Wednesday 19 October 2011

အဖေပို့ ပေးလိုက်ချင်ပေမယ့်

(၁) မိသားစုတွေနဲ့ အတူမွေးရပ်မြေရခိုင်ပြည်ကထွက်လာခဲ့တာ ၆နှစ်ပြည့်ခဲ့ပြီ။

ထိုင်းကိုရောက်ကတည်းက ရတဲ့အလုပ်ကလေးတွေကိုလုပ်ကိုင်လာခဲ့တယ်။

ရသမျှ ငွေလေးတွေကို ခြိုးခြံချွေတာ သုံးစွဲပြီး၊သားသမီးတွေအတွက် နေရပ်ရင်းကို ပြန်လည်ပို့ ပေးခဲ့တယ်။ 

စီးပွားပျက်လာခဲ့တဲ့ အထည်ကြီးပျက်တစ်ယောက်အနေနဲ့ မလုပ်နိုင်တဲ့ အလုပ်၊မလုပ်ဖူးတဲ့ အလုပ်၊မလုပ်ချင်တဲ့ အလုပ်တွေကို အံကြိတ်ပြီးလုပ်ကိုင်ခဲ့ရတယ်။ ဘာသာစကားအခက်အခဲ၊လုပ်ငန်းကျွမ်းကျင်မှု၊အသက်အရွယ်အရ ဘန်ကောက်မှာ အလုပ်အကိုင် လုပ်ရတာ အဆင်ပြေမှုမရှိပေမယ့် ကြိုးစားကြိတ်မှိတ်ပြီးလုပ်ရပါတယ်။ပင်ပန်းခံပြီးလုပ်ခဲ့တယ်။ အော် …ထားရစ်ခဲ့ရတဲ့ ငါ့သမီးလေးတွေ..ထမင်းနပ်မှန် စားရပါစေ။

ကျောင်းတက်ရပါစေ။

အ၀တ်ကလေးတွေ ၀တ်ရပါစေလို့ သာ အဖေ အာရုံပြုနေတော့တယ်။

ကိုယ့်ကျမ္မာရေးကိုအထူးဂရုစိုက်နေရသလို သားသမီးလေးတွေကျမ္မာပါစေကြောင်းဆုတောင်းလိုက်ရတာလဲ မမောတမ်းပါပဲ။ (၂) သမီးကြီး ဘွဲ့ ယူတော့မယ်ဆိုတဲ့အကြောင်း ဖုန်းဆက်လာတဲ့နေ့ မှာ ။ကျနော်ပျော်လိုက်တာ။

အော်.. ပညာမတတ်တဲ့ ငါ့လိုကောင်ကမွေးတဲ့သမီး၊ ပညာတတ်စါရင်းကိုသွင်းရမယ့်သမီးတစ်ယောက်တော့ဖြစ် လာခဲ့ပြီ။ ကျနော်မျှော်လင့်ထားခဲ့တဲ့ ဘွဲ့ ဝတ်စုံနဲ့ သမီးကြီးကိုတော့မြင်ခွင့်၇တော့မယ်။ အဖေ့လိုအင်ဆန္ဒ အဖေဖြစ်စေချင်တာတွေကိုဖြစ်အောင် ကြိုးစားပေးခဲ့တဲ့သမီးကြီးကို အဖေ ကျေးဇူးတင်တယ်သမီး။ 

မဖြစ်စလောက်ပို့ ပေးတဲ့ငွေကလေးကို ချို့ ချို့ တဲ့တဲ့နဲ့ စား၊နွမ်းနွမ်းပါးပါးနဲ့ ဝတ်ပြီးတော့ ပညာရေးဆုံးခန်းတိုင်အောင်ကြိုးစားခဲ့တဲ့သမီးအတွက် အဖေ ဂုဏ်ယူလို့ မဆုံးဘူး။ မိသားစုတိုင်းလိုလို သားသမီးတွေဘွဲ့ ယူတဲ့နေ့ မှာ ရန်ကုန်ကိုလာကြပေမယ့် အလုပ်သမားဘ၀နဲ့ ထိုင်းနိုင်ငံ အတွင်းကိုရောက်နေတဲ့ အဖေတော့မလာနိုင်ဘူးပေါ့သမီးရယ်။

