Thursday 25 August 2011

မတရားဥပဒေ စိုးမိုရေး အန္တရာယ်ဘေးမှ ကင်းဝေးကြပါစေ

နိုင်ငံရေး စနစ်တွင် တပါတီ အာဏာရှင်စနစ်လား။ 
ပါတီစုံ စနစ်လား ဆိုသည်မှာ အခရာကျပေသည်။ 
တပါတီအာဏာရှင် စနစ်တွင် ထိုစနစ်ကို ကာကွယ်သော (၁၉၇၄) ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိခဲ့သည်။
ဤ (၇၄) ဥပဒေပုဒ်မ – (၂၀၁ ) တွင် “ပြည်သူ့လွတ်တော်သည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်များကို လိုအပ်သလို အခါအားလျှော်စွာ ထုတ်ပြန်နိုင်သည်” ဟု ပြဌာန်းထားသည်။
ပုဒ်မ (၇၃) (ခ) တွင်လည်း ”နိုင်ငံတော် ကောင်စီသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေမှ အပ အခြားဥပဒေများ၏ အနက်အဓိပ္ပါယ်ကို တညီ တညွတ်တည်း ဖြစ်စေရန် ဖွင့်ဆိုခြင်း” အတွက် အာဏာအပ်နှင်းထားပြီး ထိုအာဏာကို နိုင်ငံတော်၏ အမြင့်ဆုံး တရားရုံးသို့ ပေးအပ်ထားခြင်း မရှိပါ။

မဆလ ပြည်သူ့လွတ်တော်က ပြုလုပ်ပြဌာန်းလိုက်သည့် ဥပဒေများကို သော်လည်းကောင်း၊ အုပ်ချုပ်ရေး အာဏာပိုင်များက ထုတ်ပြန်သည့် ဥပဒေများကို သော်လည်းကောင်း တရားရေးအမြင်ဖြင့် ဆင်ခြင် သုံးသပ်နိုင်ခြင်း မရှိခဲ့ပါ။ ထို့ကြောင့် တပါတီ စနစ်ကို ကျင့်သုံးခဲ့သည့် မဆလခေတ် ကာလ တလျှောက်လုံး၌ ထုတ်ပြန်ခဲ့သည့် ဥပဒေအများစုသည် ပြည်သူလူထု အကျိုးစီးပွား ထက်စာလျှင် အာဏာပိုင် အုပ်ချုပ်သူများ၏ အကျိုးစီးပွားကို အကာအကွယ်ပေးသည့် ဥပဒေများ ဖြစ်နေကြောင်းကို တွေ့ရှိရမည် ဖြစ်သည်။

စစ်အာဏာရှင်များ ကြီးစိုးမှုအောက်တွင် တရားဥပဒေ စိုးမိုးရေး သဘောတရားများမှာ ပျောက်ကွယ် ခဲ့ရပြီးနောက်၊ ပြည်သူလူထုအား ဖိနှိပ်ချုပ်ချယ်သော အမိန့်၊ ညွန်ကြားချက်များကိုသာ အတင်းအကြပ် လိုက်နာခဲ့ရသည်။ 
ထို့ကြောင့် လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ အခွင့်အရေးများ ကွယ်ပျောက် ဆိတ်သုဉ်းခဲ့ရသည်။ 
ထိုနည်းတူ ပါတီစုံ စနစ်ကို ကျင့်သုံးသည်။ (၂၀၀၈ ဖွဲ့စည်းပုံဥပဒေ၊ ပုဒ်မ ၇) ဟု ဖော်ပြသော်လည်း တပါတီ စစ်အာဏာရှင်စနစ်၏ အမွေဆိုးကို တပြားသားမှ မလျော့ဘဲ၊ ကြံ့ဖွံ့ တပါတီ အာဏာရှင်စနစ်ကို ကျင့်သုံးကာ နအဖ စစ်အုပ်စု ထုတ်ခဲ့သမျှ ဥပဒေများကို စစ်အုပ်စု တအာဏာအောက်က ဥပဒေများဖြင့် အသက်ဆက်ရန် ဥာဏ်နီ ဥာဏ်နက်တွေ ထုတ်လာပါသည်။
မဆလထက် ကြံ့ဖွံ့က ကိုးဆယ်ဆသာ၍ သောင်းကျန်း နေသည်ကို ၎င်းတို့ ထုတ်ခဲ့သမျှ စစ်ဥပဒေစနစ်၏ အထွက်ပစ္စည်းများက သက်သေ ပြနေပါသည်။

