Tuesday 6 September 2011

လိုင်ရိုးတော်ဓါတ်သမိုင်း အခန်း (၃)

ဗြိတိသျှခေတ်ပေါက်တောမြို့နယ်

(ယခုဖော်ပြမည့်အကြောင်းအရာသည် ဗြိတိသျှခေတ်ဦးပိုင်း (၁၉၁၁) ခုနှစ်က ပေါက်တောမြို့နယ်မှ စီးပွားရေး၊ လူမှုရေး၊ ပညာရေးစသည့်အကြောင်းအရာများဖြစ်သည်။
ဤအကြောင်းကို မှတ်တမ်းတင်ခသူမှာ Mr. R. B Smart ဆိုသူဖြစ်ပါသည်။
သူ၏ရွီးသားချက်များကို Burma Gazetteer, Akyab District Volume (A) စာမျက်နှာ (၂၂၁-၂၂၂) တွင် တွိနိုင်ပါသည်။ 
ယင်းမှ ရွီးသားဖော်ပြချက်များကို အောက်ပါအတိုင်း ဘာသာပြန်ဆိုပြီး ဖော်ပြအပ်ပါသည်။

ပေါက်တောမြို့နယ်

မင်းပြားမြို့နယ်ခွဲတခုဖြစ်ပြီး ဧရိယာစတုရန်းမှာ (၆၅၆) မိုင် ကျယ်ဝန်းသည်။
(၁၉၁၁) ခုနှစ် စာရင်းအရ လူဦးရေမှာ (၄၅၃၅၀) ဟိပြီး (၄၀၃၇၁) ဦးမှာ ဗုဒ္ဓဘာသာဝင်များဖြစ်သည်။ 
အိန္ဒိယဇာတိနွယ်ဝင် (၄၃၄၁) ဦးဟိသည်။ 
၁၈၇၇ ခုနှစ်တွင် ဦးရာဇ်တောင် အရှိမြို့နယ်ဟုခေါ်တွင်ပြီး မြို့ဟောင်း (မြောက်ဦး) မြို့နယ်ခွဲ အပိုင်းတပိုင်းအဖြစ် ဖွဲ့စည်းထားခသည်။ 
၁၈၉၀ ပြည်နှစ်တွင် “ပေါက်တောမြို့” ဟူ၍ အမည်ပြောင်းလာပြီး (၁၈၉၁) ခုနှစ်တွင် စစ်တွေမြို့နယ်ခွဲ တခုဖြစ်လာသည်။
(၁၉၀၆) ခုဇန္န၀ါရီလ (၁) ရက်နိတွင် တဖန်ဖွဲ့စည်းပုံပြောင်းလဲသည်။ 
မင်းပြားမြို့နယ်ခွဲဖြစ်လာသည်။
မြောက်ဘက်တွင် ကုလားပုန်းမြစ်၊ ဟင်းခရော်မြစ်နှင့်ဝင်းကျွန်းမြစ်ရို့သည် ပေါက်တောမြို့နယ်နှင့် မြို့ဟောင်းမြို့နယ်နယ်နမိတ်ကို ပိုင်းခြားထားသည်။ 
အရှိဘက်တွင်မူ ရဲတဲမြစ်၊ စွန်ရဲမြစ်၊ ကျွဲကူးမြစ်၊ ပေါက်ဆိန်ကျမြစ်ရို့မှာ မင်းပြားမြို့နယ်နှင့် နယ်နမိတ်ခွဲထားသည်။ 
တောင်ဘက်တွင်ကား ဟန်တာပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်ရို့ဟိပြီး အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်နှင့် ကုလားတန်မြစ် ဟိသည်။
ထိုမြစ်ရို့မှာ အနောက်ဘက် စစ်တွေမြို့နယ်နှင့် ပိုင်းခြားထားသည်။ ပေါက်တောမြို့နယ်တခုလုံးသည် မြီနိမ့်ပိုင်းတွင်တည်ဟိပြီး စိုက်ပျိုးရေးအတွက် ကြီးမားသောမြီဧရိယာများကို ဆားငံရီလွှမ်းခြင်းမှ ကာကွယ်ရန်အတွက် တာရိုးများကို တည်ဆောက်ထားရသည်။

ဘော်ဒလီရွာ (ဆင်တက်မော်)

ရွာကြီးတရွာဖြစ်ပြီး အိမ်ခြီ (၄၃၉) ဆောင်ဟိသည်။
လူဦးရေမှာ (၁၈၃၂) ဦးဟိသည်။
အလယ်ဖရုံကာကျွန်း၏ အနောက်ဘက် ဆင်တက်မော် မြစ်ကမ်းနဖူးပေါ်တွင်တည်ဟိသည်။ 
စစ်တွေမြို့နှင့် တောင်ဘက် (၇) မိုင်လောက်ကွာသည်။ 
ဆင်တက်မော်၏အမည်နာမသည် ပုံပြင်တပုဒ်နှင့်ဆက်စပ်၍ တည်ဟိသည်။
သို့ရာတွင် ယင်း၏ပုံပြင်မှာ ဒဏ္ဍာရီဆန်လွန်းသည်။
အိမ်ခြံဝင်းများတွင် စိုက်ပျိုးထားသည့်ကွမ်းသီးပင်များကြောင့် အရိပ်မြိုင်သည်။ 
ယင်းရွာတွင်နီထိုင်သော လူမျိုးနွယ်စု သုံးစုကို တွိရသည်။
ယင်းရို့မှာ ရခိုင်သားများ၊ စစ်တကောင်းသားများ၊ ခမီးများဖြစ်သည်။ ဆန်စပါးစိုက်ပျိုးလုပ်ကိုင်ရန် မြီများဟိသော်လည်း ကျွန်းရွာအတွက် လုံလောက်မှုကားမဟိပေ။

