖွဲ့စည်းခြင်းကို အလေးဂရုမပြုသလို စစ်အုပ်စုကနေပြခဲ့ပေမဲ့လို့ C.R.P.P ဖွဲ့ စည်းလိုက်ခြင်းဟာ သူတို့စစ်အုပ်စုအတွက် အတော့်ကိုခြောက်ခြားစေခဲ့တယ်ဆိုတာ သူတို့ရဲ့ လုပ်ဆောင်မှုတွေက သက်သေပြနေပါတယ်။ 
C.R.P.P ဟာ သမိုင်းရဲ့ လိုအပ်ချက်အရ ဖြစ်ပေါ် လာခဲ့တာကြောင့် အပစ်အခတ်ရပ်စဲရဲအဖွဲ့တွေ နိုင်ငံတကာအဖွဲ့အစည်းတွေက ဝိုင်းဝန်း ထောက်ခံခဲ့ခြင်းကို ခံခဲ့ရပါတယ်။ နအဖက မတရားအသင်းဖြစ်တယ်၊ တရားမဝင်ဘူးဆိုပေ မယ့်လို့ ပြည်သူလူထကပေးအပ်ထားတဲ့ MANDATE နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ က ကိုယ်စားဆောင်ရွက်ရန်ပေးအပ်ထားတဲ့ အခွင့်အာဏာတွေကို အခြေခံပြီး ဖွဲ့စည်းခဲ့မှုဟာ တရားဝင်ပါတယ်။
အဲဒီကော်မတီရဲ့ လွှတ်တော်ခေါ်ယူပေးရန် တောင်းဆိုချက်တွေနဲ့အတူ ပြည်သူ့လွှတ်တော်ပေါ်ပေါက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်ဆိုတဲ့မူဟာ နအဖစစ်အုပ်စုအတွက် ပိုမိုစိုးရိမ်စရာတွေဖြစ်ခဲ့တယ်ဆိုတာ သိသာထင်ရှားပါတယ်။ 
ဒါကြောင့် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေအနေနဲ့ C.R.P.P ရဲ့ မူတွေ ၊ ရည်မှန်းချက်ပန်းတိုင်တွေကို ဘယ်လိုဝိုင်းဝန်းပံ့ပိုးကြမလဲဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးလုပ်ဆောင်ကြဖို့ လိုအပ် မယ်ထင်ပါတယ်။
ဒီဆောင်းပါးရဲ့ရည်ရွယ်ချက်ကလည်း အဲဒီအပေါ်မှာ ဆွေးနွေးလိုတာ ဖြစ်ပါ တယ်။ 
အဲဒီအကြောင်းအရာတွေကို ဆွေးနွေးရင်း C.R.P.Pရဲ့အခင်းအကျင်းတွေကို ချပြဆွေး နွေးဖြစ်တာပါ ။
C.R.P.P ကို ပုံစံအမျိုးမျိုးနဲ့ ဝိုင်းရန်ပံ့ပိုးကြပြီး တိုက်ပွဲအရှိန်မြှင့်ဖို့ လိုအပ်မယ်ထင်ပါ တယ်။ ဘာကြောင့်လဲဆိုတော့ တဖက်မှာ နအဖရဲ့ အတုအယောင်အမျိုးသားညီလာခံကို ထည့် တွက်ရမှာဖြစ်သလို ဒေါက်တာစိုးလင်းတို့အုပ်စုကလည်း နအဖ စစ်အုပ်စုနဲ့ အလွမ်းသင့် နေတာကို ထည့်စဉ်းစားရမှာပါ။
NLD အလံကို စွဲကိုင်တိုက်ပွဲဝင်ခြင်းထက် C.R.P.P အလံကို စွဲကိုင် တိုက်ပွဲဝင်ခြင်းဟာ နအဖစစ်အုပ်စုအတွက် အထိအနာဆုံးဖြစ်မှာသေချာပါတယ်
။ C.R. P.P ရဲ့ ရည်ရွယ်ချက်က လွှတ်တော်ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်သွားရန်နဲ့ လွှတ်တော် မပေါ်ပေါက်မီကာလအတွင်း ကော်မတီက ကိုယ်စားပြုဆောင်ရွက်သွားမယ် လို့ဆိုပါတယ်။