ပါလီမန် ဒီမိုကရေစီခေတ် (တပါတီ အာဏာရှင်စနစ် မဟုတ်) က တည်ရှိနေသော မြန်မာနိုင်ငံ၏ (၁၉၄၇) ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ အခန်း (၈) ပုဒ်မ – (၁၃၇) တွင် ”တရားဥပဒေ တခုသည် အခြေခံ ဥပဒေရှိ ပြဌာန်းချက်များအရ ခိုင်လုံသည်၊ မခိုင်လုံသည် ဟူသော ပြဿနာ ပေါ်ပေါက်နေသည့် အမှုများကို တရားလွှတ်တော်ချုပ်၏ အယူခံ စီရင်ပိုင်ခွင့် အာဏာဖြင့် မစီရင် မဆုံးဖြတ်ရဟု မည်သည့် တရားဥပဒေမျိုးကိုမျှ မပြုရ။” ဟုပြဌာန်းထားချက်အရ ဥပဒေများ၊ အမိန့်များ၊ အုပ်ချုပ်ရေး အာဏာပိုင်တို့၏ ဆောင်ရွက်ချက်များ အစရှိသည်တို့အား ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ မရှိ အပေါ် သုံးသပ်ဆုံးဖြတ်ခွင့်ကို တရားလွှတ်တော်ချုပ်သို့ ပေးအပ်ထားကြောင်း အထင်အရှား တွေ့ရှိခဲ့ရပါသည်။
ပါတီစုံစနစ်သို့ သွားသည် ဆိုထားသော်လည်း စစ်အုပ်စု တအာဏာ တဖွဲ့၏ ဆွေမျိုးစု ကြံ့ဖွံ့ပါတီမှာ မဆလနှင့် ထည်လဲမ၀တ်သည့် မျောက်လောင်းကဲ့သို့ ကျင့်သုံးနေသည့် အကျင့်စရိုက်ဆိုးကို လုံးလုံးပြုပြင်ရန် လိုအပ်ပါသည်။ အထူးသဖြင့် စစ်အုပ်စု အာဏာရှင် ဥပဒေစနစ် လုံးဝ မဖြစ်သင့်ပါ။ 

ဒီမိုကရေစီသစ် ဥပဒေစနစ်သာ ဖြစ်သင့်ပါသည်။
အင်္ဂလိပ် ကိုလိုနီ ဥပဒေစနစ်နှင့် ခေါက်ရိုးကျိုးနေသော ဥပဒေပညာရှင်များ ကိုယ့်လိပ်ပြာ ကိုယ်သန့်သင့်ပါသည်။ 
လွတ်လပ်ရေးနှင့် ထိုက်တန်သော ဥပဒေစနစ်ကို တီထင်ဖန်တီးသင့်ပါသည်။ ဥပဒေစနစ်ခြင်း အတူတူ ကျင့်သုံးနေသော အိန္ဒိယ နိုင်ငံတွင် ၎င်းတို့၏ ဥပဒေစနစ်တွင်းရှိ ဥပဒေများကို တဖြည်းဖြည်းခြင်း ပြုပြင်ပြောင်းလဲ နေသည်များကို အတုယူသင့်ပါသည်။ 
အပေါ်ထပ် အဆောက်သည် အခြေခံစီးပွားရေးကို ရောင်ပြန်ဟပ်ကာ အထောက်အကူ လွန်စွာ အကျိုးပြုနိုင်သည်ကို ပညာရှင်ဆိုသူများ လေ့လာသင့်ပါသည်။