သမီးအမေနဲ့ သမီးညီမလေးတွေကိုပဲခေါ် လိုက်ပေါ့၊ အဖေ လမ်းစရိတ်ပို့ ပေးမယ်လေ၊အဖေမလာရောက်နိုင်တာကို ၀မ်းမနည်းပါနဲ့ သမီး၊ ဘွဲ့  ရ ပညာတတ်စါရင်းဝင်ခဲ့ပြီးဆိုတဲ့အသိစိတ်ကလေးနဲ့ ပျော်ပျော်ရွှင်ရွှင် ဘွဲ့ တက်ယူလိုက်ပါကွယ်။ 

(၃) သမီးကြီးကအမေနဲ့ အတူ ညီမအငယ် ၂ယောက်ပါ ရန်ကုန်ကိုရောက်နေတယ်လို့  ပြောလာတဲ့အခါ ကျ နော်ကြည်နူးပျော်ရွှင်မိခဲ့တယ်၊ တောရွာမှာနေထိုင်နေရတဲ့မိသားစုတွေဖြစ်လေတော့၊ဖုန်းနဲ့ တောင်မှ ပြောခွင့်မကြုံခဲ့ဘူးလေ။

ခု ရန်ကုန်ရောက်လာတော့ အနှစ်နှစ်အလလ ကွဲကွာနေခဲ့ရတဲ့ဇနီးနဲ့ ရော သမီးလေးတွေနဲ့ ပါ စကားပြောခွင့်ရမယ်ဆိုတော့ အတိုင်းထက်အလွန်ပျော်မိပြန်တယ်။

ဇနီးဖြစ်သူက၊ ကျနော်ထွက်ခွာလာခဲ့ပြီးတဲ့နောက်မှာ ရုန်ကန်လှုပ်ရှားရမှုတွေ၊အခက်အခဲအချို့ တွေ။ကိုပြောပြ ပါတယ်။ခင်ပွန်းသည်မရှိတဲ့အခါ မိန်းမတစ်ယောက်အနေနဲ့ မိသားစု၊တာဝန်တွေအထူးကြီးလေးတာကြောင့် မြန်မြန်ပြန်လာဖို့ မှာရှာပါတယ်။

ကျနော်ကလည်းတတ်နိုင်သမျှ မြန်မြန်ပြန်လာဖို့ ပြောလိုက်ပါတယ်။ နှစ်ပေါင်းများစွာပေါင်းသင်းနေထိုင်လာခဲ့ပြီးမှ မ မျှော်လင့်ပဲ ခွဲခွာလာခဲ့ရတော့လည်း လွမ်းဆွမှုတွေကိုယ်စီနဲ့ ပေါ့လေ။

(၄) သမီးကြီးက သမီးအငယ်ဆုံးလေးက စကားပြောချင်တယ်လို့ ပြောပါတယ်။

ဒီသမီးလေးက ကျနော်ထိုင်းကို ထွက်လာခဲ့တဲ့အခါ ၁နှစ်ကျော်ကျော်လေးပဲရှိသေးတယ်၊အဖေကိုမမြင့်ဖူးတဲ့ကလေး၊ အဖေဆိုတာ သူ့ အစ်မ တွေပြောနေလို့ သာ အဖေလို့ သိနေရှာတာ။ 

အငယ်ဆုံးသမီးလေးက ခု ၇နှစ်သမီးလေးတောင်ဖြစ်နေပြီ။ ဖုန်းနဲ့ ပြောလာတာက“အဖေ ဘယ်တော့ပြန်လာမလဲ”“အဖေနေကောင်လား၊အဖေမြန်မြန်ပြန်လာပါ”ဆိုပြီး အသံလေးတွေတိမ်ဝင်သွားခဲ့ချာတယ်။

ကျနော်လည်း “ဖေဖေအမြန်ပြန်လာခဲ့မယ်သမီး”လို့ ပြောပြီး မျက်ရည်တွေအတောမသတ်စီဆင်းလာတော့တယ်။

မကြားဖူးတဲ့အသံ၊မမြင်ဖူးတဲ့မျက်နှာ၊မငိုဖူးတဲ့ ဆို့ နင်းကြေကွဲမှုတွေနဲ့ စိတ်မကောင်းစွာတဒင်္ဂ မှင်တက်မိနေတော့တယ်။