ကျောက်တောင်

ပိန္နဲချောင်းမြစ်၏လက်တက်တခုဖြစ်သော ရန်ပုချောင်းမြစ်ကမ်းနဖူးမှ (၃) မိုင်အကွာတွင် တည်ဟိသည်။ ပေါက်တောမြို့မှ (၁၄) မိုင် ကွာဝီးပြီး အလယ်ဖရုံကာကျွန်း၏အရှိဘက် တောင်စောင်းအောက်ခြီတွင် ကျရောက်သည်။
အိမ်ခြီ (၂၈၇) ဆောင်ဟိပြီး လူဦးရေမှာ (၁၀၆၉) ဦးဟိသည်။ 
ရွာသားများမှာ စိုက်ပျိုးရေးကိုလုပ်ကိုင်ပြီး လူနည်းစုမှာ ကုန်ရောင်းကုန်ဝယ်လုပ်သည်။ 
ဤရွာကို (၁၇၇၀) ခုနှစ်တွင် ရမ်းဗြဲမှပြောင်းလာသူများဖြင့်စ၍ တည်ထောင်သည်။
အနီးမှပြောင်းရွှိလာသော အခြားအိမ်ထောင်စု (၅) စုဖြင့်လည်း တဖြည်းဖြည်း ကျွန်းရွာမှာကြီးမားလာသည်။ 
ယင်းအိမ်ထောင်စုများတွင် ကျောက်တန်းမိသားစုမှာ အကြီးဆုံးဖြစ်သည်။

ပေါက်တောမြို့

ပေါက်တောမြို့သည် လေးမြို့မြစ်ဝပိုင်းတနီရာဖြစ်သော ကျွဲကူးမြစ်ကမ်းပါးတွင် တည်ဟိသည်။ စစ်တွေမြို့၏အရှိဘက် (၁၂) မိုင်အကွာတွင် ကျရောက်သည်။
အိမ်ခြီ (၁၅၈) ဆောင်ဟိပြီး လူဦးရေ (၆၃၂) ဦးဟိသည်။ 
အများစုမှာ ရခိုင်လူမျိုးများဖြစ်သည်။
ယင်း၌ မြို့နယ်တရားယုန်း၊ အုပ်ချုပ်ရေးယုန်း၊ ရဲစခန်း (စစ်ပုလိပ်ယုန်း)၊ စာတိုက်၊ ဈီး၊ ဘိုတည်း (ဘန်ကလို) နှင့် အစိုးရစာသင်ကျောင်းတကျောင်းဟိသည်။ 
အာရကန်ဖလိုတီလာ (Flotilla) ကုမ္ပဏီမှ မင်းပြားလိုင်းသို့ ထွက်သည့်သင်္ဘောသည် ပေါက်တောမြို့တွင် ခေတ္တဆိုက်ကပ်သည်။
ကြီးမားသောရွက်သဗ္ဗာန်ကြီးတစီးမှာလည်း ခရီးသည်များကို တင်ဆောင်လျှက် ပေါက်တောနှင့်စစ်တွေကြားတွင် နိစဉ်ပြီးဆွဲလျှက်ဟိသည်။ 
ရာသီဥတု သာယာကောင်းမွန်လျှင်ကား စက်တပ်ဘုတ်တစီးက ပြီးဆွဲလျှက်ဟိသည်။

ဖဒူအလယ်

ဖဒူရွာသည် အလယ်ဖရုံကာတောင်တန်း၏တောင်ခြီရင်းတွင် တည်ဟိသည်။
ယင်းသည် ပင်လယ်၏ မြစ်စွယ်တခုဖြစ်သော ဖဒူမြစ်ကမ်းပေါ်တွင်တည်မှီနီသည်။
ယင်းသည် အရှိနှင့် အလယ်ဖရုံကာကျွန်း အကြားတွင်ကျရောက်ပြီး ပေါက်တောမြို့မှ တောင်ဘက်မိုင် (၂၀) ခန့်ဝီးသည်။ 
အိမ်ခြီ (၂၆၅) ဆောင်နှင့် လူဦးရေမှာ (၁၁၈၇) ဦးဟိသည်။ 
ပထမဦးဆုံး အခြီချနီထိုင်သူများသည် ကျောက်ဖြူခရိုင်မှဖြစ်ကြောင်းသိရသည်။ ရွာနံဘေးတလျှောက် တည်ဟိသောတောင်ကို ဖဒူတောင်ဟုခေါ်သည်။ 
ယင်းတောင်ထိပ်တွင် မြတ်ဗုဒ္ဓ၏ သရီရဓါတ်မွီတော်တဆူဖြစ်သော ၀မ်းလတ်ဓါတ် (ျကညူအေအီအေ) တော် ကိန်းအောင်းသည်။ 
ကျွန်းရွာနီထိုင်သူများအနက် တံငါသည်မှာ (၁၁၀) ဦး၊ လှေစီးခရီးသည် (၁၂၀) ဦး၊ ထင်းခုတ်သမား (၈၀) ဦးဟိပြီး ကျန်လူများမှာ စိုက်ပျိုးရေးကို လုပ်ကိုင်သည်။ 
ကျွန်းရွာမှာ ကောင်းကောင်းဖွံ့ဖြိုးတိုးတက်မှုမဟိလှပေ။

