Monday 29 August 2011

ဒို့ခေတ်ကိုတော့ ရောက်ရမည်မှာ ဧကန်မလွဲပါ

" ဖိနှိပ်မှုရှိရင် တွန်းကန်မှု" ရှိစမြဲဆိုတဲ့အတိုင်း အာဏာရ ဗမာအုပ်ချုပ်သူတွေက ရခိုင်လူထုကို နည်းမျိုး ပေါင်း စုံနဲ့ ကြမ်းကြမ်း တမ်းတမ်း ဖိနှိပ်အုပ်ချုပ်နေတဲ့အတွက် ရခိုင်အမျိုးသားတွေအကြားမှာ မခံမရပ်နိုင်မှုနဲ့ မကျေ နပ်မှုတွေဟာ အတိုင်းအဆမရှိ ကြီးမား ကျယ်ပြန့်လာနေပါပြီ။

ပြည်တွင်းမှာရော ပြည်ပမှာရော ဘယ်နေရာ ဘယ်ဒေသကိုဘဲ ရောက်ရောက် ဗမာအုပ်ချုပ်သူတွေကို မုန်းတီးရေးစိတ်တွေ၊ မိမိတိုင်းပြည်ကို မိမိပြန် အုပ်ချုပ်လိုချင်တဲ့ စိတ်တွေ၊ ရတဲ့နည်းနဲ့ ဗမာအုပ်ချုပ်သူတွေကို ဆန့်ကျင်တော်လှန်ရမယ်ဆိုတဲ့ စိတ်တွေ တဖွားဖွားနဲ့ ပေါ်ပေါက်လို့လာနေပါပြီ။ တချိန်က ဗမာ အုပ်ချုပ်သူတွေကို အကောင်းမြင်ခဲ့တဲ့ ရခိုင်တွေတောင် အခုအချိန်မှာ ဗမာ အုပ်ချုပ်သူတွေရဲ့ နိုင်ထက်စီးနှင်း အုပ်ချုပ်နေမှုကြောင်း အတွေးအခေါ်တွေ ပြောင်းလဲ လာခဲ့ပြီး ဗမာ အုပ်ချုပ်သူတွေအပေါ် အကောင်းမမြင်တော့ပါဘူး။ 
လက်တွေ့အရ ဗမာ အုပ်ချုပ်သူတွေက ရခိုင်လူထုကို အသားကုန် ဖိနှိပ်အုပ်ချုပ်နေတာတွေဟာ ဘယ်သူမှ သည်းခံနိုင်လောက်တဲ့ အခြေအနေမှာ မရှိတော့ပါဘူး။

အုပ်ချုပ်သူ ဗမာတွေရဲ့ အောက်မှာ ရခိုင်လူမျိုးတွေရဲ့ ဘဝအခြေအနေ ဖြစ်ပျက်နေတာတွေကို မျက်ဝါး ထင်ထင် မြင်တွေ့လာရပြီးတဲ့ နောက်ပိုင်းမှာ " ဒင်းတို့"လုပ်ရက်လေခြင်း ဆိုပြီး ရင်ထုမနာ ဖြစ်နေ ကြတာက ရခိုင်တမျိုးသားလုံးပါဘဲ။
စားစရာ မရှိ၊ နေစရာ မရှိ၊ ဝတ်စရာ မရှိ ဖြစ်နေကြရတဲ့ ရခိုင်ပြည်သူတွေရဲ့ ဘဝဟာ ဗမာ အုပ်ချုပ်သူတွေက တရား ဖိနှိပ် ဂုတ်သွေးစုတ် အုပ်ချုပ်နေတဲ့အတွက် ဖြစ်တယ်ဆိုပြီး လူတိုင်း သိမြင်ကြကုန်ပါပြီ။