နအဖအနေနဲ့ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ပြည်သူ့လွှတ်တော်ခေါ်ယူပေးခြင်း လုံးဝမ ရှိတာကို ထောက်ရှုရမှာဖြစ်ပါတယ်။
ဒါကြောင့် ပြည်သူ့ကိုယ်စားလှယ်အစစ်အမှန်နဲ့ ပြည်သူ့ လွှတ်တော်ခေါ်ယူခြင်းဟာ ဒီမိုကရေစီရဲ့ ကျင့်ထုံးကျင့်စဉ် တခုဖြစ်တာကြောင့် C.R.P.P ရဲ့ “လွှတ်တော်မပေါ်ပေါက်မီကာလအတွင်း လွှတ်တော်၏လုပ်ငန်းဆောင်တာများကို ဆောင်ရွက် သွားရန်” မူကိုစွဲကိုင်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးအနေဖြင့် အရှိန်မြှင့် တိုက်ပွဲဝင်ဖို့ လိုအပ်ပါတယ်။
C.R.P.P ဥက္ကဌ ဦးအောင်ရွှေနဲ့ အတွင်းရေးမှူး ဦးအေးသာအောင်တို့ကို မကြာ ခင်က ခေါ်ယူသတိပေးခြင်းနဲ့ အတွင်းရေးမှူးဦးအေးသာအောင်ကို ယခင် ထောင်ဒဏ် (၂၁) နှစ် ချမှတ်ခဲ့မှုတွေကို သုံးသပ်ရင် နအဖစစ်အုပ်စုရဲ့ စိုးရိမ်တုန်လှုပ်မှုကို သိသာနိုင်ပါတယ် ။
လွှတ်တော်မပေါ်ပေါက်မီကာလအတွင်း လွှတ်တော်ရဲ့လုပ်ငန်းဆောင်တာတွေကို လုပ် သွားမယ်လို့ဆိုပါတယ်။
အဲဒီအလုပ်တွေ အောင်မြင်ထမြှောက်ခြင်းဟာ အောင်ပွဲလို့ နားလည် ပါတယ်။
ဒါကြောင့် ပြည်သူ့လွှတ်တော်ရဲ့အလုပ်တွေထဲမှာ နအဖ စစ်အုပ်စုရဲ့ အတုအယောင် ညီလာခံကို တစစီခြေမှုန်းပစ်မယ့် လုပ်ငန်းတွေရှိတယ်ဆိုတာကို သက်ဆိုင်ရာအဖွဲ့အစည်း အ သီးသီးက နားလည်သဘော ပေါက်ပြီးသားဖြစ်တာကြောင့် C.R.P.P ရဲ့“မူ”တွေကို စွဲကိုင် တိုက် ပွဲဝင်ဖို့ လိုအပ်ပါတယ်။ 
တဖက်မှာလည်း C.R.P.P လုပ်ငန်းတွေ လွယ်ကူချောမွေ့စွာ လုပ် ဆောင်နိုင်အောင် ကြိုးပမ်းဖို့လိုပါလိမ့်မယ်။ ဒီနေ့အချိန်မှာတော့ C.R.P.P ကို တိုးချဲ့ဖွဲ့စည်း ထားတာကို တွေ့ရမှာဖြစ်တာကြောင့် အခြားအဖွဲ့အစည်းတွေကိုလည်း လက်ခံသွားမယ်လို့ ဆို ပါတယ်။
ဒါကြောင့် ဒီမိုကရေစီအင်အားစုတွေအနေန ပုံစံမျိုးစုံနဲ့ ပူးပေါင်းပါဝင်ပြီး အရှိန်မြှင့် တိုက်ပွဲဝင်ဖို့ လိုအပ်နေပါပြီ။
ဒီနေရာမှာ သတင်းမီဒီယာတွေရဲ့ အမေးဟာလည်း ထည့်တွက်စဉ်းစားပြီး ပြင်ဆင်စရာ တွေရှိတယ်။ C.R.P.P ကို ဖျက်သိမ်းရင်ဆိုတဲ့မေးခွန်းပါဘဲ။ 
ဒီမေးခွန်းဟာ သိပ်ကောင်းတဲ့ မေးခွန်းတခုဖြစ်ပါတယ်။