ပုဏ္ဏားကြီး

ဆင်ပိုက်ချောင်း၏အရှိဘက်သို့ ထိုးထွက်လျှက်ဟိသော ချောင်းလက်တက်တခုဖြစ်သည့် ပုဏ္ဏားကြီးချောင်းပေါ်တွင် ပုဏ္ဏားကြီးရွာက တည်ဟိသည်။ 
ယင်းသည် ဆင်ပိုက်ချောင်းနှင့် (၃) မိုင် ၀ီးကွာပြီး ကုန်းတွင်းပိုင်းတွင် တည်ဟိသည်။
ပေါက်တောမြို့မှ အရှိတောင်အရပ်သို့ကျရောက်ပြီး (၈) မိုင် ၀ီးသည်။
ပထမဆုံး လာရောက်အခြီချနီထိုင်သူများမှာ ဆားချက်ရန်လာသော ပုဏ္ဏားညီအစ်ကိုနှစ်ယောက်ဖြစ်သည်။ သူရို့နီထိုင် လုပ်ကိုင်ခသောနီရာများကို ယခုတိုင် တွိမြင်နိုင်သည်။
အစ်ကိုအကြီး နီထိုင်ခသည့်ချောင်းကို ပုဏ္ဏားကြီးချောင်းဟုတွင်ပြီး ညီငယ်နီထိုင်ခသောချောင်းကို ပုဏ္ဏားချေချောင်းဟုခေါ်သည်။ (၁၈၁၂) ခုနှစ်တွင် ရမ်းဗြဲမှ အခြီချနီထိုင်သူများလာရောက်ပြီး ၎င်းင်းချောင်းကမ်းနားပေါ်တွင် နီထိုင်သည်။ 
ယခုအခါ ပုဏ္ဏားကြီးကျွန်းရွာတွင် အိမ်ခြီ (၂၂၅) ဆောင်၊ လူဦးရေ (၁၁၈၁) ဦးဟိပြီး စိုက်ပျိုးရေးကို လုပ်ကိုင်စားသောက်သည်။


အခန်း (၄)

တောင်ရင်းကျွန်းသမိုင်းဝင်အရပ်များကို လှည့်ကြည့်ခြင်း

ပေါက်တောမြို့သည် တောင်ရင်းကျွန်း၏အရှိပိုင်းတွင်ကျရောက်ပြီး ကျွဲကူးမြစ်၏လက်ဝဲဘက် ကမ်းနဖူးပေါ်တွင် တည်ဟိသည်။ 
ဤမြို့သည် ရခိုင်ပြည်နယ်ရီလမ်းခရီးလားလာမှု၌ ခရီးတထောက်ရပ်တန့်ခိုနားရာနီရာဖြစ်သဖြင့် မော်တော်၊ ရီယာဉ်ငယ်များဖြင့် အထူးစည်ကားသည်။
ပေါက်တောမြို့ထဲမှနီ၍ အနောက်မြောက်အရပ်သို့ မိနိ (၂၀) ခန့်အကြာ ခရီးဆက်ပါက ပေါက်တောမြို့၏ဘာသာရေးကိုးကွယ်မှုဆိုင်ရာ အထွဋ်အထိပ်ဖြစ်သော မြတ်ဗုဒ္ဓဂေါတမ သျှင်တော်၏သရီရဓါတ်မွီတော်တဆူ ကိန်းအောင်းရာ လိုင်ရိုးတော်ဓါတ်စေတီသို့ ရောက်သည်။ နံနက်မိုးထသား ထွက်သစ်စနီရောင်အောက် ရွှေရောင်တ၀င်းဝင်းတောက်နီသော ဓါတ်တော်ကို ကြည်ညိုဖူးမြော်ရသည်မှာ ကကောင်းကြည်နူးဖို့ကောင်းပါသည်။ 
ဓါတ်တော်တည်ဟိရာကုန်းတော်သည် မတ်စောက်ပြီး အမြင့်မှာ (၁၆၄) ပေဟိသည်။ ဓါတ်တော်တည်ဟိရာသို့ တောင်၏အရှိဘက် တောင်တက်လမ်းအုတ်လှကားအတိုင်း စောင်းတန်း အမိုးအောက်တွင် အရိပ်အာဝါသကို ခံစားယင်း တက်ရောက်နိုင်သည်။ 
ဓါတ်တော်တည်ဟိရာ ကုန်းသည် မတ်စောက်လှသည်။ ဤဓါတ်တော်ရင်ပြင်မှနီ၍ အရှိဘက်ခပ်လှမ်းလှမ်းသို့ ငုံ့ကြည့်လိုက်ပါက တောင်မြောက်သွယ်တန်းနီသော တောင်တန်းငယ်တခုကို မြင်တွိရသည်။
အဆိုပါ တောင်တန်းသည် ပေါက်တောမြို့တောင်ဘက်အရပ် ဘောလုံးကွင်းအနီးမှ မြောက်ဘက်သရွဲ (သူရွဲ) ရွာနားအထိသို့တိုင် ရှည်လျှားသည်။ 
အရှည်မှာ တမိုင်ကျော်ခန့်ဟိမည်။
ယင်းကိုသရွဲတောင်တန်းဟုခေါ်သည်။ 
ဤတောင်တန်းကုန်းမြင့် တလျှောက်၌ ကျောက်တုံးများဖြင့် တည်ဆောက်ထားသည့် ရှိဟောင်းစေတီရာများကိုတွိမြင်ရသည်။
အချို့လည်း မို့မို့မောက်မောက်၊ အချို့လည်း ဖရိုဖရဲ ပြန့်ကြဲလျှက်၊ အချို့လည်း မြီပြင်ပကတိဖြစ်နီသည်။