ဥပဒေအရ အုပ်ချုပ်ရမည့် အစိုးရများ အနေဖြင့် ဥပဒေကိုယ်၌က မကောင်းလျှင် ဘယ်နည်းနှင့်မျှ အစိုးရကောင်းတရပ် မပေါ်ပေါက်လာနိုင်ပါ။
ဥပဒေသည် ရှင်းလင်းရသည်။
တိကျရသည်။
ပြည်သူလူထု လွယ်ကူစွာ နားလည် သဘော ပေါက်စေရပါမည်။ မည်သူမဆို ဥပဒေတရပ်ရပ်၊ သို့တည်းမဟုတ် အဆိုပါ ဥပဒေတရပ်ရပ်တွင် ပါဝင်သော ဥပဒေပုဒ်မ တခုချင်းစီ၏ ဆိုလိုချက်ကို သိရှိနိုင်စေရန် ဥပဒေကို တတ်နိုင်သမျှ လွယ်ကူ ရှင်းလင်းစွာ ရေးသား ထားရမည်ဖြစ်သည်။ ဥပဒေက မည်သည့်အရာကို လုပ်ခွင့်ပြုသည်၊ သို့မဟုတ် မည်သည့်အရာကို လုပ်ခွင့်မပြု ဆိုသည်ကို သိရှိခြင်းအားဖြင့် မည်သူမဆို ၎င်းတို့၏ လုပ်ကိုင် ဆောင်ရွက်ချက်များကို ဥပဒေနှင့်အညီ ဖြစ်စေရန် ထိန်းကျောင်း တည့်မတ်နိုင်မည် ဖြစ်သည်။

ပြဌာန်းထားသော ဥပဒေသည် ရှင်းလင်းတိကျမှု မရှိသဖြင့် ဥပဒေကို လိုက်နာကြရသော နိုင်ငံသားတို့သည် ဥပဒေနှင့်ညီသည်ဟု ထင်သော အကြောင်း ကိစ္စ တစုံတရာကို ပြုမူလုပ်ကိုင် ဆောင်ရွက်ခဲ့ခြင်းအား နောင်အနာဂတ်ကာလ၌ အဆိုပါ လုပ်ကိုင် ဆောင်ရွက်ခဲ့ချက်ကိုပင် ဥပဒေနှင့် မညီဟု အဓိပ္ပါယ်ကောက်ယူ၍ အပြစ်ပေးခြင်း ခံရမည်ဆိုပါက ၎င်းမှာ ဥပဒေကို နောက်ကြောင်းပြန် အကျိုးသက်ရောက် စေခြင်းပင် ဖြစ်ပြီး၊ တရားဥပဒေ စိုးမိုးရေးက ထိုကဲ့သို့သော ဥပဒေကို  နောက်ကြောင်း ပြန်၍ အကျိုးသက်ရောက် စေခြင်းအား ခွင့်မပြုပေ။
ဥပဒေ ကျွမ်းကျင်သူတို့သည် ဥပဒေကို မလိမ့်တစ်ပါတ်လုပ်ပြီး အဓိပ္ပါယ်နှစ်ခွ ထွက်စေခြင်းဖြင့် ပညာ အခြေခံနည်းပါးသူ၊ ဥပဒေနှင့် အကျွမ်းတ၀င် မရှိသူများအပေါ် ခြယ်လှယ်မှုများ ရှိခဲ့ကြသည်။ 
ထို့ကြောင့် တရားဥပဒေ စိုးမိုးမှုကို ဖြစ်ထွန်းစေရန်အတွက် ရှင်းလင်း တိကျ ပြတ်သားသော ဥပဒေများကို ရေးဆွဲပြဌာန်းရန် လိုပေသည်။