တဖက်ကစဉ်းစားစရာရှိတာက နအဖအနေနဲ့ ဒီမိုကရေစီအင်အားစု တွေကို တခုမကျန်အမြစ်ကပင်ဖြုတ်ဖျက်လို့ရရင် ဖြုတ်ဖျက်ပစ်မယ်ဆိုတာကိုပါဘဲ။ 
ဒါကြောင့် C.R.P.P ကိုဘဲဖြစ်ဖြစ် အခြားအဖွဲ့အစည်းတခုကိုဘဲဖြစ်ဖြစ် မတရားအသင်းအဖြစ် ဖျက်သိမ်း ခြင်းသည်ပင်လျှင် မတရားကြေငြာချက်သာဖြစ်တယ်ဆိုတဲ့ ခံယူချက်တွေနဲ့ ပြည်သူလူထုရဲ့ အ ခက်အခဲ အကြပ်အတည်းတွေ လွတ်မြောက်ရေးလို့ဘဲပြောပြော ဒုတိယလွတ်လပ်ရေးလို့ဘဲ ပြောပြော တိုက်ပွဲဝင်ရမှာဖြစ်တယ်။
ဒီနေရာမှာ ဥပမာတခုပြချင်ပါတယ်။ အဲဒါကတော့ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်ပါ။
ဒီပါတီဟာ ရခိုင်ပြည်နယ်မှာ မဲအများဆုံးအနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာမှာ တတိယအများဆုံးအနိုင်ရရှိခဲ့တဲ့ ရခိုင်လူထုကိုယ်စားပြုပါတီဖြစ်ပါတယ်။
နဝတ (န အဖ) ရဲ့ ၁/၉ဝ ထုတ်ပြန်ကြေငြာချက်ကို လုံးဝကန့်ကွက်ခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို မ တရားအသင်း ကြေငြာဖျက်သိမ်းခဲ့ပေမယ့်လို့ ပါတီခေါင်းဆောင်တွေဟာ လူထုရဲ့ပေးအပ်ထား တဲ့တာဝန်တွေကို ဆက်လက်ထမ်းဆောင်တိုက်ပွဲဝင်နေခြင်းကို တွေ့ရမှာပါ။ ဒါက ဥပမာတ ခုပါ ။

ဆိုတော့ နအဖအနေနဲ့ C.R.P.P ကို စိုးရိမ်ကြောင့်ကြမှုရှိတယ်ဆိုတာကို သိပ်ထင်ရှား ပါတယ်။
နအဖအနေနဲ့ C.R.P.P ဟာ နောက်တလှမ်းရှေ့တိုးလှမ်းပြီး အလုပ်လုပ်လာမှာကို ကြို တင်ကာကွယ်ဖို့ ပြင်ဆင်ခြင်းဖြစ်နိုင်ပါတယ်။ 
ဒီနေရာမှာ အလေးထား စဉ်းစားရမှာက ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မတီဟာ ဥပဒေရေးဆွဲရေးတွေအထိပါဝင်လာတာကြောင့် တကယ်လို့ ဒီကော်မတီက ဥပဒေရေးဆွဲပြီးသွားရင် ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေအ နေနဲ့ ဘယ်လိုလုပ်သင့်တယ်၊ ဘယ်လိုပူးပေါင်းပါဝင်သင့်တယ် ဆိုတာတွေကို ဆွေးနွေးပြင် ဆင်ကြဖို့ လိုလိမ့်မယ်။
ဒီလုပ်ဆောင်ချက်တွေဟာ အရာအားလုံးကို ပြီးမြောက်စေတဲ့လုပ်ရပ် လည်းဖြစ်တယ်။
နအဖကျင်းပနေတဲ့ အတုအယောင်အမျိုးသားညီလာခံနဲ့အတူ ဥပဒေ ရေးဆွဲ ရေးလုပ်ငန်းတွေကို ကျနော်တို့တတွေက တရားမဝင်ဘူး၊ အတုအယောင် ဖြစ်တယ်လို့ ပြော နေယုံနဲ့မပြီးဘူး။ 