တောင်တန်း၏တလျှောက်လုံး၌ စေတီပေါင်း (၉) ဆူတိတိကို တွိရသည်။
ယခုအခါ တောင်တန်း၏ တောင်ဘက်စွန်းဟိစေတီကို ပြန်လည်ပြုပျင်ထားသဖြင့် ဓမ္မာရုံများဖြင့် စည်ကားနီသည်။ 
မြို့ဦးစေတီဟု တွင်ခေါ်နီပြီး (၁၉၆၆) ခုနှစ်က ဆရာမ ဒေါ်အုံး စပြုပျင်ခသည်။ ဤတောင်တန်း၏မြောက်ဘက်အဆုံး ရှိတည့်တည့်မှာ သရွဲရွာဟိသည်။ ရီကန်ဟောင်းနှင့် စေတီပျက်အကြွင်းအကျန်ရို့ကို မြင်ရသည်။
သရွဲရွာသည် မြောက်ဦးခေတ်က စစ်သူရဲကောင်းများနီထိုင်ရာအရပ်ဖြစ်ကြောင်း ဆိုသည်။ ဤရွာ၏အရှိမြောက်ဘက် (၃) မိုင်ခန့်အကွာတွင်ကား ရွာချောင်းကြီးရွာဟိသည်။ 
ဗြိတိသျှခေတ်ဦးက ပေါ်ပေါက်ခသော နောက်ခေတ် စာဆိုသျှင်ဆရာ ဦးအောင်ထွန်းနှင့် ဆရာထွန်းအောင်ကျော်ရို့သည် ရွာချောင်းကြီး ဇာတိများဖြစ်သည်။
လိုင်ရိုးတော်ဓါတ်ရင်ပြင်မှနီ၍တခါ အနောက်ဘက်သို့လှမ်းကြည့်ပါက ကျောက်ဆိပ်ရွာကို တွိမြင်ရသည်။
ကျောက်ဆိပ်ရွာသည် မြောက်ဦးခေတ် မင်းဖလောင်းလက်ထက် တောင်ရင်းကျွန်းဒေသဟိ ဘုရား၊ ပုထိုး၊ စေတီများကို တည်ဆောက်ရန် ရမ္မာဝတီလေးတောင်၊ မြောက်ဦးအရပ်ဒေသများမှ ကျောက်ဆစ်အတတ်ပညာသည် များကိုခေါ်ယူ၍ ဤရွာအနီး၌ စုဝေးနီထိုင်စီပြီး စေတီပုထိုးများကို ပြုလုပ်စီသည်။
နောက်တွင် ကျောက်ဆစ်သည်များ နီထိုင်ရာအရပ်ဖြစ်၍ ကျောက်ဆစ်မှ ကျောက်ဆိပ်ဖြစ်လာကြောင်း သိရသည်။ 
ကျောက်ဆိပ်ရွာ၏ မြောက်ဘက်တောင်ကုန်းမြင့်တခု၌ကား ရှိဟောင်းလက်ရာစေတီနှစ်ဆူကို တွိရသည်။ ဤတောင်ကို စက္ကဒေ၀တောင်ဟူ၍ခေါ်သည်။
စေတီမှာ နှစ်ကာလကြာမြင့်လာသည်နှင့်အမျှ ပြိုပျက်ခလီရာ လွန်ခသောကောဇာ (၁၃၅၈) ခုနှစ် ပြာသိုလ္ဆန်း (၈) ရက်နိက စေတီအားပြန်ပြုပျင်ရန် ဖြိုဖျက်ရာတွင် အင်္ဂလိပ်ခေတ်အထောက်အထား ဌာပနာ ခဲဆင်းထုငယ်များနှင့်အတူ ဥာဏ်တော် (၆) ပေတိတိမြင့်သော မြောက်ဦးခေတ်ကျောက်ဆင်းထုတော်တဆူနှင့် ဘုရားဓါတ်တော်ရို့ကို စေတီထဲမှ ရဟိသည်။

ယခုအခါ ဤစေတီကို ပြန်လည်ပြုပျင်တည်ဆောက်ထားပြီး စေတီအတွင်းမှ ကျောက်ဆင်းထုတော်ကို စေတီ၏အရှိဘက်သိမ်ထဲ၌ ကိုးကွယ်ရန်ထားဟိသည်။ 
ဤစေတီအပြင် ကျောက်ဆိပ်ရွာအနီးဝန်းကျင်တခို၌ ရှိဟောင်းသမိုင်းဝင် ဘုရားဆင်းထု၊ စေတီဟောင်းနီရာများနှင့် ရီတွင်းရီကန်အချို့လည်းဟိသည်။ 
ယင်းရို့ကို လေ့လာဖော်ထုတ်နိုင်မည်ဆိုက ယင်းပတ်ဝန်းကျင်၏သမိုင်းသည် ယခုထက်ပိုပြီး ပြည့်စုံလာနိုင်မည်ဖြစ်သည်။
ကျောက်ဆိပ်ရွာမှထွက်လတ်၍ အရှိဘက်သို့လာလျှင် ပေါက်တောလက်ပံပြားမြီသားကားလမ်းကိုရောက်သည်။ 
ဤကားလမ်းအတိုင်း မြောက်ဘက်သို့ (၁၅) မိနိခန့်လမ်းလျှောက်ပါက နတ်တောင်ပြင်ရွာကိုရောက်သည်။
နတ်တောင်ပြင်ရွာ၏အနောက်ဘက်တွင် တန်းတင်တောင်တန်းဟိသည်။ ဤတောင်တန်း၏အရှိဘက် မျက်နှာပြင်ပေါ်တွင် ကျောက်ထွင်းဂူများကို တွိမြင်ရသည်။