ဥပဒေတရပ်ရေးဆွဲရာ၌ အကြောင်းအချက် အင်္ဂါရပ် အတိအကျ ပါရှိရမည်။
ဥပမာအားဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေ (ရာဇ၀တ် ဥပဒေ) တွင် တိကျစွာ ရေးသားဖော်ပြပြီး ထိုပြစ်မှု အင်္ဂါရပ်တို့အား ကျူးလွန် ဖောက်ဖျက်လျှင် မည်သို့ပြစ်ဒဏ် စီရင်နိုင်သည်ကို အတိအကျ ရှင်းလင်းစွာ ရေးသားထား ပါသည်။
ဥပဒေတရပ်၏ ဆောင်ရန် ရှောင်ရန် ကိစ္စအတွက် တိကျရှင်းလင်းစွာ ဖော်ပြရမည် ဖြစ်သည်။ အဓိပ္ပါယ် နှစ်ခွ ရှိခြင်းသည် ဥပဒေ မဟုတ်ချေ။ 
ဥပဒေဆိုသည်မှာ အဆိုပါ ဥပဒေပြဌာန်းချက်အရ လုပ်ရမည်ကို လည်းကောင်း (သို့မဟုတ်) မလုပ်ရမည်ကိုလည်းကောင်း တိကျစွာ ဖော်ပြထားရ မည်ဖြစ်သည်။
ခြွင်းချက် နှင့် အကြောင်းပြပြီး ဥပဒေအား မရှင်းမလင်းအောင် (သို့မဟုတ်) ရှုပ်ထွေးအောင် လုပ်၍ မရပေ။

ဥပမာ ရပ်ရွာ အေးချမ်း သာယာရေးအား ထိပါးနှောက်ယှက်သည် ဟူသော အကြောင်းပြချက် ဖြင့် နိုင်ငံရေး လှုပ်ရှားမှုများဖြင့် ဆက်နွယ်နေသော နိုင်ငံရေး သမားများအား ”၁၉၅၀ ပြည့်နှစ် အရေးပေါ် စီမံမှု အက်ဥပဒေ” ပုဒ်မ ၅ (ည) ဖြင့် ဖမ်းဆီး အရေးယူခြင်း ခံရနေကြ ရသည်။
သို့သော် ၎င်းဥပဒေ၌ ဥပဒေနှင့်မညီသည့် မည်သည့်အမှုကို ပြုလုပ်လျှင် ပြစ်မှုမြောက်သည်ကို တိတိကျကျ ဖော်ပြထားခြင်း မရှိဘဲ၊ အရေးယူနိုင်သဖြင့်” အမြင်ကပ် ဥပဒေ၊ အမြင်ကပ် ပုဒ်ထီး ပုဒ်မ” ဟု အမည်တွင်လျက် ရှိပေသည်။ များသောအားဖြင့် လူအများနှင့် ရင်းနှီးဆက်ဆံရသော အတိုက်အခံ နိုင်ငံရေးသမားများ အပေါ်တွင် အာဏာရအစိုးရများက အပြစ်ရှာ၍ အရေးယူနိုင်ရန် ဖန်တီးသည့် ဥပဒေဟုလည်း သတ်မှတ်နိုင်ပေသည်။ အဆိုပါ ဥပဒေအရ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး၊ လုံခြုံရေး၊ အေးချမ်းသာယာရေး စသည့်တို့ကို ဖောက်ဖျက်မှုများနှင့် ပြစ်ဒဏ်များကို သတ်မှတ်ထားပြီး မည်သူမဆို ပုဒ်မ ၅ (ည) တွင် ”ပြည်ထောင်စု၏ လုံခြုံရေးကိုသော်လည်းကောင်း၊ ငြိမ်ဝပ်ပိပြားမှု ပြန်လည် ထူထောင်ရေးကို သော်လည်းကောင်း ထိခိုက်စေရန် အကြောင်းရှိသော နည်းလမ်းဖြင့် အများပြည်သူ၏ သို့တည်းမဟုတ် ပြည်သူတစ်စု၏ ကိုယ်ကျင့်တရားကို ဖြစ်စေ၊ အပြုအမူကို ဖြစ်စေ၊ ဖောက်လွဲ ဖောက်ပြန် ဖြစ်စေရန် ကြံရွယ်၍ တစ်ခုခုလုပ်လျှင် (သို့တည်းမဟုတ်) ယင်းသို့ဖြစ်စေ အကြောင်းရှိသော အမှုကိုပြုလျှင် ထိုသူအား (၇) နှစ်ထိ ထောင်ဒဏ် သော်လည်းကောင်း၊ ငွေဒဏ် သော်လည်းကောင်း၊ ဒဏ် နှစ်ရပ်လုံးသော်လည်းကောင်း ထိုက်သင့်စေရမည်။” ဟု ပြဌာန်းထားပါသည်။