မြန်မာပြည် လွတ်လပ်ရေးတာ နှစ်ပေါင်း ၆၃ နှစ်ရှိခဲ့ပြီး ဖြစ်ပေမယ့် ရခိုင်ပြည်မှာ ဒီနေ့ထက်ထိ စက်ရုံတစ်ရုံ တည်ဆောက်ပေးတာ မရှိသေးပါဘူး။
၃ နာရီထက် လျှပ်စစ်မီးရတာ မရှိဘူး။ 
စီးပွားရေးအတွက် အခြေခံ အဆောက်အအုံတွေ မရှိသေးဘူး။
ဒီလို အခြေအနေမျိုးမှာတခါ စစ်တပ် တပ်ရင်းတွေကို ရခိုင်လူထုကို ဖိနှိပ်ဖို့ ရည်ရွယ်ချက်နဲ့ တပ်စွဲချထားပြီး လယ်တွေကို သိမ်းတယ်။ 
လူထုတွေကို နှိပ်စက်တယ်။
လယ်မြေက ရလာတဲ့ စပါးတွေကို လွတ်လပ်စွာ ရောင်းဝယ်ဖေါက်ကားခွင့် မရဘူး။ 
စီးပွားရေး အရ နေရာတိုင်းမှာ ဗမာ အုပ်ချုပ်သူ တွေက လက်ဝါးကြီး အုပ် ချယ်လှယ်ထားတယ်။ တဝမ်းတခါးအတွက် ရခိုင်လူထုတွေ တောင်ကိုတက်လို့ မရဘူး။
ငါးရှာဖို့ ချောင်းထဲ မြစ်ထဲ ဆင်းလို့ မရဘူး။
အားလုံးကို နိုင်ငံတော်ကို ခေါင်းစဉ်တပ် ကန်ထရိုက် ပေးပြီး ငှားရမ်းထားတယ်။
ရခိုင်ပြည်က ထွက်ရှိတဲ့ ဂတ်စ်တွေကိုလည်း တရုတ်အပါအဝင် အိမ်နီးချင်း နိုင်ငံတွေကို ဒေါ်လာ သန်းပေါင်း မြောက်များစွာနဲ့ ရောင်းစားထားတယ်။ 

ရခိုင်ပြည်သူတွေ အတွက် ရရှိလာတဲ့ငွေတွေထဲက တပြားတချပ်ကိုမှ အသုံးပြုတာ မရှိဘူး။
ဒါ့အပြင် သစ်တောတွေ၊ ရေပြင်တွေ အားလုံးကိုလည်း လက်ညိုးထိုး ရောင်းစားထားတယ်။ 
ယဉ်ကျေးမှုအရလည်း ဗမာတွေကိုသာ အထင်ကြီးအောင် ပြုလုပ်ထားတယ်။

ကိုယ့်စာပေကို ကိုယ်သင်ကြားခွင့်မရဘူး။ 
ကိုယ့်သမိုင်းကိုယ် သင်ကြားခွင့် မရဘူး။ 
ရခိုင်စကားကို ရခိုင်ပြည်နယ်က ရုံးတွေမှာ သုံးခွင့် မရဘူး။
အခုအချိန်ထိ တီဗွီ ရုပ်သံလိုင်းကိုထား ရခိုင်ရေဒီယို ဆိုတာတောင် မရှိသေးဘူး။
ခုလို နေရာတိုင်းမှာ အနှိမ်ခံနေရ၊ ဖိနှိပ်ခံရတော့ နာကျည်းစိတ်တွေ ပြင်းထန်ပြီး ရခိုင်အမျိုးသားတွေရဲ့ အမျိုး သားရေး စိတ်ဓါတ်ဟာ နယ်နမိတ်မရှိ ကျယ်ပြန့်သထက် ကျယ်ပြန့် လာခဲ့တာ ဖြစ်ပါတယ်။

Narinjara.com
၂၀၁၀ ခုနှစ်ရွှေးကောက်ပွဲကို ပြန်ကြည့်ပါ။
ပြည်သူတွေ ဘယ်အတိုင်းအတာထိ နားကျည်း နေသလဲဆိုတာ လူတိုင်း သဘောပေါက် နိုင်တယ်။ နအဖ စစ်အစိုးရက ဓါးမိုးပြီး သူတို့ပါတီ ကြံ့ဖွတ်ကို မဲထည့် ခိုင်းတာတောင် မဲမ ထည့်ဘဲ ရခိုင်ပါတီကို မဲထည့်ခဲ့ကြတယ်။ 