ကြိမ်ခွေမော်ရွာအနီး ဓါတ်တော်များတည်ဟိရာ ရှုခင်းကြီး

ကျောက်ထွင်းဂူသည် မြီပြင်မှပေ (၅၀) ခန့်မြင့်မားသည်။
အောက်မှ လှကားထစ်အတိုင်းတက်ရောက်ရသည်။
ဂူမှာ တဆက်တည်းမဟုတ်ပဲ အပိုင်းလိုက် တည်ဟိသည်။ စုစုပေါင်း အပိုင်းသုံးပိုင်းဟိသည်။
တောင်ဘက်မှအပိုင်းသည် ဂူပေါက် (၂) ခုဟိသည်။
ဂူဝင်ဝမုဒ်မျက်နှာပြင်၌ ကျောက်ထွင်းပန်းကွက်များ ထုဆစ်ထားသည်။
အလယ်ဂူမှာ အ၀င်ဝ လေးပေါက်ပါဟိသည်။ 
နှစ်ပေါက်တခန်းစီဟိသည်။
ဂူမုဒ်ဝထိပ်စီးများ၌ ပန်းကွက်များ ထုဆစ်ထားသည်။ မြောက်ဘက်အစွန်းကဂူမှာ မုဒ်ဝသုံးခုဟိသည်။ 
ဂူအတွင်းခန်းများသည် ယခင်ကအခန်းများထက် ကျယ်သည်။
ဂူအတွင်း မျက်နှာကြက်၌ ပန်းကွက်များဟိသည်။

ဤဂူများအနက် တောင်ဘက်ကဂူကို မင်းဗာကြီးဘုရင်က ထုလုပ်ခကြောင်းသိရသည်။ 
မြောက်ဘက်က ဂူပေါက်များကိုကား နောက်ပိုင်းမှသာလျှင် ပြုလုပ်ခကြောင်းသိရသည်။ 
နတ်တောင်ပြင်ဂူမှတဆင့် ပေါက်တော လက်ပံပြားလမ်းမအတိုင်း အနောက်မြောက်ဘက်သို့ဦးတည်လျှက် တနာရီကျော်ကြာလားပါက မော်တုတ်ကြီးရွာ အနားသို့ ရောက်သည်။
မော်တုတ်ကြီးရွာကို မရောက်မှီ တောင်ကျိုင်၌ မင်းဖောက်လမ်းဟူ၍ဟိသည်။
မော်တုတ်ကြီးရွာမှ (၁၅) မိနိခန့်အကြာ ခရီးလားပါက မြီသားလမ်း၏လက်ဝဲဘက် တန်းတင်တောင်တန်း၏ အနောက်ဘက်တောင်ကျိုင်ကြားတွင် ဒါးကိုင်ရွာကို တွိရသည်။

ဒါးကိုင်ရွာမှာ မြောက်ဦးခေတ်က မြို့ပြအုပ်ချုပ်ရေး၌ ရာဇ၀တ်သားရို့ကို ဖမ်းဆီးအရေးယူလျှက် ထိန်းသိမ်းထားရာ အရပ်ဖြစ်သည်။
ရွာ၏အရှိတောင်ဘက်တွင် ရှိဟောင်းသုံးထပ် ရီကန်ပျက်တခုကိုတွိရသည်။ 
ယခုအခါ နှစ်ထပ်ရာဟိတော့သည်။ ဤအကြောင်းကိုလည်း သုသေသနပြုသင့်သည်။ 
ဒါးကိုင်ရွာ၏အနောက်ဘက်၌မူ ရီကန်ဟောင်းနှစ်ကန်ဟိသည်။ ယင်း၏အနောက်ဘက်၌ကား တန်းတင်တောင်တန်းမှဆက်နွယ်လာသော တောင်ထွဋ်အမြင့်တခုဟိသည်။ တောင်၏အမြင့်မှာပေ (၃၀၀) ခန့်ဟိမည်။ 
တောင်ထိပ်၌ စေတီတဆူ တည်ဟိသည်။ ဤစေတီကို ဇီဝှဂ္ဂခါတုစေတီ (လျှာဖျားစေတီ) ဟုဆိုသည်။
ယခုမြင်တွိရသော စေတီ၏ပုံမှာ နောက်ပိုင်းပြုပျင်ထားသည့်လက်ရာဖြစ်သည်။

အခြားသမိုင်းရုပ်ကြွင်းအဖြစ် ရွာ၏အနောက်တောင်ထောင့်တွင် ဒုံးကန်ဟူသောကန်တကန်ဟိသည်။ ကန်မှာ ၀ါးတရာခန့်ကျယ်သည်။
ဤတောင်ခြီရင်းတွင် ခ၀ါသည်ချောင်းဟိပြီး သထူးတောင်၌ ကျောက်ဖြင့် တည်ဆောက်ထားသော စေတီပျက် (၄) ဆူကို တွိရသည်။
ဤစေတီအနီး၌ ဘုန်းတော်ကြီး ကျောင်းတော်ရာ ဟောင်းဟိသည်။
မင်းဗာကြီးလက်ထက်က ပိဋကတ်တော်ဆောင်ဦး ဇာဂရဗုဒ္ဓိဆရာတော် သီတင်းသုံးနီထိုင်ရာ အရပ်ဖြစ်ကြောင်း ဆိုသည်။ 
ဒါးကိုင်ရွာ၏အနောက်ဘက်ဇီဝှဂ္ဂဓါတ်တော်မှ တောင်ခြီရင်းကို ကပ်၍ မြောက်ဘက်သို့ (၂၅) မိနိခန့်လားပါက အဖြူရွာအမည်ဟိသော ကုလားရွာဟောင်းနီရာသို့ ရောက်သည်။ 
ယင်းမှတဆင့် အနောက်စူးစူးကိုဦးတည်လျှက် ခရီးအတန်ငယ်လားလာပါက “မြို့တောင်” ဟုခေါ်သောအရပ်ကို ရောက်သည်။
မြို့တောင်အရပ်သည် ဝေသာလီခေတ်က တောင်ရင်းကျွန်း၏မြို့တည်ခရာ အရပ်ဖြစ်ကြောင်း ဆိုသည်။