ဤပုဒ်မ ၅ (ည) ၏ ပြဌာန်းချက်တွင် ပါရှိသော ”ငြိမ်ဝပ်ပိပြားမှု ပြန်လည်ထူထောင်ရေး” ဆိုသည့် စကားရပ်၏ အဓိပ္ပါယ်မှာ မည်သည့်အရာကို ဆိုလိုခြင်း ဖြစ်သည်ကို ရှင်းလင်းတိကျစွာ နားလည်နိုင်ရန် ခက်ခဲသကဲ့သို့ ”ကိုယ်ကျင့်တရားကို ဖြစ်စေ၊ အပြုအမူကို ဖြစ်စေ၊ ဖောက်လွဲ ဖောက်ပြန် ဖြစ်စေရန် ကြံရွယ်၍” ဆိုသော စကားရပ်မှာလည်း လိုလျှင် လိုသလို၊ မလိုလျှင် မလိုသလို အဓိပ္ပါယ် အမျိုးမျိုး ကောက်၍ရသော စကားရပ် ဖြစ်ပြီး၊ အတိအကျ မည်သည့်အရာကို ဆိုလိုခြင်း ဖြစ်ကြောင်း ဖော်ညွန်းထားခြင်းမရှိပေ။
မည်ကဲ့သို့သော ကိုယ်ကျင့်တရားကို ဆိုလိုပါသနည်း၊ မည် ကဲ့သို့သော အပြုအမူကို ဆိုလိုပါသနည်း- ဆိုသည်ကို အဆိုပါ ဥပဒေ ပုဒ်မက ရှင်းလင်းစွာ ပြဌာန်းထားခြင်း မရှိပါ။
(၁၉၅၀) ပြည့်နှစ် အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မ ၅ (ည) ပါ ပြဌာန်းချက်နှင့် ထိုကဲ့သို့ပင် ပြည်ထောင်စု နိုင်ငံတော် အစိုးရကို ဆန့်ကျင်ကျူးလွန်သော ပြစ်မှုများ အတွက် ပြစ်မှုဆိုင်ရာ ဥပဒေ (ရာဇသတ်ကြီး ဥပဒေ) ပုဒ်မ – ၁၂၄ (က) တွင် ”အကြည်ညို ပျက်အောင် ပြုခြင်း” ပြဌာန်းချက် တို့ကို နှိုင်းယှဉ် လေ့လာ သုံးသပ်ကြည့်ပါက ဥပဒေ ပြဌာန်းချက်၏ တိကျမှု ရှိခြင်းနှင့် မရှိခြင်း၏ ကွာခြားချက်ကို ထင်ရှားစွာ တွေ့မြင် နိုင်မည်ဖြစ်ပါသည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၁၂၄ (က) တွင် – အစိုးရကို အကြည်ညို ပျက်အောင် ပြုခြင်းဆိုရာ၌ – မုန်းထားအောင်သော် လည်းကောင်း၊ မလေးစားအောင်သော် လည်းကောင်း၊ မေတ္တာပျက်အောင်သော် လည်းကောင်း ဖြစ်စေရန် လှုံ့ဆော်ခြင်း၊ သို့တည်းမဟုတ် လှုံ့ဆော်ရန် အားထုတ်ခြင်း မရှိဘဲ၊ …. ” အစိုးရ၏ ဆောင်ရွက်မှု အစီအစဉ်ကို ဥပဒေနှင့် ညီသောနည်းဖြင့် ပြောင်းလဲ ပြုပြင်စေရန် ရည်ရွယ်လျက်၊ ထိုသို့ ဆောင်ရွက်မှုကို သဘောမကျကြောင်း ထုတ်ဖော်ခြင်းသည် ဤပုဒ်မအရ ပြစ်မှုမမြောက်” ဟူ၍ လည်းကောင်း ….” အစိုးရ၏ စီမံ အုပ်ချုပ်ရေးဆိုင်ရာ ဆောင်ရွက်မှုကို သို့တည်းမဟုတ် အခြား ဆောင်ရွက်မှုကို သဘောမကျကြောင်း ထုတ်ဖော်ခြင်းသည် ဤပုဒ်မအရ  ပြစ်မှု မမြောက်”ဟူ၍လည်းကောင်း မည်ကဲ့သို့ ဆောင်ရွက်လျှင် ပြစ်မှုမြောက်ပြီး၊ မည်ကဲ့သို့ ဆောင်ရွက်လျှင် ပြစ်မှုမမြောက် ဆိုသည်ကို သိသာထင်ရှားစွာ ပြဌာန်းထားရှိပါသည်။