ဒီလိုပြောနေတဲ့ကြားက နအဖဟာ တတိတိ တရွတ်တိုက်ကျင်းပလာတဲ့ ညီ လာခံကို မမေ့သင့်ဘူး။

နအဖရဲ့လုပ်ငန်းတွေပြီးသွားရင် ရှေ့ဆက်လို့ နအဖက လူထုကို အ တင်းအကြပ်တက်ခိုင်းပြီး လူထုကထောက်ခံတယ်လို့ကြေငြာပြီး စစ်တပ်ကြီးစိုးတဲ့ အစိုးရဖွဲ့ကာ စစ်တပ်က စစ်တပ်လျားပြန်သွားတဲ့ပုံစံမျိုးတွေ လုပ်လာနိုင်တယ်။
ဒါကြောင့် C.R.P.P ဆိုတာ အပစ်ခတ်ရပ်အဖွဲ့တွေအပါအဝင် နိုင်ငံတကာကပါထောက်ခံထားခြင်းဟာ ၁၉၉ဝပြည့် အထွေ ထွေရွေးကောက်ပွဲအပေါ် အခြေခံပြီး ထောက်ခံထားတာဖြစ်တယ်။
ဒီကော်မတီရဲ့ အလုပ်တွေ ပြီးမြောက်အောင် ဝိုင်းဝန်းပံ့ပိုးမှုတွေလုပ်သွားရင်း ပူးပေါင်းပါဝင်ဖို့ လိုအပ်လာပါတယ်။
ဒီကော် မတီဟာ ၁၉၉ဝ ရွေးကောက်ပွဲအရ တရားဝင်တဲ့ကော်မတီဖြစ်တယ်။ 
ဘယ်သူဖျက်သိမ်းသိမ်း ပြည်သူ့လွှတ်တော် မခေါ်ယူမချင်း မပျက်စီးဘဲတရားဝင်နေမှာဖြစ်တယ်။ 
ဒီကော်မတီရဲ့ ရပ် တည်ချက်ဟာ ပြည်သူ့လွှတ်တော်ခေါ်ယူနိုင်ရေးနဲ့ ပြည်သူ့လွှတ်တော် မခေါ်ယူနိုင်ခင် ကြား ကာလတွေမှာ ပြည်သူ့လွှတ်တော်ရဲ့အလုပ်တွေကို လုပ်သွားမှာဖြစ်တယ်ဆိုတဲ့ “မူ” အပေါ်မှာ ရပ်တည် တိုက်ပွဲဝင်ခြင်းဟာ ပြည်သူ့အပေါ်မှာ သစ္စာရှိခြင်းဖြစ်တာကြောင့် ပြည်တွင်း ပြည်ပ အတိုက်အခံအဖွဲ့အစည်းတွေရော အပစ်အခတ်ရပ် အဖွဲ့အစည်းတွေရော မြန်မာနိုင်ငံရှိ တိုင်း ရင်းသား လူထုပေါင်းစုံအနေနဲ့ ဝိုင်းဝန်းထောက်ခံပြီး စစ်အာဏာရှင် စနစ်ဆိုးကြီးကို ဖယ်ရှား၍ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို ဝိုင်းဝန်းထူထောင်ခြင်းနဲ့ ပြည်သူလူထုရဲ အကြပ်အတည်း အခက်အခဲတွေကို ဖယ်ရှားကာ စစ်မှန်တဲ့ဒုတိယလွတ်လပ်ရေးကို ဝိုင်းဝန်း လုပ်ဆောင်သင့်ပါတယ် ။ ။
(ယခုစာမူသည် ၂၆ရက် မတ်လ ၂၀၀၇ခုနှစ်က ပို့ ထားခဲ့သောစာမူဖြစ်သည်၊ ယခု ဘလော့ဂ်တွင် သိမ်းဆည်းထားသည့်အနေဖြင့် တင်ပြပါသည်၊ ကျန်ဆောင်းပါးဟောင်းများကို လည်း စုစည်းသည့်အနေဖြင့် အချိန်ရသလိုတင်ပြသွားပါမည်၊ စိတ်ပါဝင်စားသူများ စာရေးလို သူများကို ဖိတ်ခေါ်ပါသည်၊ သင့်တော်သောစာမူများကို တင်ပြသွားပါမည်၊ နောင်တွင် ၀က်ဘ် ဆိုဒ် ထားနိုင်သောအခါ ယခုစာမူများကို ဆက်လက်ရွေ့ ပြောင်းထားရှိပါမည်)

ရခိုင်အမျိုးသားသတင်းစာဆိုဒ်မှ ကူယူထားပါသည်။

No comments:

Post a Comment