တောင်တန်းသည် (ပ) စောက်သဏ္ဍန်ပတ်လည်ဝိုင်းပြီး မြောက်ဘက်ကိုလှည့်၍ တည်ဟိသည်။ ဤမြို့ကို ရှိက “၀ါးတောင်တောမြို့” ဟူ၍ ခေါ်ကြောင်းသိရသည်။ အနောက်ဘက်တောင်စွယ်၏တောင်ခြီရင်းကုန်းမြင့်တွင် ၀ါး (၂၀၀) ခန့်ကျယ်ပြန့်သော ကွင်းတကွင်း ဖြစ်နီသည်။ 
ဤနီရာကို နန်းရာကုန်းဟူ၍ ပြောဆိုနီကတ်သည်။ 
ဤနန်းရာကုန်း၏မြောက်ဘက် မနီးမ၀ီးတွင် မေကံယုံသင်္ချိုင်း၏အနောက်ဘက်တွင် ဝေသာလီခေတ်က ကိုးကွယ်ခသော စတူပါစေတီ အပိုင်းအစအနများကို တွိရသည်။
ယခင်က ဤအရပ်၌ စတူပါ (၄) ဆူဟိခကြောင်း သိရသည်။
သိုက်ဆရာများ မေကံယုံသင်္ချိုင်းတွင် သိုက်တူးသဖြင့် စတူပါများမှာ မပျက်စီးသင့်ပဲ ပျက်စီးလားခရသည်။ မသိနားမလည်သူရို့၏လုပ်ရပ်ကား ၀မ်းနည်းဖို့ကောင်းလီစွ။
ဤအရပ်သည် သိမ်ရာတခုဖြစ်နီပြီး စတူပါ ကျောက်စေတီငယ်များကိုတွိရသော သာသနိကနယ်မြီ ဖြစ်သည်။
ဤအရပ်မှ စတူပါများသည် သမိုင်းအတွက် သက်သီခံအထောက်အထားများဖြစ်သည်။ 
ဤမှနီ၍တခါ အနောက်ဘက် တောင်ကုန်းငယ်ကို (၁၅) မိနိခန့်အကြာ ဖြတ်ကျော်လိုက်သည့်အခါ ပြည်ရွာဟောင်းသို့ ရောက်သည်။ 
ပြည်ရွာဟောင်း၏တောင်ခြီရင်းတွင် ရှိကပင်လယ်ကမ်းစပ်ဖြစ်ခဟန်တူသော ပင်လယ်ဆိပ်ကမ်း ကျောက်တုံးကြီးများကို ထိုနိရာဒေနီရာ ပြန့်ကြဲစွာတွိမြင်ရသည်။

ဤပြည်ရွာဟောင်းမှ အနောက်ဘက်ခပ်လှမ်းလှမ်းသည်ကား ကစ္ဆပနဒီမြစ်ပင်တည်း။
ရှိကပြည်ရွာမှာ မြစ်ကမ်းဆိပ်တွင် ဟိခဟန်တူသည်။
မြီများပို့လားသဖြင့် ပြည်ရွာဟောင်းနှင့်မြစ်ကမ်းသည် တမိုင်ကျော်ခန့် ၀ီးကွာလျှက်ဟိ။ 
ကွင်းပြင်၌စိမ်းညိုသော စပါးခင်းများကို တွိမြင်ရသည်။
ပြည်ရွာဟောင်းသည် မြောက်ဦးခေတ်က ထွန်းကားခသော မြို့ပြပြည်ရွာတခုဖြစ်ကြောင်းသိရသည်။ ဤရွာ၏နယ်နမိတ် ကျယ်ပြန့်မှုကို ဤရွာဟောင်းတွင် တွိရသော ရီကန်ဟောင်းများက ဖော်ပြလျှက်ဟိသည်။
ဤအရပ်၌ ရီကန်ဟောင်း (၁၂) ကန်ကိုတွိရခြင်းက ပြည်ရွာ၏လူဦးရေနှင့် အိမ်ခြီကိုမှန်းဆနိုင်ပါသည်။ ပြည်ရွာဟောင်းနီရာ၏ အရှိဘက်တောင်ကုန်းတွင်ကား (မျက်လုံးတော်ဓါတ်) ဟုခေါ်သော စေတီတဆူကို တွိရသည်။ စက္ခုဓါတ်ဟု ခေါ်နီကတ်သည်။

ဤပြည်ရွာဟောင်းမှ မြောက်ဘက်သို့ လှမ်းမျော်ကြည့်လိုက်လျှင် ကစ္ဆပနဒီမြစ်၏အရှိဘက် ကမ်းနဖူးအနီးတွင် တည်ဟိသော မနော်သီရိရွာကို လှမ်းမြင်ရသည်။ 
အနောက်မြောက်ခယွန်းယွန်းသို့ လှမ်းမျော်ကြည့်ပါက သပ္ပါယ်ကြည်ညိုစရာကောင်းသော ဦးရာဇ်တောင်စေတီကို အ၀ီးကပင် ဖူးမြင်နိုင်သည်။
ဤအရပ်မှနီ၍ တောင်ဘက်သို့ (၁၅) မိနိခန့်အကြာ စုန်ဆင်းလာပါက တပ်မော်ရွာကိုရောက်သည်။ 
တပ်မော်ရွာမှာ မြောက်ဦးခေတ်က တိုင်းပြည်လုံခြုံရေးအတွက် မင်းဗာကြီး၏အစီအစဉ်အရ စစ်ရေးအချက်ပြစခန်းတခုဖြစ်သည်။ 
ယခု တပ်မော်ရွာနီရာမှာ ရွာသစ်ဖြစ်သည်။ 
ယခင်တပ်မော်ရွာဟောင်းသည် ကုလားတန်မြစ်ကမ်းနံဘေးတွင် တည်ဟိသည်။ 
တပ်မော်ရွာမှတခါ တောင်ဘက်သို့ လယ်ကွင်းပြင်ကိုဖြတ်၍ (၂၅) မိနိ ခန့်လမ်းလျှောက်လိုက်လျှင် ကြိမ်ခွေမော်ရွာကိုရောက်သည်။
ရှိက ကြိမ်ခုံကြိမ်ပျစ်တောများဖြင့် ထူထပ်သည်။ ရွာ၏အရှိဘက်တွင် ပေ (၃၀၀) ခန့်မြင့်မားသော တောင်တန်းတခုဟိသည်။ 
ထိုတောင်၌စေတီ (၅) ဆူဟိသည်။
မြောက်ဦးခေတ်လက်ရာ ဖြစ်ကြောင်းသိရသည်။
တောင်ဘက်ကစေတီကို (လက်မတော်ဓါတ်) ဟုခေါ်သည်။ 
ဓါတ်တော်၏စာရင်းနှင့် စီစစ်သင့်သည်။
ဤကြိမ်ခွေမော်ရွာ၏အရှိဘက်တွင်ကား အလျှားပေ (၂၀၀) ကျော်၊ အမြင့်ပေ (၄၀) ခန့်မြင့်သော ကျောက်တောင်တခုဟိသည်။
ဤတောင်၌ ဂူများကိုထွင်းလုပ်ထားသည်။
ကြိမ်ခွေမော်ဂူဖြစ်သည်။ 
ဂူများ၏မျက်နှာပြင်၌ နတ်တောင်ပြင်ဂူများမှာကဲ့သို့ ပန်းကွက်များကို မတွိရပေ။ ဂူအတွင်းထဲ၌ မျက်နှာကြက်ထုတ်တန်းပုံများ၊ ပန်းကွက်ပုံများကိုရာ တွိရသည်။