(၅) အင်း…သမီးကြီးရေ၊ နို့ ညှာမလေး မချစ်စုကလေးကိုပေးလိုက်ပါအုံး။

ခုခြောက်တန်းတောင်ရောက်နေပြီ။ အဖေ သတိအရဆုံးကသူပေါ့၊အဖေခွံ့ကျွေးမှထမင်းစားတတ်သူလေ၊အဖေမရောက်ရောက်အောင်စောင့်ပြီးမှအိပ်တတ်သူလေ။အဖေချော့သိပ်မှအိပ်တတ်သူလေး၊ပေးလိုက်ပါအုံးသမီးကြီးဖုန်းကိုမချစ်စုကလေးကိုပေးလိုက်ပါ။…………..“အဖေနေကောင်းလား၊မြန်မြန်ပြန်လာပါ”“သမီးအဖေ့ကိုသိပ်အောက်မေ့တာပဲ”လို့ ဆိုချာပါတယ်။

ပြီးတော့သူစာကြိုးတယ်၊အမေနဲ့ အမကြီးတို့ စကားကိုနားထောင်တဲ့အကြောင်းတွေကိုပြောပါတယ်။ 

သမီးဘာဝယ်ပို့ ပေးလိုက်ရမလဲလို့ မေးတော့၊အဖေဗွီဒီယိုတစ်လုံးဝယ်ပေးလိုက်ပါ။လို့ ပြောလာပါတယ်။

ကျနော်ကလည်းဝယ်ပေးလိုက်မယ်ဆိုပြီးသမီးချစ်စုကလေးစိတ်ချမ်းသာအောင်ပြောလိုက်မိတော့တယ်။ (၆) ကျနော်စီးပွားရေး အဆင်ပြေခဲ့တဲ့သူတို့ ငယ်ငယ်တုန်းကအိမ်မှာမီးစက်နဲ့ ညနေတိုင်းဗွီဒီယိုကြည့်နေခဲ့ရတာတွေ ကိုလိုချင်မှန်းသိသာပါတယ်။

ယခုအလုပ်သမားတစ်ယောက်ဖြစ်တဲ့ကျနော်အနေနဲ့ ထိုင်းမှာTVတစ်လုံးဝယ်ဖို့ ကဘာမှအခက်အခဲမရှိဘူးလို့ ပြောရင်ရပါတယ်။

ဘတ်ငွေ တစ်ထောင်၊နှစ်ထောင်ပဲပေးရပါတယ်။ 

ထိုင်းမှာက ၀ယ်လာပြီးရင်လည်း နံရံမှာရှိတဲ့ပလပ်ပေါက်ကို ကြိုးထိုးလိုက်ရင် ကြည့်လို့ ရပါပြီ။ ကျနော်တို့ မြန်မာပြည်မှာ ရခိုင်ဒေသလို နေရာမျိုးကိုထားလိုက်အုံး၊ကျနော်ကျင်လည်ခဲ့တဲ့ ရန်ကုန်မြို့ ကြီးမှာ တောင်ရေမရ၊မီးမလာ အမှိုက်ပုံတွေဗလပွနဲ့ မြို့ ဟောင်းကြီးဖြစ်နေတယ်လို့  ပြောကြတယ်။

အဖေ သမီးလေးတွေအတွက် TV ၀ယ်ထည့်ပေးလိုက်ချင်ပါတယ်၊ထည့်ပေးနိုင်ပါတယ်။

ဒါပေမယ့် ကျနော့်သမီးလေးတွေ TV ကို ဘာမီးနဲ့ ကြည့်ကြလမလဲ?။

နံရံမှာကြိုးထိုးလိုက်ရုံနဲ့ ရခိုင်မှာ မီးရနိုင်မလား?။ မီးမရှိတဲ့နေ၇ာကိုTVပို့ လိုက်ရင်…………………………… ရခိုင်ပင်လယ်ပြင်ကထွက်ရှိတဲ့ သဘာဝဓါတ်ငွေ့တွေနဲ့ ရခိုင်ပြည်အပါအ၀င် မြန်မာတစ်နိုင်ငံလုံး မီးလင်းရင် တော့ကောင်းမှာပဲလို့ သာဆုတောင်းနေရတော့တယ်။ ။ ကျော်သောင်း

မေယ ကုလားတန်ဆိုဒ်မှ ကူယူထားပါသည်။

No comments:

Post a Comment