န၀တ နအဖ စစ်အစိုးရက နိုင်ငံရေးပါတီဝင် အချို့အား ၎င်းတို့၏ ပါတီအစည်းအဝေး သွား တက်ရောက်သည့် ကိစ္စတွင်လည်း ရပ်ရွာ အေးချမ်းသာယာရေးကို နှောက်ယှက် ထိပါးသည်ဟု ဆို၍ ဤပုဒ်မ ၅ (ည) တပ်ပြီး ဖမ်းဆီးထောင်ချခဲ့ကြသည်။ 
ယနေ့ ယခု ဗိုလ်သိန်းစိန် ကြံ့ဖွံ့လည်း ထိုနည်းအတိုင်းး လိုက်ရန် အကွက်ချနေသည်ကို နိုင်ငံရေးပါတီများ သတိ ရှိနေကြရပေမည်။ 
ဤပုဒ်မ ၅ (ည) သည် ပြစ်မှုအ င်္ဂါရပ်အားဖြင့် မရှင်းမလင်း ဖြစ်နေ၍ နေရာတကာ၌ အသုံးချ နိုင်ရန် အနေအထားမျိုး လုပ်ဆောင်နေသဖြင့် စစ်အစိုးရ အဆက်ဆက် အသုံးပြုခဲ့ကြပေသည်။

ထို့ကြောင့် ဥပဒေသည် ရှင်းလင်းတိကျပြီး လူအများ နားလည် သဘောပေါက် လွယ်ကူစေရမည် ဖြစ်ပါသည်။
သို့မှသာ ပြည်သူတို့က လိုက်နာ ကျင့်သုံးနိုင်မည် ဖြစ်သည်။
ဥပဒေသည် ရှင်းလင်း တိကျမှုမရှိဘဲ လိုသလို အဓိပ္ပါယ်ကောက်ယူ၍ ရနေပါက ဥပဒေအနှစ်သာရ ပျက်ယွင်း ချွတ်ချော်ကာ ဥပဒေတိမ်းစောင်းပြီး တရားဥပဒေ စိုးမိုးရေးကို အထောက်အကူ ပြုနိုင်မည် မဟုတ်ပါ။ ဥပဒေမဲ့ မင်းမဲ့ စရိုက်ဖြင့် စိတ်ထင်တိုင်း ထုတ်ပြန်သည့် ဥပဒေ၊ အမိန့်အာဏာ ညွန်ကြားချက် ဘေးအန္တရာယ်မှ ကင်းဝေးကြပါစေ။
 
ဦးမျိုး (ဥပဒေ)

Arakan Review ဆိုဒ်မှ ကူယူထားပါသည်။

No comments:

Post a Comment