ဤအရပ်မှ အရှိဘက်သို့ (၁၀) မိနိခန့် လမ်းလျှောက်လားလျှင်ကား ကြိမ်ခွေမော်တောကျောင်းသို့ ရောက်သည်။ 
တောကျောင်းထဲ၌ စတူပါသုံးဆူကို တွိရပြီး ယင်းကို အရှိဘက်ကျားကြုတ်တောင်မှ ရွှိပြောင်းယူလခခြင်းဖြစ်သည်။ 
သည့်နောက် တောကျောင်းသိမ်ထဲ၌ ဥာဏ်တော် (၅) ပေ (၂) လက်မအမြင့်သော ကျောက်ဆင်းထုတော် တဆူဟိသည်။ ဤဆင်းထုမှာ ကြိမ်ခွေမော်ရွာ၏အရှိမြောက်ထောင့် ဘုန်းကြီးတောင်မှရသည်။
စေတီအတွင်းဂူထဲမှ ဆင်းထုတော်ဖြစ်သည်။ 
ကျောက်စေတီပြိုပျက်ရာမှ ရွှိပြောင်းယူလာခခြင်းဖြစ်သည်။
မြောက်ဦးခေတ်လက်ရာ ဖြစ်သည်။ ဥာဏ်တော်အမြင့် ၁၂ လက်မဟိသော ကြီးဆင်းထုတော်ငယ်တဆူကိုလည်း ဤကျောင်း၌တွိရသည်။
ဆင်းထု၏စမ္မခဏ်ပေါ်၌ စာရွီးပါဟိသည်။ စာရေးထိုးပါ သက္ကရာဇ်မှာ မင်းဖလောင်းမင်းလက်ထက်ကဖြစ်သည်။
ထို့အပြင် တောကျောင်းခြံဝင်းထဲမှလည်း ကျောက်ဆင်းထုငယ်တဆူကိုရသည်။ ဥာဏ်တော (၂၉) လက်မမြင့်သည်။ မြောက်ဦးခေတ်လက်ရာ ကျောက်ဆင်းထုတော်ဖြစ်သည်။
ခြုံ၍လေ့လာပါက ဤတောကျောင်း၌ ရှိဟောင်းသမိုင်းဝင်အထောက် အထားများသည် ဝေသာလီခေတ်နှင့် မြောက်ဦးခေတ်ကို ညွှန်ပြနီသည်။
ယင်းအပြင် ကြိမ်ခွေမော်ရွာ၏အရှိဖက် တန်းတင်တောင်တန်း တောင်ကုန်းမြင့်များ၌ ရှိဟောင်းသမိုင်းဝင်စေတီ အများအပြားကို တွိရသည်။ 
တချို့မှာ ပြိုပျက်၍လည်းကောင်း၊ တချိုကမှာ ခြုံအောင်း၍လည်းကောင်း တွိမြင်ရသည်။ 
စေတီများကို သုတေသနပြုလုပ်လေ့လာ၍ သမိုင်းကိုဖော်ထုတ်ပီးနိုင်မည်ဆိုက အကျိုးများစွာ ဟိနိုင်ပေသည်။
ကြိမ်ခွေမော်ရွာမှတဆင့် တောင်ဘက်သို့ မိနိ (၃၀) ခန့် လယ်တောကိုဖြတ်၍ လမ်းလျှောက်လားပါက အ၀ကန်၊ ကုတို့ဆိပ်သို့ရောက်သည်။ ချောင်းကို ကုတိုးဖြင့်ကူးပြီးမှ ရွာကိုရောက်သည်။ 
ယင်းမှတခါ အရှိတောင်ဘက်သို့ မိနိ (၃၀) ခန့် ခရီးဆက်ပါက တောင်ညိုဂူသို့ ရောက်သည်။ 
တောင်ညိုဂူမှ အနောက်တောင်ထောင့်အရပ်သို့ လှမ်းမျော်ကြည့်ပါက အုန်းပင်ဆိုင်းဆိုင်းဖြင့် သ၀င်ချောင်းရွာကို လှမ်းမြင်ရသည်။ သ၀င်ချောင်းဘုန်းကြီးကျောင်း၌ လေးမြို့ခေတ် ဆင်းထုငယ်တဆူကိန်းဝပ်လျှက်ဟိသည်။ 
သ၀င်ချောင်းရွာမှ အနောက်တောင်ထောင့် (၂) မိုင်ကျော်အကွာတွင်ကား တောင်းဖူးရွာဟိသည်။
တောင်းဖူးရွာမှ တောင်းဖူး ဆင်းထုတော်ကြီးမှာ အတိုင်းအတာ ဥာဏ်တော်ကြီးမားသည့် ဆင်းထုတော်တဆူဖြစ်ပြီး ကျော်ကြားသည်။
တောင်ညိုဂူသည် အရှိအနောက်တန်းနီသော တောင်တန်း၏မြောက်ဘက်မျက်နှာပြင်၌ တည်ဟိသည်။ တောင်တန်း၏အမြင့်မှာ (၂၂၄) ပေဟိသည်။ 
တမိုင်ကျော်ရှည်လျှားသည်။
မြီပြင်မှပေ (၄၀) ခန့်မြင့်သော တောင်တလတ်မျက်နှာပြင်ပေါ်တွင် ကျောက်ထွင်းဂူများကို အစီအစဉ်အတိုင်း ထွင်းဖောက်ထားသည်။