ဘယ်အတိုင်းအတာထိ ရခိုင်ပြည်သူတွေက ဗမာ အုပ်ချုပ်သူ တွေကို နာကျည်းနေသလဲဆိုတာကို လူတိုင်း သိသာထင်ရှားစွာ မြင်နိုင်တယ်။
ရခိုင်ပါတီကို မဲပေးတာဟာ သူတို့တော်လို့ တတ်လို့ စည်းရုံးရေးကောင်းလို့ မဟုတ်ဘူး။ ဗမာ အုပ်ချုပ်သူတွေကို လုံးဝ သောက်မြင် ကပ်နေတဲ့ အတွက် ဖြစ်ပါတယ်။
ခုလို မဲပေးတာဟာ ဗမာ အုပ်ချုပ်သူတွေကို မလိုတော့ဘူးဆိုတာကို ထုတ်ဖေါ် ပြသလိုက်တာ ဖြစ်တယ်။ တနည်းအားဖြင့် ပြောရင် " မင်းတို့ ဗမာ အုပ်ချုပ်သူတွေ နှိပ်စက်တာတွေ များနေပြီ မင်းတို့ကို ရခိုင်ပြည်မှာ အလိုမရှိတော့ဘူး" ဆိုတာကို ရခိုင်တွေက တသံတည်း ထုတ်ဖေါ်ပြသလိုက်တာ ဖြစ်တယ်။
ဒါ့ပြင် ရခိုင် လူငယ်တချို့ ဗုံးခွဲဖို့ ကြံစည်မှုနဲ့ ရန်ကုန်မှာ အဖမ်းခံရတာတွေကို ပြန်ကြည့်ပါ။
ဗမာ အုပ်ချုပ်သူတွေရဲ့ ဖိနှိပ်မှုကို မကျေနပ်တဲ့အတွက် ဒီလို ပေါက်ကွဲမှုတွေ ဖြစ်လာရတာ ဖြစ်တယ်။ အသက် စွန့်ပြီး ဗုံးခွဲဖို့ထိ ကြံစည် ကြိုးစားလာကြတာ ဖြစ်ပါတယ်။

ရခိုင်တွေဟာ ဗုဒ္ဓဘာသာ ဝင်တွေပါ။
ဒီလို လုပ်ရပ် တွေကို ဘယ်သူမှ မလိုလား အားမပေးခဲ့ကြပါဘူး။
ဒါကြောင်းလည်း ခုလို ဗုံးခွဲ တိုက်ခိုက်တဲ့ လုပ်ရပ်မျိုး တစ်ခါမှ သမိုင်းမှာ မပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီခေတ်ကာလမှာ ခုလို လုပ်ရပ်တွေ ပေါ်ပေါက် လာတာဟာ နောက်ဆုံး အဆင့် ဗမာ အုပ်ချုပ်သူ တွေရဲ့ လုပ်ရပ်ကို လုံးဝ သည်းမခံတဲ့အတွက် ပေါ်ပေါက် လာရတဲ့ အကျိုးဆက်တွေပါ။
ဒီလို ရခိုင်လူငယ်တွေ သည်းခံလို့ မရအောင်ထိ ဖြစ်လာရအောင်လည်း ရခိုင် လူမျိုးတွေအပေါ် အုပ်ချုပ်သူ ဗမာတွေက ဖက်ဆစ်စနစ်နဲ့ ဖိနှိပ်အုပ်ချုပ်နေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
ခုလို ဖိနှိပ်ရင် နောက်လည်း ဒီလို အလားတူ ကြံစည် ကြိုးစားမှုတွေ ဗမာပြည်မှာ မပေါ်ပေါက်နိုင်ဘူးလို့ ဘယ်သူမှ အာမခံ ပြောနိုင်မှာ မဟုတ်ပါဘူး။

ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေတဲ့ ရခိုင်အမျိုး သားတွေရဲ့ လူပ်ရှားမူကို ကြည့်လိုက်ပါ။
၂၀၁၀ ခုနှစ် ဒီဇင်္ဘာ လ ၃၁ ရက်နေ့ ရခိုင်ပြည် အချုပ်အချာ အာဏာ ကျဆုံးတဲ့နေ့မှာ အမေရိကန် နိုင်ငံ နယူးယောက်မြို့မှာ ရှိတဲ့ ကုလသမဂ္ဂ ရုံးရှေ့မှာ ကိုလိုနီ စနစ်ကို ဖျက်သိမ်းဖို့ တောင်းဆိုခဲ့တဲ့အထိ နိုင်ငံရေး အရ တက်ကြွလာ ခဲ့ကြတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။
ခုလို တောင်းဆိုတဲ့ ဆန္ဒပြပွဲကို ဘယ်ရခိုင် နိုင်ငံရေးပါတီကမှ သူတို့ကို ညွန်ကြားခဲ့လို့၊ စည်းရုံးခဲ့လို့ ပေါ်ပေါက်လာတာ မဟုတ်ပါဘူး။ 
သူတို့ စိတ်ကူးနဲ့ သူတို့ လုပ်ကိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
ခုလို သူတို့ လုပ်တဲ့ လုပ်ရပ်အပေါ်မှာလည်း ရခိုင်အမျိုးသားတွေက တခဲနက် ထောက်ခံ အားပေး ခဲ့ကြပါတယ်။
ခုလို လုပ်ရပ်တွေ ပေါ်ပေါက်လာတဲ့အပေါ်မှာ သုံးသပ် ကြည့်ရင်လည်း ဒီလုပ်ရပ်ဟာ ဗမာ အုပ်ချုပ်သူတွေရဲ့ ရခိုင်ပြည်သူတွေ အပေါ်မှာ တရား လက်လွတ် ဖိနှိပ် အုပ်ချုပ်မှုကြောင့် ပေါ်ပေါက် လာခဲ့ရတာ ဖြစ်ပါတယ်။ 
မခံရပ်နိုင်တဲ့ နောက်ဆုံး ပေါက်ကွဲလာရတဲ့ အကျိုးဆက် ဖြစ်ပါတယ်။ 
တနည်းအားဖြင့် ပြောရရင် ဒီလုပ်ရပ်ကို အမျိုးသားရေးဆိုင်ရာ ပေါက်ကွဲမှုတရပ် အဖြစ်လည်း ရှု့မြင်နိုင်ပါတယ်။

အရင်က ရခိုင်တော်လှန်ရေး နိုင်ငံရေးဆိုရင် လှည့်လို့ တောင် မကြည့်ခဲ့တဲ့ နိုင်ငံတကာရောက် ရခိုင်တွေဟာ အခုအခါ အမျိုးသားရေး စိတ်ဓါတ်တွေ မြင့်တက် ရှင်သန်ကိန်းအောင်းလာပြီး ငါတို့ တိုင်းပြည် ငါတို့ လူမျိုး ကမ္ဘာ ပေါ်မှာ လူမသိသူမသိ ဘဝနဲ့ အဆင်းရဲဆုံးနဲ့ အတိဒုက္ခ အမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့နေရတာဟာ ဗမာ အုပ်ချုပ်သူတွေရဲ့ မတရား ဖိနှိပ်မှုကြောင့်ပါလား ဆိုတာကို လယ်ပြင်မှာ ဆင်သွားသလို ထင်ရှား သိမြင်လာခဲ့ ကြပြီ ဖြစ်ပါတယ်။ 
ဒါကြောင့် ရခိုင်အမျိုးသားတွေဟာ တော်လှန်ရေး နိုင်ငံရေးအပေါ် အထူး အလေးထား အာရုံ စူးစိုက်လာကြတဲ့ အပြင် တော်လှန်ရေး နိုင်ငံရေးကိုလည်း ရှေ့ကထက် ပိုမို ထောက်ခံအားပေးလာကြပါတယ်။ 

အားလုံးကို ခြုံငုံ ပြောရရင်တော့ ရခိုင်တွေရဲ့ အမျိုးသားရေး စိတ်ဓါတ်ဟာ တနည်းအားဖြင့် ပြောရရင် အမျို သား လွတ်မြောက်မှုအပေါ် စိတ်ဝင်စားတဲ့ ဘောင်ဟာ အခုအခါမှာတော့ တဖြည်းဖြည်းနဲ့ ကျယ်ပြန့်သထက် ကျယ်ပြန့်လာနေတာကို တွေ့မြင်နေကြရပါပြီ။
အဲသလို စိတ်ဓါတ်တွေရဲ့ အခြေခံ အုတ်မြစ်တွေအပေါ်မှာ ဦးဆောင်ကြမယ့် တော်လှန်ရေး ခေါင်းတွေက နည်းမှန်လမ်းမှန် နိုင်ငံရေး ပရိယာယ် ကြွယ်ကြွယ်နဲ့ အမျိုးသား စည်းလုံး ညီညွတ်ရေးကို ဦးထိပ်ထားပြီး ဦးဆောင်မူ ပြုနိုင်ကြမယ် ဆိုရင်တော့ မဝေးတော့တဲ့ တစ်နေ့မှာ ရခိုင်အမျိုးသားတွေ မျှော်လင့်နေတဲ့ ရွှေရောင်လွှမ်းတဲ့ ခေတ်ကို မုချမသွေ ရောက်ရှိလာမှာ ဖြစ်ပါတယ်။

(ပြီး) 

နေရဉ္ဇရာမှ ကူယူထားပါသည်။

No comments:

Post a Comment