အရှိအနောက်ကျောက်ထွင်းဂူသည် ပေ (၁၅၀) ခန့် ရှည်လျှားသည်။
ဂူပေါက်များမှာ ဂူပေါက် (၄၂) ပေါက်ဟိပြီး အခန်းပေါင်း (၂၂) ခန်း ပါဝင်သည်။
ဤဂူမှာ တောင်ရင်းကျွန်း၌ အကြီးမားဆုံးဂူဖြစ်ပြီး ဂူကို ဘုရင်မင်းဗာကြီးက ကောင်းမှုပြုခကြောင်းသိရသည်။
ဤတောင်ညိုဂူမှတဆင့် မိနိ (၄၀) လယ်တောကိုဖြတ်၍ မြောက်ဘက်သို့လားရောက်ပါက မင်းဗာရွာကိုရောက်သည်။ ဤရွာ၏အရှိဘက်သိမ်ထဲ၌ မြောက်ဦးခေတ်လက်ရာ ကျောက်ဆင်းထုတော်တဆူဟိသည်။ ဥာဏ်တော် (၆၅) လက်မမြင့်သည်။
ယခုတည်ဟိနီသော မင်းဗာရွာသည် ရှိကတည်ခသော ရွာမဟုတ်။ ရွာသစ်ဖြစ်သည်။ 
ဤအရပ်မှမြောက်ဘက်သို့ မိနိ (၂၀) အကြာ ခရီးဆက်ပါက တန်းတင်တောင်ခြီရင်းအနီးတွင် ရှိကတည်ဟိခသော မင်းဗာရွာဟောင်းကို ရောက်သည်။ ဤရွာကို မင်းဗာဘုရင်တည်ထောင်ခသဖြင့် မင်းဗာရွာဟု ခေါ်တွင်နီခြင်းဖြစ်သည်။ မင်းဗာရွာဟောင်း အနီးဝန်းကျင်အရပ်၌ကား မြောက်ဦးခေတ်ကတည်ထားခသော စေတီပျက်၊ ဆင်းထုပျက်၊ ရီကန်ဟောင်းများကို မြင်နိုင်သည်။
မင်းဗာရွာဟောင်းမှမြောက်ဘက်အရပ်သည်ကား တောင်ရင်းကျွန်းတခိုတွင် နာမည်ကြီးသော တန်းတင်သျှင်မနတ်ကွန်း တည်ဟိရာအရပ်ဖြစ်သည်။ 
ယခုနတ်ကွန်းမှာ ဗောဓိပင်အဖြစ်ဟိနီသည်။
တန်းတင်သျှင်မသည် ရခိုင်ရို့၏နတ်ကိုးကွယ်မှုထဲတွင် စစ်နတ်ဒေ၀ီတပါးဖြစ်ကြောင်းသိရသည်။
တန်းတင်နတ်သည် ကျားရီကိုဝတ်ပြီး နွားပေါင်သားကိုရာ စားသုံးကြောင်း နတ်သာခြင်းများကဆိုသည်။ 
ဤအရပ်မှနီ၍ အရှိတောင်ဘက်ခပ်ယွန်းယွန်းသို့ လှမ်းမျော်ကြည့်လိုက်ပါက နီဝင်ညဇာ ပုဇွန်ဆီရောင်အောက်တွင် “ကပေါတဂီရိတောင်” ကို ကောင်းစွာလှမ်းမြင်ရသည်။
ယင်း၏တောင်ထိပ်ပေါ်၌ကား မြတ်ဗုဒ္ဓ၏သရီရ ဓါတ်မွီတော်တဆူဖြစ်သော လိုင်ရိုးတော်ဓါတ်စေတီတည်ဟိသည်။

ကျမ်းကိုး
၁။ အောင်လှသိန်း ။ ။တောင်ရင်းကျွန်း (ရခိုင်ညွှန့်ဖူး) အမှတ် (၂)
၂။ မောင်ဗသိန်း ။ ။ပေါက်တောမြို့နယ်အကြောင်းသိကောင်းစရာ။
ပေါက်တောရွှေမြီ မဂ္ဂဇင်းအမှတ် (၁)
၃။ ဦးမင်းအောင် ။ ။နာဂဒီပရာဇ၀ံသသင်္ခေပကျမ်း
၎။ မင်းပြားမင်းသိန်းဇံ။ ။၂၀-၁၀-၂၀၀၀ နိနှင့် ၂၁-၁၀-၂၀၀၀ နိက တောင်ရင်းကျွန်းတပတ်လေ့လာမှုမှတ်တမ်း
ရခိုင်အလင်းရောင်ဆိုဒ်မှ ကူယူထားပါသည်။

No comments:

Post a Comment